သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျွမ်းကျင်လုပ်သား ရှားပါးရတဲ့အကြောင်း


မကြာမီက ထိုင်းဝန်ကြီးချုပ် မြန်မာပြည်ကို လာရောက်လည်ပတ်ပြီး ဗမာအစိုးရနဲ့ ဆွေးနွေးတဲ့ကိစ္စတွေမှာ မြန်မာအလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ရေးလည်း ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ ဇူလိုင်ကပဲ ရွှေ့ပြောင်းလုပ်သားတွေကို အတင်းအကျပ် နှင်ထုတ်မှာမဟုတ်ဘဲ တရားဝင်နေထိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း ထိုင်းဝန်ကြီးချုပ်က ဦးသိန်းစိန်ကို အကြောင်းကြားခဲ့ပါသေးတယ်။ တချိန်တည်းမှာပဲ မြန်မာပြည်မှာ ကျွမ်းကျင်လုပ်သား ရှားပါးတဲ့ပြဿနာကို သတင်းမီဒီယာမှာ မကြာခဏ ဖော်ပြနေပါတယ်။ ဥပမာ ကျွမ်းကျင်လုပ်သား ရှားပါးလို့ ထိုင်းက မြန်မာအလုပ်သမားတွေ ပြန်ခေါ်တာမျိုးတောင် ရှိပါတယ်။

ထိုင်းနိုင်ငံ Mahidol တက္ကသိုလ် Migration Center က (၂၀၁၂) မှာ ထုတ်ဝေခဲ့တဲ့စာတမ်းအရ ထိုင်းမှာ မြန်မာအလုပ်သမား (၄) သန်း၊ မလေးရှားမှာ (၃) သိန်း၊ စင်္ကာပူမှာ (၂) သိန်း၊ ဘင်္ဂလားဒေ့ရှ်မှာ (၁) သိန်း၊ ဂျပန်မှာ (၁) သောင်း၊ ကိုရီးယားမှာ (၁) သောင်း ရှိကြောင်း သိရပါတယ်။ တရုတ်နဲ့ အိန္ဒိယမှာ ဘယ်လောက်ရှိမယ်ဆိုတာကိုတော့ ခန့်မှန်းတာ မတွေ့ရပါဘူး။ ၁၉၈၈ မှာ အရပ်သားတွေကို ထောင်သောင်းချီ သတ်ဖြတ်ပြီး စစ်အာဏာသိမ်းချိန်ကစပြီး ကျွမ်းကျင်လုပ်သားအပါအဝင် မြန်မာပြည်သူပြည်သား အများအပြား အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွါပြီး အလုပ်လုပ်နေကြတာမို့ အနှစ် (၂၀) ကျော်ပြီ ဖြစ်ပါတယ်။

ထိုင်း မလေးရှား၊ စင်္ကာပူ၊ ဂျပန်၊ ကိုရီးယားနဲ့ အာရေဗျပင်လယ်ကွေ့နိုင်ငံတွေမှာ အလုပ်လုပ်ကြသူတွေကို ယေဘုယျအားဖြင့် ရွှေ့ပြောင်းလုပ်သားတွေလို ခေါ်ပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်သူဦးရေ အများဆုံးဖြစ်ပါတယ်။ ဘန်ကောက်အခြေစိုက် IDE ဂျပန်သုတေသန ဌာနခွဲရဲ့ စာရင်းအရ အလုပ်လုပ်ဖို့ (၂၀၁၂) မှာ မှတ်ပုံတင်တဲ့ မြန်မာပြည်သား (၁) သန်းကျော်ရှိပြီး မှတ်ပုံမတင်သူကတော့ (၂) သန်းကျော်၊ (၃) သန်းအထိ ရှိနိုင်တယ်လို့ ခန့်ှမှန်းကြပါတယ်။ ဒီအထဲမှာ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေး မွေးမြူးရေးကဏ္ဍမှာ အများဆုံးဖြစ်ပြီး (၆၅) ရာခိုင်နှုန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ ငါးလုပ်ငန်း၊ အထည်ချုပ်နဲ့ အရောင်းလုပ်ငန်းတွေမှာလည်း မြန်မာအလုပ်သမားတွေ များပါတယ်။

မြန်မာပြည်သား ကျဘမ်းအလုပ်သမား သန်းနဲ့ချီရှိနေပေမယ့် ကျွမ်းကျင်လုပ်သားကတော့ သောင်းဂဏန်းလောက်သာ ရှိပုံရပါတယ်။ ဘန်ကောက်အခြေစိုက် Assumption တက္ကသိုလ်ဘောဂဗေဒ ကထိက ဒေါက်တာမြတ်မွန် မကြာမီက ရေးသားတဲ့စာတမ်းအရ (၂၀၀၆) မှာ ကျွမ်းကျင်လုပ်သား (၈၆၄၄) ယောက် ထိုင်းနိုင်ငံမှာရှိကြောင်း သိရပါတယ်။ ၁၉၈၈ အရေးတော်ပုံ ဖြိုဖျက်ခံရပြီးတဲ့နောက်မှာ ကျွမ်းကျင်လုပ်သားတွေ ထိုင်းနိုင်ငံကို ဝင်ရောက်လာကြတာ ဖြစ်ပါတယ်။ ထိုင်းမှာကြီးပြင်းတဲ့ ကလေးတွေလည်း ပညာတတ်ကျွမ်းလုပ်သားတွေ ဖြစ်ကုန်ကြပါတယ်။ မဟာသိပ္ပံဘွဲ့ရသူတွေရှိပြီး ဆရာ၊ ဆရာမနဲ့ အင်ဂျင်နီယာအဖြစ် အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်။ ထိုင်းရဲ့ ပညာရေး၊ စီးပွားရေး တိုးတက်မှုမှာ မြန်မာပြည်သား ကျွမ်းကျင်လုပ်သားတွေဟာ အရေးကြီးတဲ့အခန်းက ပါဝင်တယ်လို့ ဆိုပါတယ်။

ထိုင်းစီးပွားရေး တိုးတက်ဖွံ့ဖြိုးအောင် အထောက်အကူပြုသူထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထင်ရှားတဲ့ အခန်းက ပါဝင်ပါတယ်။ ထိုင်းမှာ အမြဲတမ်း လိုအပ်နေတဲ့ လုပ်ခနည်း အလုပ်သမားတွေကို အများဆုံးပေးတာဟာ မြန်မာနိုင်ငံ ဖြစ်ပါတယ်။ လုပ်ခသက်သာတဲ့ မြန်မာအလုပ်သမားကြောင့် ထိုင်းလုပ်ငန်းရှင်တွေဟာ အာဆီယံမှာ သူများထက် တပမ်းသာနိုင်တဲ့ အနေအထားကို ရောက်နေပါတယ်။ ထိုင်းအလုပ်သမားလောက် လုပ်ခမရပေမယ့် ရွှေ့ပြောင်းလုပ်သားရဲ့ ဝင်ငွေဟာ မြန်မာပြည်က အလုပ်သမားထက် ပိုများပါတယ်။ ဒါကြောင့်လဲ မြန်မာအထည်ချုပ်လုပ်ငန်းမှာ အလုပ်သမားရှားပါးတဲ့ ပြဿနာရှိနေပြီး ထိုင်းအထည်ချုပ်လုပ်ငန်းမှာ မြန်မာအလုပ်သမား (၄) သောင်းခွဲ ရှိနေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားထဲမှာ ကျွမ်းကျင်လုပ်သားနဲ့ အတတ်ပညာရှင်တွေလည်း ပါဝင်ပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ ငွေပြန်ပို့တဲ့ ပမာဏဟာ ဒေါ်လာသန်း (၃၀၀) နဲ့ (၁၂၀၀) ကြားမှာ ရှိနိုင်တယ်လို့ ဘန်ကောက်အခြေစိုက် IDE ဂျပန်သုတေသနဌာနရဲ့ (၂၀၁၂) အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အာဆီယံ စီးပွားရေးအသိုက်အဝန်းရဲ့ ဦးတည်ချက်ထဲမှာ ကျွမ်းကျင်လုပ်သား skilled workers တွေ အာဆီယံဒေသမှာ လွတ်လပ်စွာ ရွှေ့ပြောင်းလုပ်ကိုင်နိုင်ရေးလည်း ပါဝင်ပါတယ်။ လောလောဆယ်တော့ လုပ်ခအများဆုံးပေးတဲ့ စင်္ကာပူ၊ မလေးရှားနဲ့ ဘရူနိုင်းကို ကျွမ်းကျင်လုပ်သား အများဆုံးသွားကြပါတယ်။ သမ္မတဦးသိန်းစိန်ကတော့ ရွှေ့ပြောင်းလုပ်သားတွေ ပြန်လာဖို့ ဖိတ်ခေါ်ထားပါတယ်။

နိုင်ငံခြားမှာလို လုပ်ခရပြီး လုပ်ငန်းခွင် အခြေအနေကောင်းရင် ပြန်လာသူတွေ ရှိနိုင်ပါတယ်။ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နံှတဲ့ ထိုင်းကုမ္ပဏီတွေမှာလည်း ရွှေ့ပြောင်းလုပ်သားတွေကို သုံးနိုင်ပါတယ်။ ဒါပေမဲ့ ဝင်ငွေချင်း တူရင်တောင် နေထိုင်စရိတ်ကြီးတဲ့ ရန်ကုန်မှာ အလုပ်လုပ်ဖို့ စဉ်းစားကြမှာ ဖြစ်ပါတယ်။ ကောင်းတာတွေအားလုံး စစ်အုပ်စုကယူထားရင် ရွှေ့ပြောင်းလုပ်သားတွေ ပြန်လာဖို့ အလားအလာနည်းသွားနိုင်ပါတယ်။ တိုင်းပြည်တည်ဆောက်ရေးမှာ အလုပ်သမား၊ လယ်သမားက စစ်ဗိုလ်စစ်သားထက် ပိုပြီးအရေးကြီးကြောင်း ကျွမ်းကျင်လုပ်သားရှားပါးမှုက သက်သေပြနေပါတယ်။

XS
SM
MD
LG