သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားမြေယာ အသုံးချမှု ပေါ်လစီမူကြမ်း


အမျိုးသား မြေယာအသုံးချမှု ပေါ်လစီမူကြမ်း National Land Use Policy (၃၈) မျက်နှာ အင်္ဂလိပ်ဘာသာစာတမ်းကို မြေအသုံးချမှုနဲ့ ခွဲဝေမှု စီစစ်ရေးကော်မတီက လွန်ခဲ့တဲ့လက ထုတ်ပြန်ပါတယ်။ မြေယာအသုံးပြုသူတွေအကြား သဟဇာတဖြစ်အောင်လုပ်ပြီး မြေယာအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တောင်သူလယ်သမား ကွန်ရက်နဲ့ အရပ်ဖက်အဖွဲ့အစည်း (၃၀) ကျော်က အလုပ်ရုံဆွေးနွေးပွဲကျင်းပပြီး ပေါ်လစီမူကြမ်းကို ဝေဖန်ဆန်းစစ်ကြကြောင်း နိုဝင်ဘာလ (၉) ရက်နေ့ထုတ် Eleven သတင်းစာစောင်မှာ ဖော်ပြပါတယ်။

မြေယာအသုံးချမှု ဆွေးနွေးပွဲကို နိုဝင်ဘာလအတွင်း တိုင်းနဲ့ပြည်နယ်မှာ (၁၆) ကြိမ်၊ နေပြည်တော်မှာ (၁) ကြိမ် အများပြည်သူသိရှိအောင် ကျင်းပမယ်လို့ သိရပါတယ်။ ဒီဆွေးနွေးပွဲတွေဟာ အရပ်သားအဖွဲ့အစည်းတွေ ပါဝင်ဆွေးနွေးဖို့ အခွင့်အလမ်း ဖြစ်ပါတယ်။ နိုဝင်ဘာလကုန်ပိုင်းမှာ ဥပဒေမူကြမ်းကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ထုတ်ပြန်တဲ့အခါ ပြည်သူပြည်သားတွေ ပါဝင်ဆွေးနွေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာလထဲမှာ မြေယာအသုံးချမှုဥပဒေကို အတည်ပြုဖို့ လွှတ်တော်ကို တင်သွင်းပါလိမ့်မယ်။ မြေအရင်းအမြစ်ကို ပွင့်ပွင့်လင်းလင်း စီမံခန့်ခွဲနိုင်မယ့် မူဝါဒသစ်ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အစိုးရအာဏာသိမ်းတဲ့ ၁၉၈၈ က စတင်ဖြစ်ပွားတဲ့ မြေယာသိမ်းပိုက်မှုကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဥပဒေပြဌာန်းပြီး ဖြေရှင်းဖို့ ကြိုးစားပေမယ့် မအောင်မမြင် ဖြစ်နေပါတယ်။ မကျေနပ်လို့ ဆန္ဒပြတာတွေ တိုးပွားနေပါတယ်။ ဦးသိန်းစိန်အစိုးရ ဖွဲ့စည်းချိန်မှာ စစ်အုပ်စုနဲ့ ပတ်သက်တဲ့ ပုဂ္ဂလိကကုမ္ပဏီ (၂၀၀) ကျော်ကို လုပ်ပိုင်ခွင့်ပေးထားတဲ့ မြေဧက (၂) သန်းကျော် ရှိနေပါပြီ။ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲရေးဥပဒေနဲ့ လယ်ယာမြေဥပဒေကို ၂၀၁၂ မတ်လ ၃၀ ရက်နေ့မှာ ပြဌာန်းပါတယ်။ ဥပဒေအရ ဖွဲ့စည်းတဲ့ လယ်ယာမြေ စုံစမ်းရေးကော်မရှင်က သက်ဆိုင်ရာဝန်ကြီးဌာနကို တိုင်ကြားစာ (၆၀၀၀) ကျော် ပေးပို့ထားပေမယ့် ဝန်ကြီးဌာနက (၇၀၀) ကျော်သာ ရရှိတယ်ဆိုပြီး (၄၀၀) ကျော်သာ ဖြေရှင်းပေးနိုင်တယ်လို့ ဆိုပါတယ်။ အစိုးရနဲ့ လွှတ်တော်အကြား ကွဲလွဲနေလို့ ဘယ်သူ့ယုံရမှန်းမသိ ဖြစ်နေပါတယ်။

အနှစ် (၂၀) ကျော် ဖြစ်ပွားတဲ့ မြေယာသိမ်းပိုက်မှုပြဿနာကို မဖြေရှင်းနိုင်ဘဲ ဖြစ်နေပါတယ်။ လယ်ယာမြေ ဥပဒေ (၂) ခု ပြဌာန်းထားပေမယ့် လက်တွေ့ဖြေရှင်းရာမှာ မထိမရောက် ဖြစ်နေပါတယ်။ ဥပဒေနှစ်ခုစလုံး လယ်သမားလေးတွေကို ကာကွယ်နိုင်စွမ်း မရှိဘူးလို့ သုံးသပ်ကြပါတယ်။ အကြီးစားစိုက်ပျိုးရေးလုပ်ငန်းတွေ ပေါ်ထွက်လာအောင် လမ်းခင်းပေးတဲ့ ဥပဒေတွေသာ ဖြစ်ပါတယ်။ နောက်တနှစ်ခွဲလောက်ကြာတော့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို ပြဌာန်းပါတယ်။ တောင်သူလယ်သမားကို သင့်တော်တဲ့ ချေးငွေနဲ့ အကူအညီပေးဖို့ ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်လက်ထက် (၂၀၁၁) မှ (၂၀၁၂) အထိ ပုဂ္ဂလိကလုပ်ငန်းကြီးတွေ လက်ထဲရောက်သွားတဲ့ မြေယာပမာဏဟာ (၇၅) ရာခိုင်နှုန်း တိုးလာကြောင်း သိရပါတယ်။

၂၀၁၂ ရောက်တော့ မြေယာဧက (၃ သန်းခွဲ) ပုဂ္ဂလိကကုမ္ပဏီတွေလက်ထဲ ရောက်ကုန်တယ်လို့ သိရှိရပါတယ်။ ၂၀၁၂ လယ်ယာမြေဥပဒေတွေဟာ အရင်းရှင်စစ်အုပ်စု အကျိုးစီးပွာကိုသာ ကြီးထွားစေတယ်လို့ လွန်ခဲ့တဲ့နှစ်က Yale တက္ကသိုလ်မှာ Kevin Woods တင်သွင်းတဲ့စာတမ်းမှာ မှတ်ချက်ချထားပါတယ်။ မြေယာလုပ်ခွင့်ပေးရာမှာ အစိုးရစီမံခန့်ခွဲရေး ဗဟိုကော်မတီက ဆုံးဖြတ်တာမို့ မကျေနပ်လည်း ဘာမှမတတ်နိုင်တဲ့သဘော ရှိပါတယ်။ အခု ဆွေးနွေးပွဲလုပ်နေတဲ့ မြေအသုံချမှုနဲ့ ခွဲဝေမှု စီစစ်ရေးကော်မတီဖွဲ့ထားတာ တနှစ်ကျော်လာပေမယ့် စွမ်းဆောင်နိုင်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ၂၀၁၂ မြေယာဥပဒေနှစ်ခုစလုံးဟာ အင်္ဂလိပ်ကိုလိုနီခေတ်ကို ရောင်ပြန်ဟပ်နေတယ်လို့လည်း ဆိုပါတယ်။ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ လမ်းစဉ်အောက်မှာ လယ်သမားတွေ မြေပျောက်ကုန်တာ ဖြစ်ပါတယ်။

မြေယာဥပဒေသစ်ကြောင့် အကျိုးခံစားရသူတွေကတော့ တိုင်းမှူး၊ ပြည်သူ့စစ်ခေါင်းဆောင်၊ အပစ်ရပ်အဖွဲ့ခေါင်းဆောင် နဲ့ ခရိုနီအရင်းရှင်တွေ ဖြစ်တယ်လို့ Kevin Woods က မှတ်ချက်ချပါတယ်။ လယ်လုပ်ပိုင်ခွင့် ဆုံးရှုံးတဲ့ လယ်သမားတွေဟာ အရိုက်အနှက် အဖမ်းအဆီးခံပြီး ဆန္ဒပြတိုက်ပွဲဝင်နေကြရပါတယ်။ မြေယာအသုံးချမှု ပေါ်လစီမူကြမ်းက မရှင်းလင်းတာတွေကို Transnational Institute က ထောက်ပြပြီး သြဇာကြီးမားတဲ့ စီးပွားရေး၊ နိုင်ငံရေးအင်အားစုတွေရဲ့ လက်ချက်ဖြစ်တာကတော့ သံသယရှိစရာ မလိုဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဆင်းရဲသားကိုယ်စားပြု အရပ်သားအဖွဲ့အစည်းတွေရဲ့ တင်ပြချက်တွေကိုလည်း ကြားနာရဖွယ် ရှိပါတယ်တဲ့။ ဆင်းရဲသားနဲ့ ပတ်သက်တဲ့ သဘောထားကို စောင့်ကြည့်ရပါလိမ့်မယ်တဲ့။

လွှတ်တော်မှာ ဥပဒေတွေ ပြဌာန်းထားပေမယ့် ဝန်ကြီးဌာနတွေက တယောက်တမျိုး သူ့နည်းသူ့ဟန်နဲ့ ချုပ်ကိုင်ထားတာတွေရှိပြီး ဥပဒေတွေအမျိုးမျိုး ရှိနေတာမို့ အလွန်ရှုပ်ထွေးကြောင်း လွန်ခဲ့တဲ့ မတ်လက ကမ္ဘာ့ဘဏ်မှာ မြေယာစီမံခန့်ခွဲရေးစာတမ်းတင်သွားတဲ့ ဦးအောင်ကျော်သိန်းက ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုသွားပါတယ်။ ဒါကြောင့် အမျိုးသားမြေယာအသုံးချမှု ပေါ်လစီမူကြမ်းကို ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ပြီး လက်တွေ့မှာ လယ်သမားအကျိုး ဘယ်လောက်ဆောင်ရွက်နိုင်မယ်ဆိုတာကို အချိန်အတော်ကြာမှ ခန့်မှန်းနိုင်ဖွယ် ရှိပါတယ်။

XS
SM
MD
LG