သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကို့လို့ကန့်လန့် ဖြစ်နေတဲ့ အခြေခံဥပဒေ


ဒီမိုကရေစီလမ်းကြောင်းမှာ ကိုးလိုးကန့်လန့်ဖြစ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ မူကြမ်းကို မကြာမီ ကျင်းပပြုလုပ်မယ့် လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဦးသိန်းစိန်အစိုးရက ပြုပြင်ရေးအစီအစဉ်လုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်အောင် လမ်းခင်းပေးချိန်ကစပြီး အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆွေးနွေးကြပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲပြီးလို့ တနှစ်အကြာ ၂၀၁၃ မေလမှာ Sydney တက္ကသိုလ်ဥပဒေဌာနက ကြီးမှုးပြီး အခြေခံဥပဒေရေးရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မှာ ကျင်းပပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ကိုးရိုးကားယား ဖြစ်နေပုံကို ပညာရှင်တွေက ထောက်ပြပါတယ်။ အစိုးရဌာန (၆) ခု၊ နိုင်ငံရေးပါတီ (၉) ခု၊ တက္ကသိုလ် (၄) ခု၊ စာနယ်ဇင်း (၆) ခု နဲ့ NGO အဖွဲ့ (၁၄) ဖွဲ့က ကိုယ်စားလှယ် (၈၀) ကျော် ပါဝင်ဆွေးနွေးကြပါတယ်။

ဒီအလုပ်ရုံ ဆွေးနွေးပွဲပြီးလို့ (၂) လအကြာ ၂၀၁၃ ဇူလိုင်လမှာ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး (၁၀၉) ဦး လွှတ်တော်ကော်မတီကို ဖွဲ့စည်းပါတယ်။ ၂၀၁၄ ဖေဖေါ်ဝါရီလရောက်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု (၃၁) ဦး ကော်မတီကို ဖွဲ့ပါတယ်။ ပြည်ခိုင်ဖြိုးပါတီက (၁၂) ဦး၊ စစ်တပ်ကိုယ်စားလှယ် (၇) ဦး၊ NLD က (၂) ဦးနဲ့ အခြားပါတီတွေရဲ့ ကိုယ်စားလှယ် (၁၀) ဦး ပါဝင်ပါတယ်။

ဒီအတောအတွင်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD ပါတီက လက်မှတ်ကောက်ယူရာမှာ လက်မှတ်ထိုး ထောက်ခံသူ (၅) သန်းကျော်၊ လူဦးရေရဲ့ (၁၀) ရာခိုင်နှုန်း ရရှိပါတယ်။ အခြေခံဥပဒေ အပိုဒ် (၄၃၆) မှာ လွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးနိုင်သူအားလုံးရဲ့ ထက်ဝက်ကျော် ထောက်ခံမှသာ ပြင်ဆင်နိုင်မယ်လို့ ဆိုပါတယ်။ ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းကျော်ရရှိဖို့ စစ်တပ်ကိုယ်စားလှယ်က ထောက်ခံဖို့ လိုနေပါတယ်။ NLD ကတော့ ပြည်သူ့ကိုယ်စားလှယ်ကို ဦးစားပေးပြီး ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်ဦးရေရဲ့ သုံးပုံနှစ်ပုံ (သို့မဟုတ်) ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ထက်ဝက်ကျော်က ပြင်ဆင်ဖို့ သဘောတူပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ထက်ဝက်ကျော် မဲပေးရင် ပြင်ဆင်ဖို့ အကြံပြုနိုင်ကြောင်း သိရပါတယ်။

ဒါပေမဲ့ ကာချုပ်က စေလွှတ်ထားတဲ့ စစ်တပ်ကိုယ်စားလှယ် သဘောတူမှ အခြေခံဥပဒေ ပြင်ဆင်နိုင်မှာဖြစ်တဲ့ ပုဒ်မ (၄၃၆) နဲ့ မိသားစုထဲမှာ နိုင်ငံခြားသားရှိနေရင် သမ္မတ မလုပ်ရလို့ ပိတ်ပင်ထားတဲ့ ပုဒ်မ (၅၉) ပြင်ဆင်ရေးကို စစ်တပ်ကိုယ်စားလှယ်တွေက ဆန့်ကျင်ကြပါတယ်။ ပုဒ်မ (၅၉) ကို မပြင်နိုင်ရေင် ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတဖြစ်နိုင်ဖို့ အလားအလာ မရှိပါဘူး။ ပုဒ်မ (၅၉) ကို ပြင်လိုသူ (၅) ဦးသာ (၃၁) ဦး ကော်မတီထဲမှာ ရှိပါတယ်။ ပြင်ဆင်ရေးကိစ္စ အောင်မြင်ဖို့ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်မှာ မူတည်တယ်လို့ ဦးရွှေမန်း က နိုဝင်ဘာလ (၁၈) ရက်နေ့ ပြောဆိုပါတယ်။ ဦးသိန်းစိန်ကတော့ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စမှာ လွှတ်တော်ဟာ တာဝန်အရှိဆုံးလို့ ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အတိအလင်း ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စကို ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့ ခက်ခဲနေပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပုဒ်မ (၄၃၆) နဲ့ (၅၉) ကို မပြင်နိုင်ကြောင်း ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားပါတယ်။ ဒါကြောင့် စစ်တပ်ကိုယ်စားလှယ်တွေကလည်း ဒီအတိုင်း ရပ်တည်ကြတာ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်း လွှတ်တော်မှာ ပြင်ဆင်ကြဖို့ ဦးသိန်းစိန်က ပြောသွားပါတယ်။ စစ်တပ်ကိုယ်စားလှယ် သဘောမတူရင် အခြေခံဥပဒေကို မပြင်နိုင်အောင် လုပ်ထားတာဟာ စစ်တပ်ကို တိုင်းသူပြည်သား အထင်မှားအောင်လုပ်တဲ့ သဘောဖြစ်နေလို့ ပုဒ်မ (၄၃၆) ကို ပြင်ဆင်ဖို့ စစ်တပ်ဖက်က လိုက်လျောသင့်တယ်လို့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် အငြိမ်းစားဗိုလ်မှုးကြီး ဦးစံပြည် က လွှတ်တော်မှာ ဆွေးနွေးသွားပါတယ်။ စစ်တပ်ကို ပြည်သူတွေ ယုံကြည်လေးစားအောင် ပြည်သူ့ကိုယ်စားလှယ်တွေကို အနိုင်မကျင့်ဖို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

အခြေခံဥပဒေမူကြမ်းကို ၂၀၀၈ ဧပြီလ (၉) ရက်နေ့မှာ စစ်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပြီး (၂၁) ရက်မှာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီမြစ်ဝကျွန်းေါ်မှာ လူဦးရေ ၁၅၀,၀၀၀ခွဲ သေဆုံးပြီး ၂,၅၀၀,၀၀၀ ဒုက္ခရောက်ခဲ့သွားပါတယ်။ မုန်တိုင်းကျပြီး တပတ်အကြာ မှာ ပြည်သူ့ဆန္ဒကောက်ယူပွဲကို မဖြစ်မနေ ကျင်းပပြီး (၉၀) ရာခိုင်နှုန်းကျော် ထောက်ခံတယ်လို့ ကြေညာပါတယ်။ ဦးသန်းရွှေအဖို့ အရပ်သားတွေ သေကျေပြီး ဒုက္ခရောက်ခဲ့တာ အရေးမကြီးဘဲ အခြေခံဥပဒေကို အတည်ပြုဖို့သာ အရေးကြီးနေပါတယ်။

ပြည်ထောင်စုလွှတ်တော် ပေါ်ပေါက်လာတဲ့အခါ ကိုယ်စားလှယ် (၈၂) ရာခိုင်နှုန်းဟာ ဘွဲ့ရသူတွေ ဖြစ်နေပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး အပါအဝင် ဒီလို ပညာတတ်ကိုယ်စားလှယ်တွေထဲမှာ ပြောင်းလဲလာတဲ့ အခြေအနေနဲ့ မကိုက်ညီတော့တဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်လိုသူတွေ ရှိပါတယ်။ ပြုပြင်ရေးမှာ ကိုးလို့ကန့်လန့် ဖြစ်နေတဲ့ အခြေခံဥပဒေကို မပြင်နိုင်ရင် အနာဂတ်အလားအလာ မကောင်းတာကို သိကြပါတယ်။ မတူညီရင် ဖယ်ထုတ်တဲ့နည်းလမ်းကို စွန့်ပစ်ပြီး စေ့စပ်ဆွေးနွေးပြီး အဖြေရှာတဲ့ နိုင်ငံရေးဓလေ့ကို ကျင့်သုံးနေပါတယ်လို့ နှစ်ဆန်း (၁) ရက်နေ့ မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန် ပြောသွားပေမယ့် လက်တွေ့ အကောင်အထည် ဖော်ဖို့ကြတော့ အလွန်ခက်ခဲနေပုံ ရပါတယ်။

XS
SM
MD
LG