သုံးရလွယ်ကူစေသည့် Link များ

မြန်မာပြည် အလယ်ပိုင်း ရေပြတ်လပ်မှု အကူအညီများ လိုအပ်


ဒလမြို့နယ်တွင် အပူချိန်မြင့်တက်ပြီး၊ သောက်သုံးရေ ရှားပါးပြတ်လပ်နေခြင်း

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ အပူချိန်မြင့်တက်ပြီး၊ သောက်သုံးရေ ရှားပါးပြတ်လပ်တဲ့အခြေအနေတွေ အလွန်အမင်း ဖြစ်ပေါ်နေပါတယ်။ အခုလို သောက်သုံးရေးရှားပါးတဲ့ ပြဿနာတွေကို အစိုးရအပါအ၀င် ပရဟိတအဖွဲ့အစည်းတွေက အကူအညီတွေပေးနေပေမယ့်လည်း၊ လိုအပ်ချက်တွေရှိနေတဲ့အတွက် နိုင်ငံတကာအကူအညီတွေလိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ အကြီးအကျယ်ရေလွှမ်းမိုးမှုဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းဒေသက နေရာအတော် များများမှာတော့ အခုနှစ်နွေရာသီအတွင်း သောက်သုံးရေ ရှားပါး ပြတ်လပ်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ အခုနှစ်အတွင်း အပူချိန်က အရင်နှစ်တွေထက် ပိုမြင့်တက်ပြီး ၊ မြေအောက်ရေရှားပါးမှုတွေကြောင့် မကွေးတိုင်းဒေသကြီး အတွင်း သောက်သုံးရေး ပြတ်လတ်တာတွေ နေရာအတော်များများမှာ ဖြစ်နေတယ်လို့ မင်းဘူးမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ပြောပါတယ်။

“ရေရှားပါးမှုကတော့ မကွေးတိုင်းအတွင်းမှာ များပါတယ်ခင်ဗျ ၊ ဥပမာအားဖြင့် မြိုင်တို့ ပခုက္ကူ တို့ဘက်မှာ ကျေးရွာတော်တော်များများဟာ ရေရှားပါးမှုနဲ့ ကြုံနေရသလို မကွေးခရိုင်အတွင်းမှာဆိုရင်လည်း မကွေးတို့ ၊နက်မောက်တို့ ၊ ချောက်တို့၊ မြို့သစ်တို့ ဒီနေရာတွေမှာလည်း အများစု အဓိက ကြုံရပါတယ်ခင်ဗျ။”

မကွေးတိုင်းအတွင်း ရေရှားပါးမှု ပြဿနာကို သက်ဆိုင်ရာကျေးလက်ဦးစီးဌာနက ၊ လွှတ်တော် နဲ့ ပရဟိတအဖွဲ့တွေက ပူးပေါင်းပြီး သတ်မှတ်ထားတဲ့ကျေးရွာတွေ အပါအ၀င်၊ တကယ်ရေအခက်အခဲဖြစ်နေတဲ့ ရွာတွေမှာ ရေတွင်းအသစ်တူးတာတွေ အပြင် ၊ တွင်းအဟောင်းတွေကိုပါ ပြန်လည်တူးဖော်နိုင်ဖို့လုပ်ဆောင်နေတယ်လို့ သူကပြောပါတယ်။ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနကတော့ ရေရှားပါးပြတ်လပ်တဲ့နေရာဒေသတွေကို ကွင်းဆင်းကြည့်ရှုပြီး၊ သောက်သုံးရေရရှိဖို့ အကူအညီပေးနေတယ်လို့ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးက ပြောပါတယ်။

“ရေတောင်းတဲ့အဖွဲ့တွေကို ကျနော်တို့ တိုင်းဒေသကြီးဦးစီးမှူးတွေကို လှမ်းပြောလိုက်ပြီးတော့ သူတို့ကိုရေပေး တာတွေ၊ နောက်တခါ ရေတွင်းရေကန် တူးဖို့ကို ကွင်းဆင်းကြည့်ခိုင်းတာတွေ အဲဒီမှာ ဦးစားပေးပြီးတော့ ဆောင်ရွက်သင့်တဲ့ အရာတွေကို ဆောင်ရွက်ဖို့တွေတင်ပြခိုင်းတာတွေ လောလောဆယ်တော့ အဲဒီဟာတွေ လုပ်ခိုင်းထားတယ် ဆရာရေ။ ပြည်နယ်တိုင်း အားလုံးနီးပါးလောက် ကတော့ ကျနော်တို့ကိုတောင်းတယ်။ ကျနော်တို့ကို မတောင်းသော်လည်း ကျနော်တို့ရဲ့ တိုင်းဦးစီးမှူးတွေက သူ့အစီအစဉ် နဲ့သူ ဆောင်ရွက်ပေးနေ တဲ့နေရာတွေရှိပါတယ်။ အထူးသဖြင့်တော့ ဒီမကွေးတို့၊ မန္တလေးတို့ ၊ စစ်ကိုင်းတို့ နောက်ပြီး ဧရာဝတီတိုင်းလည်း တောင်းခံချက်တွေရှိပါတယ်။ ကျန်တဲ့ပြည်နယ်တိုင်းတွေလည်းတောင်းတယ်။ ကျနော်က များတဲ့ဟာတွေကိုပြောလိုက်တာပါ။”

အခုလောလောဆယ်မှာတော့ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတကာရဲ့ အကူအညီကို ရယူထားတာမရှိဘူးလို့ သူကပြောပါတယ်။

မိုးလေ၀သ နဲ့ ဇလဗေဒဦးစီးဌာနကတော့ လာမယ့်ရက်ပိုင်းတွေ အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းမှာ နေရာကွက်ကြားမိုးရွာနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း မုတ်သုန်မိုးရွာသွန်းနိုင်ဖို့ အတွက် ကတော့ မေလကုန်လောက်မှ ဖြစ်လာ ဖို့ရှိတယ်လို့ မိုးဇလဌာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

“နောက်ထပ် ၁၂ ရက်ကနေ ၁၅-၁၆ ရက်နေ့အထိက မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေရယ်၊ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတချို့မှာတော့ မိုးအနည်းငယ်ရနိုင်မယ်ပေါ့နော်။ လောလောဆယ်တော့ မုတ်သုံအားက သိပ်မပြသေးပါဘူး။ မပြသေးတဲ့အနေအထားတွေရှိတယ်။ အဓိကတော့ ဒီအလယ်ပိုင်းတွေမှာ ကျနော်တို့ဒီ ရေပြတ်လပ်မှုကို ဇွန်လလောက်ဆိုရင်တော့ လျှော့နည်းသွားမယ့်အနေအထားတွေရှိပါတယ်။ မုတ်သုံကလည်း မြန်မာနိုင်ငံတောင်ပိုင်းမှာ ကျနော်တို့ခန့်မှန်းထားတာကတော့ ဒီ ၁၃ ရက်နေ့ကနေပြီးတော့ ၁၉ ရက်အတွင်းပေါ့နော် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်တွေ မှာတော့ ၂၀ ကနေ ၂၅ လောက်အထိ ခန့်မှန်းထားပြီးမှ မြန်မာနိုင်ငံ အလယ်ပိုင်းကိုတော့ ဒီလကုန်လောက် ၀င်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။”

လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာကို အစိုးရအပါအ၀င် အဖွဲ့အစည်းအသီးသီးက ပူးပေါင်းပြီး ကူညီဆောင်ရွက်နေပေးမယ့်လည်း ၊ လိုအပ်ချက်တွေကို ပြည့်မှီနိုင်ခြင်းမရှိသေးဘူးလို့ ဦးနေမျိုးကျော်က ပြောပါတယ်။

“တကယ်တန်းတော့ ဖြစ်ပွားတဲ့နှုန်း၊ ထိခိုက်မယ့်နှုန်း ဆိုတော့ ရေရှားပါးမှုကြုံတွေ့ရတဲ့ ဒေသနဲ့ ကုစားချက်ကတော့ မပြည့်မှီသေး ဘူးပေါ့ဗျာ။ ဒါတွေက နိုင်ငံတကာအဖွဲ့အစည်းတွေလည်း ၀င်ရောက်ကူညီဖို့ လိုအပ်တယ်လို့ ကျနော်တို့ပြောချင်တယ်ဗျ။”

နှစ်စဉ်နှစ်တိုင်းလိုလို အခုလိုနွေရာသီအတွင်း ရေရှားပါးမှုကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲပြဿနာဖြစ်လာနိုင်တာကြောင့် ၊ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အစိုးရအပါအ၀င် လူမှုရေးအသင်းအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေနဲ့ လုပ်ဆောင်သင့်တယ်လို့ ဦးနေမျိုးကျော်ကပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ စစ်အစိုးရသက်တမ်းတလျှောက် နိုင်ငံတ၀ှမ်းမှာ ဆည်တွေအတော်များများ တည်ဆောက်ခဲ့ပေမယ့်လည်း ၊ ဆည်ရဲ့ တည်နေရာအနေအထားတွေကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ သောက်သုံးရေးရှားပါးတဲ့ ပြဿနာကိုဖြေရှင်းနိုင်ခြင်းမရှိဘူးလို့ ပြောပါတယ်။

XS
SM
MD
LG