သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ လာမယ့် ၂ ရက်အတွင်း အပူချိန်ပြင်းထန်နိုင်


ရန်ကုန်နေပူပူအောက် သွားလာနေကြသူများ (ဧပြီ ၂၅၊ ၂၀၂၄)
ရန်ကုန်နေပူပူအောက် သွားလာနေကြသူများ (ဧပြီ ၂၅၊ ၂၀၂၄)

လာမယ့် ဧပြီလ ၂၇၊ ၂၈ ရက်နေ့တွေမှာ နေ့အပူချိန် ပိုပြင်းလာနိုင်တာမို့ သတိထားနေထိုင်ကြဖို့ မိုးဇလဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ စံချိန်တင် အပူမြင့်တာတွေ ဖြစ်လာနိုင်တာမို့ နောက်ဆက်တွဲအနေနဲ့ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာအပြင် မိုးကြိုးပစ်ခံရတာတွေ ရှိလာနိုင်တယ်လို့ သတိပေးပါတယ်။ ကျန်းမာရေးပညာရှင်တွေကတော့ ဒီရာသီဥတု အခြေအနေကြောင့် ကျောက်ကပ် ထိခိုက်လာနိုင်မှု၊ ရေဓါတ်ခမ်းခြောက်မှုတွေ ဖြစ်လာနိုင်တာမို့ ရေများများသောက်ကြဖို့နဲ့ အပူကြီးတာရဲ့နောက်ဆက်တွဲ ကိုယ်အပူချိန်မြင့်ပြီး သတိလစ်တဲ့အထိ ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး မမြသဇင်အောင်က တင်ပြပေးပါမယ်။

အယ်လ်နီညိုရာသီအကျိူးဆက်အဖြစ်နဲ့ အပူချိန်မြင့်မားတဲ့ဒဏ်ကို မြန်မာနိုင်ငံမှာတင်မဟုတ်ဘဲ အရှေ့တောင်အာရှ အပါအဝင် အာရှနိုင်ငံတော် တော်များများ ရင်ဆိုင်နေရတာပါ။ အပူချိန်မြင့်တက်မှု နောက်ဆက်တွဲ သက်ရောက်မှုတွေကို သတိထားကြဖို့လည်း အာရှနိုင်ငံတော်တော် များများမှာ သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ မြန်မာနိုင်ငံအလယ်ပိုင်းက ချောက်မြို့ဟာ ကမ္ဘာ့အပူဆုံးနေရာ တခုအနေနဲ့ သတ်မှတ်ခံရတဲ့အထိ နေ့အပူချိန်တွေ ပြင်းထန်နေတာပါ။

လာမယ့် ဧပြီ ၂၇၊ ၂၈ ရက်နေ့တွေမှာ နေ့အပူချိန် ပိုပြင်းလာနိုင်ဖွယ်ရှိတာမို့ ပိုပြီးသတိထားနေနိုင်ဖို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှုး ဦးကျော်မိုးဦး က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ခုချိန်ထိတော့ အပူလှိုင်းပုံစံ မရှိသေးဘူးပေါ့။ နေ့အပူချိန်တွေကတော့ ၂၇၊ ၂၈မှာ မြင့်နိုင်မယ့်အနေအထား ရှိတာပေါ့။ ဘာကြောင့်ဆို မိုးရွာပြီးတော့ ပြန်ပူလာမယ့် အနေအထားပေါ့။ ဒီကာလတွေကတော့ ကျနော်တို့က နေ့အပူချိန်မြင့်ပြီး ဒီကာလတွေမှာ မိုးရွာမယ်၊ ပြီးပြန်ပူလာမယ်ပေါ့။ အဲလိုဖြစ်နေတာပေါ့။”

စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းတွေမှာ အမြင့်ဆုံး ပူပြင်းနိုင်ဖွယ်ရှိနေတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လလယ်လောက်ကစပြီး အပူချိန် မြင့်တက်လာတာဖြစ်ပြီး မတ်လကုန် ဧပြီလအစပိုင်းမှာ အမြင့်ဆုံး အပူချိန်တွေအနေနဲ့ နေ့အပူချိန် စံချိန်သစ်တင်တဲ့ ဒေသတွေရှိခဲ့ပါတယ်။ ဒီဒေသတွေကတော့ ချောက်၊ ဇောင်းတူ၊ ရေးမြို့နယ်တို့ဖြစ်တယ်လို့ မိုးဇလကထုတ်ပြန်ထားပါတယ်။ ရေးမြို့နယ်ဟာ နှစ်ပေါင်း ၆၀အတွင်း အမြင့်ဆုံးအပူချိန် စံချိန်တင်ခဲ့ပြီး ၃၉ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်အထိရှိ ခဲ့တာပါ။ ချောက်မြို့ဟာ လည်း နှစ်ပေါင်း ၅၆ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ပြီး နေ့အပူချိန်ဟာ ၄၅ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ် ထိရှိခဲ့ပါတယ်။ ဇောင်းတူမြို့ရဲ့ နေ့အပူချိန် စံချိန်သစ်ကတော့ နှစ်ပေါင်း ၃၇ နှစ်အတွင်း အမြင့်ဆုံးအပူချိန်ဖြစ်ခဲ့ကာ ၄၀ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်ထိရှိခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

စံချိန်တင် အပူမြင့်တာတွေ ဖြစ်လာနိုင်တာမို့ နောက်ဆက်တွဲအနေနဲ့ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာအပြင် မိုးကြိုးပစ်ခံရတာတွေ ရှိလာနိုင်တယ်လို့ သတိပေးပါတယ်။

“အပူချိန်မြင့်လာရင် မွန်းလွဲညနေပိုင်းတွေမှာ မိုးတိမ်တောင်ဖြစ်လာမယ်၊ မိုးတိမ်တောင်ဖြစ်လာလို့ မိုးကြီးမယ့်အနေ အထားတော့မရှိဘူးပေါ့။ မိုးသီးကြွေတာ လေပြင်းတိုက်တာတို့ ဖြစ်နိုင်တယ်။ လျှပ်စီးနဲ့ မိုးကြိုးပစ်တာတို့ ဒီဖြစ်စဉ်တွေဖြစ်လာနိုင်တယ်။ နောက်တခုက တော့ မုတ်သုံမဝင်ခင် ကြားကာလဖြစ်တဲ့အခါကျတော့ အပြောင်းအလဲများတဲ့ ကာလမျိုးလဲဖြစ်တော့ ဒီကာလတွေမှာတော့ လျှပ်စီးလက်တာ မိုးကြိုးပစ်တာကို သတိပြုသင့်တယ်။ လေပြင်းတိုက်တာ မိုးသီးကြွေတာတို့ကိုလည်း ကြိုပြီးသတိပြုသင့်တယ်။”

မနေ့က နေ့လည်ပိုင်းမှာလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မှာ လေပြင်းတိုက်ခတ်ခံရပြီး နေအိမ်တချို့ပျက်ဆီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီ ၂၄ရက် နေ့လယ်က မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်နဲ့ မင်းလှမြို့တို့မှာလည်း မိုးရွာပြီး လေပြင်း တိုက်ခတ်ခဲ့တာ ရှိခဲ့ပါတယ်။ နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ပဲခူးတိုင်းတို့မှာ ဒီရက်ပိုင်းအတွင်း နေ့အပူချိန် အနည်းငယ် တိုးလာနိုင်တယ်လို့လည်း ပြောပါတယ်။

ကျန်းမာရေးပညာရှင်‌ဒေါက်တာ ကျော်မင်းထွန်းကတော့ ဒီရာသီဥတုအခြေအနေကြောင့် ကျောက်ကပ် ထိခိုက်လာနိုင်မှု၊ ရေဓါတ်ခမ်းခြောက်မှု တွေဖြစ်လာနိုင်တာမို့ ရေများများသောက်ကြဖို့နဲ့ အပူကြီးတာရဲ့နောက်ဆက်တွဲ ကိုယ်အပူချိန်မြင့်ပြီး သတိလစ်တဲ့အထိ ရှိနိုင်တယ် လို့ သတိပေးပါတယ်။ ဒီကာလမှာ ရေဓါတ်မဆုံးရှုံးရအောင် ရေများများသောက်တာ၊ ဓါတ်ဆားသောက်တာ၊ အုန်းရေသောက်တာမျိုးတွေ လုပ်ပေးဖို့ ပူပြင်းတဲ့ နေ့လည်ပိုင်းမှာ ရေချိုးတာ၊ ရေဖြန်းထားတဲ့ သမံတလင်းပေါ်အိပ်တာ၊ ရေဖြန်းအဝတ်ကို ကိုယ်မှာပတ်အိပ်တာမျိုးတွေ မလုပ်ဖို့ သတိပေးပါတယ်။

“ဖျားမယ်။ ပထမဆုံးကတော့ နုံးမယ်။ ကြွက်တက်မယ် ခြေဖျားလက်ဖျားတွေအေးမယ်။ ကိုယ်လက်ကိုက်မယ်။ ပင်ပန်းမယ် နွမ်းနယ်မယ်။ ကြောက်တာက အပူကြောင့်ဖြစ်တဲ့ တက်တာမျိုးပေါ့၊ အထူးသဖြင့်အပူချိန် ၁၀၃ အထက်ပေါ့နော် အဲချိန်စောင့်တက်ပြီးသတိလစ်တာမျိုးပေါ့ အဲဒါမျိုးတွေကြုံတွေ့ရနိုင်တယ်။ အဲလိုဖြစ်လာရင် အသက်အန္တရာယ် ဆုံးရှုံးနိုင်တဲ့အထိကို ဖြစ်လာနိုင်တယ်။ အဲဒါတွေဂရုစိုက်ဖို့လိုအပ်တယ်။ အထူးသဖြင့် အသက်ကြီးပိုင်း၊ နာတာရှည်ရောဂါအခံရှိသူတွေနဲ့ အသက်ငယ်သေးတဲ့ကလေးတွေ၊ နာတာရှည် ကျောက်ကပ်ရောဂါသမားတွေပေါ့။”

အပူချိန်မြင့်တက်တဲ့ဒဏ်ကို လတ်တလောမှာ မြန်မာနိုင်ငံတခုထဲ ခံစားနေရတာ မဟုတ်ပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေအပြင် အာရှနိုင်ငံ တွေမှာပါ ဒီဒဏ်ကိုခံစားနေရတာပါ။ မြန်မာနိုင်ငံသား အများအပြားနေထိုင်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း အခုရက်ပိုင်းအတွင်း အပူဒဏ်ကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြကြသလို ဘင်္ဂလားဒေရှ့်နိုင်ငံမှာလည်း အပူလှိုင်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG