ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာတော့ ရှစ်လေးလုံးကာလ စစ်အစိုးရအနေနဲ့ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကျားရှင်တို့နဲ့ အပေးအယူ လုပ်ခဲ့တာဟာ နောင် ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာနိုင်တယ်ဆိုတဲ့အချက်ကို ထည့်မစဉ်းစားဘဲ ဆူလွယ်နပ်လွယ် သဘောမျိုး လုပ်ခဲ့တာလား၊ နိုင်ငံရေး ပြေလည်မှုမရှာဘဲ ဘာကြောင့် စစ်ရေး စီးပွားရေး အခွင့်အရေးတွေ ပုံအောပေးခဲ့ရသလဲဆိုတာကို ထိုစဉ်က စစ်ထောက်လှမ်းရေးအရာရှိ ဦးအောင်လင်းထွဋ် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ ထိုစဉ်က ဗကပတပ်မှူး ဦးဖုန်ကျားရှင်နဲ့ စတင် ဆက်သွယ်ဖြစ်ခဲ့ပုံကို ဦးအောင်လင်းထွဋ် ကအခုလိုစပြောပါတယ်။
ဦးအောင်လင်းထွဋ် ။ ။ ၈၈ နောက်ပိုင်း မိုင်းယန် တိုက်ပွဲမှာ ဗကပတွေရဲ့ ရည်မှန်းချက်က သံလွင်မြစ်အရှေ့ခြမ်း သိမ်းပိုက်ရေးဆိုတာ ပျောက်သွားပြီး၊ ဗကပ အတွင်းပိုင်းမှာလည်း ခေါင်းဆောင်မှုအပိုင်းကို မယုံကြည်တဲ့အပိုင်းတွေ ဖြစ်လာတယ်။ နောက်တချက်က တရုတ်ပြည်ကလည်း ဗကပကို ထောက်ခံမှုက သိသိသာသာ လျော့ကျသွားတယ်။ နောက်ပိုင်းမှာ လုံးဝမပေးတဲ့ အနေအထားမျိုးရှိတယ်။ ပြန်ကောက်ရရင်တော့ မိုင်းယန်တိုက်ပွဲမှာ ကျသွားတဲ့အချိန်အခါမှာ ကျနော်တို့ ပြည်တွင်းမှာလည်း ၈၈ အရေးအခင်းနဲ့ အခြေအနေက ဆိုးနေတဲ့ အချိန်အခါမျိုးမှာ လော်စစ်ဟန်ကတဆင့် ..အဲဒီအချိန်မှာ လော်စစ်ဟန် ပါလာပါပြီ။ ဖုန်းကြာရှင်တို့က ဗမာအစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ချင်တယ်။ ဒါပေမဲ့ သူတို့အနေနဲ့ အရင်ဗမာအစိုးရ ဦးနေဝင်းလက်ထက်က ပေါ်လစီမျိုးလို လက်နက်ချရမယ့် ပေါ်လစီမျိုးကိုတော့ မလိုချင်ဘူး။ တခြားနည်းလမ်း သူတို့နဲ့ ငြိမ်းချမ်းရေး လုပ်ပေးနိုင်မလဲ။ အဲဒီလို ငြိမ်းချမ်းရေး လုပ်ပေးမယ်ဆိုရင် သူတို့ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီးတော့ အစိုးရနဲ့ ပူးပေါင်းပါမယ်ဆိုတဲ့ ကမ်းလှမ်းမှုမျိုးကို အဓိကတော့ ကျနော်တို့ တပ်မတော် ထောက်လှမ်းရေးကို သတင်းပို့တယ်။ အဲဒီအချိန်တုန်းကတော့ နဝတ ဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီးစောမောင်။ ပြည်တွင်း အစိုးပိုင်းကနေ စဉ်းစားတဲ့အခါကြတော့ ၈၈ အရေးအခင်းပြီးတဲ့နောက်ပိုင်းမှာ ဗမာအစိုးရက တော်တော်လေး အကြပ်အတည်း ရှိပါတယ်။ ကုန်ကုန်ပြောရရင် နိုင်ငံခြားသုံးငွေ တပြားမှ မရှိတဲ့အပြင် စစ်စရိတ်နဲ့ စစ်တွေ တိုက်ရမယ်ဆိုတဲ့ အနေအထားက အဲဒီအချိန်အခါမှာ လုံးဝမဖြစ်နိုင်ဘူး။ တဘက်ကလဲ ကျနော်တို့ တပ်မတော်ရဲ့ တသက်လုံး အဓိက ရန်သူဟာ ဗမာပြည်ကွန်မြူနစ်ပါတီပါ။ ဗမာပြည်ကွန်မြူနစ်ပါတီကို ထိုးနှက်လိုက်လို့ သူပြိုကွဲသွားရင် တရုတ်ပြည်ဘက်ရဲ့ စစ်ရေးအားလုံးဟာ အတော်လေး အေးချမ်းသွားမယ်ဆိုရင် တဘက်က စစ်တပ်အစိုးရအနေနဲ့ နိုင်ငံရေးအရ အမြတ်ရမယ်ဆိုတဲ့ အနေအထားမျိုးရှိတယ်။ တဘက်ကလဲ ကျနော်တို့ တပ်မတော် ထောက်လှမ်းရေးနဲ့ တရုတ် ထောက်လှမ်းရေးတို့က အဲဒီအချိန်ကတည်းက အောက်ခြေပိုင်းမှာ Connection ရှိပါတယ်။ အဲဒီတော့ ဖုန်ကြားရှင်တို့ရဲ့ ကမ်းလှမ်းမှုက တကယ်လား၊ ဟုတ်လား၊ မဟုတ်လားဆိုတာကို တဘက်က ပြန်ပြီးတော့ စဉ်းစားတဲ့အခါမှာ Confirm ဖြစ်တဲ့အတွက်ကြောင့်မို့ …
ဦးကျော်ဇံသာ ။ ။ ပြန်ပြီး စဉ်းစားတယ်ဆိုတာ တရုတ် ထောက်လှမ်းရေးကို ပြန်ပြီး check လုပ်တယ်ပေါ့။
ဦးအောင်လင်းထွဋ် ။ ။ ကျနော်တို့ Counter check ပေါ့။ အောက်ခြေပိုင်းကတော့။
ဦးကျော်ဇံသာ ။ ။ ငြိမ်းချမ်းရေး လုပ်ပြီးတော့နောက်ပိုင်းမှာ ဖုန်ကြားရှင်တို့ ဒေသကို အထူးဒေသ (၁) ဆိုပြီးတော့ အခွင့်အရေးတွေ အများကြီး ပေးခဲ့တယ်။ တချိန်တုန်းက ဗိုလ်ချုပ်နေဝင်း လက်ထက်ကလည်း သူတို့ပါတီကို ရပ်တည်ခွင့်ပေး၊ လက်နက်တပ်ဆင်ခွင့်ပေး။ နောက်ပြီးတော့ အဲဒီဒေသကို ကိုယ်ပိုင်အုပ်ချုပ်တဲ့ဒေသအဖြစ် ပေးဖို့ဆိုတာကို ဗကပ တို့ ကမ်းလှမ်းခဲ့တယ်လို့ ထင်ပါတယ်။ သခင်ဘသိန်းတင် အနေနဲ့။ အဲဒီတုန်းက လက်မခံခဲ့ဘူး။ ဒါပေမဲ့ အဲဒီလို အခွင့်အရေးမျိုးကို ဖုန်ကြားရှင်နဲ့ စေ့စပ်တဲ့အခါမှာ ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဟုတ်ပါလား။
ဦးအောင်လင်းထွဋ် ။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ မင်းတို့လည်း လက်နက်ကိုင်ထား။ ငါတို့လည်း လက်နက်ကိုင်ထားမယ်။ မင်းတို့က ချင်းရွှေဟောရဲ့ အောက်ကို မလာနဲ့၊ ငါတို့က မင်းတို့ရဲ့ ချင်းရွှေဟောကို ကျော်ပြီး မင်းတို့ကိုလာပြီး မတိုက်ဘူးဆိုတဲ့ ကတိကဝတ် တပ်နေရာချထားရေးလို့ ပြောရမှာပေါ့။ ဒါကတချက်။ နောက်တခုက တို့က အဲဒီအချိန်တုန်းက တပ်မတော်အစိုးရအနေနဲ့ ဦးနေဝင်းခေတ်ကလို အပိုင်စားပေးတဲ့ အာဏာ ငါတို့မှာ မရှိဘူး။ ခေတ္တခဏ ထိန်းထားတာ။ တချိန် နောင်တက်လာမယ့် အစိုးရကြရင် မင်းတို့ အဲဒီနိုင်ငံရေးကိစ္စတွေ ဆွေးနွေး။ အခုလက်ရှိ ငါတို့ စစ်တပ်အစိုးရခေတ်မှာတော့ မင်းတို့နဲ့ ငါတို့ အပစ်အခတ် ရပ်စဲထားမယ်။ ဒါပေမဲ့ မင်းတို့ဒေသ တိုးတက်ဖွံ့ဖြိုးအောင် ဒေသဖွံ့ဖြိုးရေးတွေကို ငါတို့ လုပ်ပေးမယ်။ မင်းတို့ ငါတို့နဲ့ ပူးပေါင်းဆိုတဲ့ အနေအထားမျိုး၊ အဲဒီ အခွင့်အရေးမျိုး ပေးခဲ့တယ်။ အဲဒီမှာ အများထင်ကြတာကတော့ ကိုးကန့်တွေကို စီးပွားရေး အခွင့်အလမ်းတွေ အများအပြား ပေးခဲ့တယ်လို့ ထင်ကြမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုးကန့် စဖွင့်လိုက်လို့ တရုတ်ပြည်နဲ့ ဗမာပြည်ရဲ့ စီးပွားရေးလမ်းကြောင်းက မူဆယ်၊ ကွတ်ခိုင်၊ ကွန်လုံ အားလုံးလမ်းကြောင်းတွေ ပွင့်လာတဲ့ အနေအထားရှိတယ်။ ဒုတိယ ဆက်ပြောချင်တာက ကိုးကန့်ပြီးတဲ့အခါမှာ “ဝ” ။ “ဝ” က အခုချိန်အထိ အင်အားလည်း အကောင်းဆုံး။ အဲဒီအချိန်တုန်းက အင်အားလည်း အကောင်းဆုံး လက်နက်ကိုင် အဖွဲ့အစည်း။ “ဝ” မှာ အဲဒီအချိန်တုန်းက ကျောက်နီလိုင်လို့ အဖွဲ့တွေ။ ပေါက်ယူချမ်း က စစ်ဦးစီးချုပ်။ ကိုးကန့်ရဲ့ နမူနာကို ပြလိုက်တဲ့အခါမှာ “ဝ” လည်း လိုက်လာတယ့်သဘော ရှိပါတယ်။ တလျှောက်တည်းမှာ ဟိုဘက် ရှမ်းအခါ ခေါ် မိုင်လားအဖွဲ့လည်း ငြိမ်းချမ်းရေး ယူလာတယ်။ နောက် SSA ဦး… တို့ကလည်း one two three four အထူးဒေသ (၁) (၂) (၃) (၄) ဆိုပြီး လုပ်ခဲ့တဲ့အခါမှာ အဲဒီအချိန်တုန်းကတော့ နိုင်ငံရေးအရ အကျိုးစီးပွားတခုပဲကြည့်ပြီး နိုင်ငံရေးအမြတ်၊ တိုင်းပြည်အေးချမ်းသာယာရေးကို ကြည့်ပြီးမှ ငြိမ်းချမ်းရေးလုပ်ခဲ့တာပါ။
ဦးကျော်ဇံသာ ။ ။ အခုနောက်ကြောင်းကို ပြန်ကြည့်ရင် ဘယ်လောက်အထိ အလျှော့မပေးခဲ့ဘဲနဲ့ ဘယ်အချက်ကို ငါတို့ တင်းခဲ့ရင် ကောင်းလေမလားဆိုတဲ့ စဉ်းစားမှုမျိုး ဦးအောင်လင်းထွဋ် စိတ်ထဲမှာ ပေါ်မိပါလား။
ဦးအောင်လင်းထွဋ် ။ ။ ကျနော့်အမြင် ပြောရရင်တော့ အဲဒီအချိန် ၁၉၈၉-၉၀ လောက်က လုပ်ထားတဲ့ ပေါ်လစီတွေက ၁၉၉၂ ခုနှစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ဗိုလ်ချုပ်ကြီးမောင်အေး ဖြစ်လာတဲ့အချိန်မှာ အဲဒီဟာတွေကို သူတို့ မကြိုက်ဘူး။ မကြိုက်တော့ အဲဒီမှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်အပိုင်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ဗိုလ်ချုပ်ကြီးမောင်အေးအပိုင်းမှာ သဘောထား ကွဲလွဲတာတွေ အများကြီးရှိတယ်။ အထူးသဖြင့် ဗိုလ်ချုပ်ကြီးမောင်အေး က “ဝ” တွေ၊ ကိုးကန့်တွေကို လုံးဝကြည့်မရဘူး။ “ဝ” ဆိုရင် ပိုဆိုးသေးတယ် အမြဲတမ်း ပြဿနာရှာတယ်။ သူကိုယ်တိုင်ကလည်း တပ်မ (၇၇) တပ်မမှူး ဖြစ်ခဲ့တယ်။ အရှေ့တိုင်းပိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း လားရှိုး၊ တောင်ကြီးတွေမှာ တပ်ရင်းမှူး ဖြစ်ခဲ့တော့ ဗမာပြည်ကွန်မြူနစ် တပ်တွေနဲ့ “ဝ”၊ ကိုးကန့်တပ်တွေနဲ့ အသေတိုက်ခဲ့တော့ သူ့စစ်သည်တွေ ကျဆုံးခဲ့တာကို ခံစားမှုတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တက်လာတဲ့အခါကြတော့ အဲဒီပေါ်လစီတွေက လုံးဝလက်မခံတဲ့အပိုင်း ရှိတယ်။ သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က လိမ္မာပါတယ်။ အသာလေး အချိုသပ်ပြီးတော့ ဗိုလ်ချုပ်ခင်ညွှန့်ကို မွေးပြီးတော့ အမျိုးသားညီလာခံဆိုတဲ့ ပုံကိုဖော်ပြီးတော့ ကိုးကန့်အပါအဝင် အားလုံးကို နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ခေါ်ပြီးတော့ တောက်လျှောက်ခေါ်သွားတာ။ နှစ်တွေလည်း အကြာကြီး ဖြစ်သွားတယ်။ (၁၄) နှစ်လောက် ဆွေးနွေးတဲ့ အနေအထားရှိတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီလို ဆွေးနွေးခဲ့ပေမယ့် အဲဒီလို ပြီးလွယ်နပ်လွယ်လို့ တချို့က သုံးသပ်ကြမှာပေါ့။ လောလောဆယ်မှာ ပြဿနာပြေရင် ပြီးရောဆိုပြီတော့။ နောင်ရေးအတွက် နိုင်ငံရေးပြဿနာ ဘယ်လိုဆိုတဲ့ မူ ကင်းမဲ့နေခဲ့တယ်လို့ တချို့က သုံးသပ်ကြပါတယ်။ အဲဒါကို ဘယ်လို ပြောလိုပါလဲ။
ဦးအောင်လင်းထွဋ် ။ ။ အဲဒီလို နိုင်ငံရေးအရ အချိန်ဆွဲခဲ့ကြတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်ထဲမှာတော့ ထင်တာကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဘယ်လို ဖြေရှင်းမယ်ဆိုတဲ့ အဖြေ ကျနော်တို့မှာ ဟုတ်တိပတ်တိ နဲ့ တိတိကျကျ မရှိခဲ့ဘူး။ ဒါကြောင့် ၂၀၀၉ ခုနှစ်မှာ အရင်တုန်းက မပြောထားတဲ့ နယ်ခြားစောင့်ဆိုတဲ့ ပုံစံမျိုးကို ပုံဖော်လိုက်တယ်။ ပုံဖော်ပြီးတော့ အင်အားနည်းတဲ့ ပလောင်တို့ ဘာတို့တော့ နည်းနည်းပါးပါး ပါသွားတယ်။ ကိုးကန့်နဲ့ ကျန်တဲ့လူတွေက အာခံတယ်။ အဲဒီမှာ ကိုးကန့်က အင်အားနည်းတဲ့ အခါကြတော့ နဂိုကလဲ ကိုးကန့်နယ်မြေကို စီးဖောက်တာက ကျနော် ပြောခဲ့ဖူးတယ်။ ၁၉၉၅ ခုနှစ်လောက်မှာ ယမ်မိုးလျံ၊ ဖုန်ကြားရှင် အရေးအခင်းကို ဗမာစစ်တပ်တွေက မဝင်ရဘူးဆိုတဲ့ ချင်းရွှေဟော အထက်ကို လောက်ကိုင်အထိ သွားပြီးတော့ အခုစစ်ဖြစ်နေတဲ့ တပ်ရင်း (၁၀) ရင်းနဲ့ တပ်မ သဘောမျိုး လောက်ကိုင်ဒေသ ကွပ်ကဲမှုဆိုပြီး ဖွဲ့လိုက်တာရှိတယ်။ ဒါပေမဲ့ ဖုန်ကြားရှင်တို့ကလည်း သူတို့ မျှော်လင့်တာက တချိန်ချိန်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရလို့ရှိရင် သူတို့အနေနဲ့ နိုင်ငံရေးအရ ပေးမလား။ သူတို့တပ်တွေကို ပေးမလားဆိုတဲ့ အနေအထားနဲ့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအခြေအနေမျိုးကို မပေးတဲ့အတွက်ကြောင့်မို့ မပေးလည်း မပေးနိုင်တဲ့အခါမှာ တရုတ်အစိုးရက အတန်တန် တားတဲ့ကြားထဲက နယ်စပ်ဒေသမှာ တည်တည်ငြိမ်ငြိမ် ဖြစ်ချင်ပါတယ်ဆိုတဲ့ကြားထဲက ၂၀၀၉ ခုနှစ် ဧပြီလမှာ ကိုးကန့်ကို ဝင်တိုက်ပစ်တယ်။ အခု ရှိနေတဲ့ ဖုန်ကြားရှင်တို့ ထွက်ပြေးသွားတဲ့ အနေအထားမျိုး ရှိတယ်။ ဒါက နောက်ခံသမိုင်းကြောင်းလေး တခုပေါ့။
ဦးကျော်ဇံသာ ။ ။ အခုနောက်ပိုင်းမှာ စောစောက ဦးအောင်လင်းထွဋ် ပြောတဲ့အထဲမှာ တိုက်ပွဲတွေ ဖြစ်လာတဲ့အခါမှာ။ ဗကပတို့နဲ့ ဖြစ်ခဲ့တယ်။ ဖုန်ကြားရှင် က ဗကပ က တပ်မှုးအနေနဲ့ တိုက်တယ်။ အဲဒီတုန်းက လက်နက်တွေက အကုန်လုံး တရုတ်လက်နက်တွေဆိုပြီး ပြောတယ်။ အဲဒီနောက်ပိုင်းမှာ အခု ဖုန်ကြားရှင်တို့ ပစ်နေတဲ့ လက်နက်တွေဆိုရင်လဲ တပ်မတော်ဘက်က အတော်လေး ထိခိုက်တယ်ဆိုတော့ လက်နက်အင်အားတော့ မသေးဘူးလို့ ထင်ပါတယ်။ တရုတ်နဲ့ ဆက်သွယ်ရေးဟာ ဘယ်လို ရှိနေတယ်လို့ ဦးအောင်လင်းထွဋ်တို့အနေနဲ့ သဘောပေါက်ခဲ့ပါသလဲ။ တကယ်တော့ ကိုးကန့်ဆိုတာ ၉၀ ရာခိုင်နှုန်းသော ကိုးကန့်ပြည်သူတွေက ဟန် တရုတ်နွယ်ဝင် တရုတ်လူမျိုးတွေ ဖြစ်နေတယ်။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ်။ သမိုင်းကြောင်းအရ ကိုးကန့်က ကျနော်တို့ ဗမာပြည်ဘက်ခြမ်း ပါတယ်ဆိုပေမယ့် အားလုံး ကိုးကန့်တနယ်လုံးက တရုတ်စကားပဲ ပြောပါတယ်။ “ဝ” တနယ်ပဲ ”ဝ” စကားပြောတဲ့ အနေအထား ရှိပါတယ်။ တရုတ်ကတော့ အနီးစပ်ဆုံးပါ။ ကိုးကန့်ဆိုတာ ယူနန် တရုတ်တွေ အများစုနေတဲ့ ဒေသလို့ပဲ ပြောရမယ်။ ဒါပေမဲ့ နယ်နမိတ် ပိုင်းခြားတဲ့ ပိုင်းခြားချက်အရ ဗမာပြည်နယ်ထဲမှာ ရောက်နေတဲ့ ဒေသလူမျိုးတွေ ဖြစ်နေတယ်။ သို့သော် သူတို့က တရုတ် အာဏာပိုင်တွေနဲ့ ကွန်မြူနစ်လက်ထက်ကတည်းက အခုအချိန်အထိ ဆက်စပ်မှု ရှိပါတယ်။ လက်နက်ကတော့ သိပ်တော့ အဲဒီနယ်စပ်ဒေသမှာ အဆန်းအပြားတော့ မဟုတ်ပါဘူး။ ထူးထူးခြားခြား သူတို့ဆီမှာ အာပီဂျီ လောင်ခြာတွေ ရှိမယ်။ လေယာဉ်၊ ရဟတ်ယာဉ် ပစ်တဲ့ဟာတွေက ဗကပ လက်ထက်ကတည်းက သူတို့ဆီမှာ ရှိပါတယ်။ အခုလည်း သူတို့ ဒီလက်နက်တွေက သူတို့ ပိုက်ဆံရှိတဲ့အတွက်ကြောင့် အချိန်မရွေး ဝယ်လို့ရတယ်။ ဘာလို့ ပိုက်ဆံရှိလဲဆိုရင် ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုးကန့်က ကျနော်တို့နဲ့ ငြိမ်းချမ်းရေးလုပ်တဲ့ကာလ ၉၀ နောက်ပိုင်းမှာ ဘိန်းမဖျက်ခင်၊ ဘိန်းမလုပ်တော့ဘူး ကာလအတွင်းမှာ ဘိန်းနဲ့ပတ်သက်ပြီး ကိုးကန့်ဒေသက အရမ်းလုပ်တယ်။ ပိုက်ဆံအများအပြားလည်း ဘိန်းကနေ ရတဲ့ဟာက တော်တော်များပါတယ်။ တပ်မတော်ကလည်း စစ်တပ်အပါအဝင် ကျနော်တို့က ပြောမယ့်သာပြောတာပါ ဘာဖြစ်လို့လဲဆိုရင်တော့ ကျနော် ပြောရရင် အဲဒီအချိန် အဲဒီအခါမှာ ဗမာအစိုးရမှာ အားလုံးသိတဲ့အတိုင်း ဂျပန်မှာရှိတဲ့ သံရုံးရောင်းစားရတဲ့ ဘဝမျိုး ရောက်တဲ့အနေအထား ရှိတယ်။ ကျန်တဲ့လုပ်ငန်းကြီးတွေမှာ ဗမာအစိုးရက ဘယ်ကမှလဲ ချေးငွေမရဘူး။ နိုင်ငံခြားငွေ မရှိဘူး။ အဲဒီမှာ မျက်စိမှိတ်ထားတဲ့ အနေအထားလည်း ရှိကောင်းရှိပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ ကိုးကန့်က လက်နက်အင်အား စုဆောင်းနိုင်တယ်။ ပိုက်ဆံလည်း ရှိလာတော့ အခု ကျနော်တို့လူမျိုးတွေ မကြိုက်တဲ့ ကိုးကန့်သားတွေ မန္တလေးတို့ ဘာတို့မှာ နေရာယူလာတဲ့ဟာမျိုးက အများကြီး နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ အနေအထား ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတခု မေးချင်တာက ဒီနေ့ဆိုရင် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီ။ ဖွဲ့စည်းပုံအရ ပေးထားတဲ့ အခွင့်အရေးကို ရုတ်သိမ်းပြီးတော့ သူတို့က စစ်တပ်ရဲ့ ထိန်းချုပ်မှု၊ အုပ်ချုပ်မှုအောက်မှာ လုံးဝကြေညာလိုက်ပြီ ဖြစ်ပါတယ်။ အခြေအနေက ဘယ်လောက်အထိ ဆိုးလာနိုင်လဲ။ ဘယ်လို ပြေလည်မှု ရသွားနိုင်မယ်လို့ ထင်ပါလဲ။ အကျဉ်းရူံး ပြောပေးပါ။
ဦးအောင်လင်းထွဋ် ။ ။ စကားမပြောမချင်းကတော့ စစ်အုပ်ချုပ်ရေးပဲထုတ်ထုန်၊ ဘာအုပ်ချုပ်ရေးပဲထုတ်ထုတ် ကိုးကန့်ဒေသမှာ ပြေလည်စရာ မရှိပါဘူး။ တဘက်မှာ တရုတ်နိုင်ငံရှိတယ်။ ရှိတဲ့ ဖုန်ကြားရှင်တို့ကလည်း “ဝ” ကို သွားခိုလည်းရတယ်။ တရုတ်ဘက် သွားနေလည်း ရတယ်။ သူ့လူမျိုးတွေနဲ့ သူ့ဒေသ ကျွမ်းကျင်ပြီသား။ စစ်အုပ်ချုပ်ရေး ထုတ်ရင်လဲ စစ်သားတွေပဲ ရှိမယ်။ အဲဒီ စစ်သားတွေကိုလည်း ပျောက်ကျားနည်းနဲ့ လိုက်ပြီးတော့ တိုက်နေခိုက်နေအုံးမယ့် အနေအထားမျိုး ရှိပါတယ်။ အဲဒီတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်စေချင်ရင်တော့ တရုတ်အစိုးရကို ကြားခံထားပြီးတော့ ပြောဆိုမှ ရလိမ့်မယ်လို့ မြင်ပါတယ်။