သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဒီယာကို စိတ်ဆိုးဒေါသဖြစ်သူ


စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ချိန် သတင်းထောက်များကို နှုတ်ဆက်နေစဉ်။ (ဇန်နဝါရီလ ၁၃၊ ၂၀၁၂)
စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ချိန် သတင်းထောက်များကို နှုတ်ဆက်နေစဉ်။ (ဇန်နဝါရီလ ၁၃၊ ၂၀၁၂)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံ စစ်ထောက်လှမ်းရေးမှူးချုပ် ဦးခင်ညွန့်ဟာ သူ့ရဲ့အတိတ်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး လိပ်ပြာမသန့် ဖြစ်နေဟန်ရှိတယ်လို့ မီဒီယာသမားတွေက သုံးသပ်နေကြပါတယ်။ မီဒီယာတွေ နောက်ကြောင်းပြန် မဝေဖန်နဲ့လို့ ပြောကြားလိုက်တာနဲ့ ဆက်စပ်ပြီး ဝါရင့်မီဒီယာသမားတွေက ပြောကြားလိုက်တာပါ။ ဝါရင့်သတင်းသမားကြီးလည်းဖြစ် စာရေးဆရာလည်းဖြစ်တဲ့ ဦးကျော်ရင်မြင့်၊ မြန်မာသတင်းသမဂ္ဂ တည်ထောင်သူ ဦးမောင်မောင်မြင့်တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဒီနေ့ ဆရာတို့နှစ်ယောက်ကို ဖိတ်ခေါ်ဆက်သွယ်ရတဲ့အကြောင်းကတော့ မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက်က အရေးကြီးဆုံးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တယောက်က မီဒီယာသမားတွေက သူ့လက်ထက်မှာ ဆောင်ရွက်ချက်တွေနဲ့မေးတော့ မီဒီယာတွေကို ပြောချင်တယ် နောက်ကြောင်းပြန်ပြီး မမေးပါနဲ့၊ နောက်ကြောင်းပြန်ပြီး မဝေဖန်နဲ့လို့ ပြောသွားတာကို တွေ့လိုက်ရပါတယ်။

ဦးခင်ညွှန့် “ဝေဖန်ရေးသက်သက် မလုပ်နဲ့။ နောက်ကြောင်းပြန်တဲ့ဟာတော့ မလုပ်နဲ့။ နောက်ကြောင်းပြန်တဲ့ဟာသည် တိုင်းပြည်တိုးတက်ရေး မဟုတ်ဘူး။ နောက်ကြောင်းပြန်တာသည် တိုင်းပြည်တိုးတက်တာ မဟုတ်ဘူး။ ဝေဖန်နေတာ။ ဝေဖန်ရေးသက်သက်လုပ်ရင် ကိုယ့်ကိုယ်ကို ဝေဖန်ရမယ်။ ကိုယ့်ကိုယ်ကို ဝေဖန်ပြီးမှ သူများကို ဝေဖန်ရမယ်။”

သတင်းထောက် “အဲဒါဆို မီဒီယာက ဝေဖန်ရေးလို့ဆိုရင် အန်ကယ်လက်ထက်တုန်းက ဝေဖန်လို့ မရတဲ့အခါမှာ အခုလက်ထက်မှာ …”

ဦးခင်ညွှန့် “ဒါကတော့ သူ့စနစ်နဲ့သူ စနစ်ချင်း မတူဘူးကွ။”

သတင်းထောက် “အဲဒါကြောင့် ထောက်ပြပြောဆိုမှုတွေအပေါ်မှာ အန်ကယ်က ဝေဖန်တယ်လို့ ဆိုတယ်ဆိုရင် အဲဒီအပေါ်မှာ ဟိုဟာဖြစ်ပါတယ်။ ပြန်ပြီးတော့ ရှယ်ရာလုပ်သင့်ပါတယ်။”

ဦးခင်ညွှန့် “မင်းတို့ ဝေဖန်နေကြတာပဲကွ။”

သတင်းထောက် “အန်ကယ်အနေနဲ့ အခုအချိန်မှာ မီဒီယာ ပွင့်လင်းလာမှုအပေါ် ဝေဖန်တယ်လို့ မမြင်ဖို့ကိုလဲ အဲဒီအပေါ်မှာ …”

ဦးခင်ညွှန့် “ဝေဖန်နေကြတာပဲလေ။ ဝေဖန်နေလို့ မမြင်လို့ မရဘူးလေ။”

သတင်းထောက် “ထောက်ပြခဲ့တာ၊ ထောက်ပြမှုတွေအပေါ် အရင်တုန်းက ဒီလိုရှိတယ်၊ အခုအချိန်မှာ ဒီလိုရှိတယ်။ မီဒီယာ နှိပ်ကွပ်မှုတွေ အခုအချိန်အထိ ရှိနေသေးတယ် အန်ကယ်။”

ဦးခင်ညွှန့် “အဲဒါ စနစ်အပေါ်မှာ မူတည်တယ်ကွ။”

ဦးကျော်ဇံသာ ။ ။ တကယ်တော့ ဒီပုဂ္ဂိုလ်ဟာ သူ့လက်ထက်မှာ သူ ဘာတွေလုပ်ခဲ့တယ်ဆိုတာ နောက်ကြောင်းပြန်ပြီး ရေးထားတဲ့ စာအုပ်ကလဲ သူ့လုပ်ဆောင်ချက်တွေကို ရွှန်းရွှန်းဝေအောင် ညွှန်ထားတာ ဖြစ်ပါတယ်။ သူ့ရေးတဲ့ စာအုပ်ရဲ့ အမှာ,မှာတော့ သမိုင်းကြောင်းအမှန်ကို သိစေလိုလို့ ရေးတာလို့ဆိုတယ်။ ကောင်းတာကြီးပဲ မဖြစ်နိုင်ဘူး။ အဆိုးအကောင်း ဒွန်တွဲနေပါတယ်လို့ ပြောပေမယ့် ဆိုးတာတော့ ပြောထားတာ မတွေ့ရဘူး။ သူက အဲဒီလို သူ့နောက်ကြောင်းကို ရေးထားပေမယ့် မီဒီယာက ဒီဟာတွေကို ထောက်ပြီးမေးတဲ့အခါကြတော့ သူက ဒေါသအမျက်ချောင်းချောင်းထပြီးတော့ တုံ့ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဆရာဦးကျော်ရင်မြင့်ရဲ့ အဖြေကို ပထမဦးဆုံး ကြားချင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ သတင်းလောက,က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို တုံ့ပြန်ပြီးပြောကြလဲ။ မီဒီယာလောက အများရဲ့ ခံစားချက်က ဘယ်လို ရှိကြပါလဲ။

ဦးကျော်ရင်မြင့် ။ ။ အများရဲ့ ခံစားချက်က သူက သူ့ရဲ့အတိတ်ကို ကြောက်နေလို့ ကာတယ်လို့ မြင်ကြပြောကြပါတယ်။ အတိတ်က အိပ်မက်ဆိုးကြီးကို ဗိုလ်ချုပ်ခင်ညွှန့်ကိုယ်တိုင်လည်း မက်နေဆဲပါ။ နိုင်ငံတကာ စစ်ခုံရုံးကို အတင်ခံရမယ်ဆိုပြီးတော့ နံမည်စာရင်း အတို့ခံထားရတဲ့လူဆိုတော့ သူ့သမိုင်းကို သူသိနေပါတယ်။ ဒါကြောင့်မို့ သူ့ရဲ့အတိတ်ကို ဇွတ်မိတ်ပြီးတော့မှ တံခါးပိတ်နေတယ်လို့ ကျနော်က အဲဒီလို မြင်ပါတယ်။ ကျနော်တို့မိတ်ဆွေတွေကလည်း အဲဒီလို မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးမောင်မောင်မြင့် က မြန်မာပြည်ပမှာ နေပေမယ့် မြန်မာနိုင်ငံရဲ့ ဖြစ်ရပ်တွေ၊ မီဒီယာလောကကို တချိန်လုံး စောင့်ကြည့်နေတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ သတင်းသမဂ္ဂကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဘယ်လိုပြောလိုပါလဲ။

ဦးမောင်မောင်မြင့် ။ ။ သူကိုယ်၌က နောက်ကြောင်းပြန်တဲ့ကိစ္စတွေကို စာအုပ်ထုတ်ခဲ့တယ်။ သူ့အကြောင်း ရွှန်းရွှန်းဝေ ရေးခဲ့တယ်။ ဒါပေမဲ့လို့ ခေတ်သစ်လူငယ်တွေနဲ့ ခေတ်သစ်မြန်မာနိုင်ငံကလူတွေ သူ့ရဲ့နောက်ကြောင်းကို ပြန်မသိစေချင်တဲ့သဘော အဲဒီသဘောမျိုး တားနေတာကို တွေ့ရပါတယ်။ ဒီနေရာမှာ သူ့အနေနဲ့ သတိလွတ်ခဲ့တာက သမိုင်းကို ပြန်ကြည့်တယ်။ အတိတ်ကို ပြန်ကြည့်တယ်။ နောက်ကြောင်းကို ပြန်ကြည့်တယ်ဆိုတာ လက်စားချေဖို့ထက် သင်ခန်းစာယူဖို့ သဘောမျိုး ရှိသင့်တယ်ဆိုတဲ့ အတွေးမျိုး ရှိသင့်တယ်ဆိုတာကို သူ့အနေနဲ့ သတိမထားမိဘူးလို့ ကျနော် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ သူ ဒီလို ဒေါသတကြီး တုံ့ပြန်တာကို အရင်တခါလည်း တွေ့ဖူးပါတယ်။ သတင်းထောက်တယောက်ကပဲ မေးခဲ့ပါတယ်။ အမျိုးသမီးထောက်တယောက် မြန်မာနိုင်ငံမှာ ရှေးဟောင်းပစ္စည်းတွေကို ပြုပြင်သွားတာနဲ့ ပတ်သက်ပြီးတော့ Archeological ရှေးဟောင်းသုတေသန ရှုထောင့်ကမေးတာကို ပညာရှင်ဆန်ဆန် မေးတာဖြစ်ပါတယ်။ သူက ဒေါသတကြီးနဲ့ အလားတူ တုံ့ပြန်ခဲ့ပါတယ်။ အခုလဲပဲ အဲဒီလို ဒေါသမျိုးကို တွေ့နေရတော့ သူကိုယ်တိုင်က သူလုပ်ခဲ့တာတွေကို ဖုံးကွယ်ရုံသက်သက်လား။ တကယ် မှန်နေတယ်လို့များ ထင်ပြီးတော့ ဒေါသနဲ့ တုံ့ပြန်နေတာလားဆိုတာကို ကျနော် စဉ်းစားမိပါတယ်။ ဆရာဦးကျော်ရင်မြင့် ဘယ်လို သဘောရပါလဲ။

ဦးကျော်ရင်မြင့် ။ ။ ကိုယ်လုပ်ခဲ့တာ မှန်တယ်ထင်လို့ရှိရင် သူမှာ စိတ်ခံစားမှု ရှိစေမလိုဘူးလေ။ ကျေကျေနပ်နပ်နဲ့ ကျနော်တို့က ဥပမာ ပုဂံဘုရားတွေ ပြင်တာဆိုရင်လဲ တကယ့်ကို လုပ်ခဲ့တာဆိုပြီး သူ ပြောပြလို့ရတယ်။ ဒေါသတကြီးနဲ့ တုံ့ပြန်တယ်ဆိုတာကိုက အမှန်ကတော့ ကန်တာပဲ။ သူကိုယ်တိုင် သိပါတယ်။ သူ လုပ်ခဲ့တာတွေက မမှန်ဘူး၊ မှားတယ်ဆိုတာ သိလို့ အဲဒီလို ကန်တယ်လို့ ကျနော် မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ဆက်စပ်ပြီးတော့ BBC World Service ကို ယူကရိုင်နိုင်ငံ သမ္မတဟောင်း Viktor Yanukovych က ပထမဦးဆုံးအကြိမ် နိုင်ငံခြားမီဒီယာနဲ့ အင်တာဗျူးပေးတာကို တွေ့ရပါတယ်။ ဒါပေမဲ့ သူဟာ သူ့ရဲ့မှားယွင်းမှုခဲ့တာ တိုင်းပြည်ရဲ့ အခြေအနေက သူ့ကို အပြစ်တင်နေကြတယ်။ အဲဒီထဲမှာ သူဟာ တစိတ်တဒေသ တာဝန်ရှိတယ်ဆိုတာကို ဝန်ခံတယ်။ ဒါပေမဲ့ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကိုမေးတော့ ဒေါသတကြီး မတုံ့ပြန်ပါဘူး။ သူက အေးအေးဆေးဆေးပဲ ပြောတယ်။ ကျနော်တို့ဆီက ဒီပုဂ္ဂိုလ် ဒီလောက် တာဝန်ကြီးကြီး ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်။ အခု ဘာသာတရားကိုလည်း လေ့လာလိုက်စားနေလို့ ဘဝရဲ့ ကျန်တဲ့အခြေအနေကို ဒါတွေနဲ့ပဲ ကုန်လွန်စေတော့မယ်လို့ ပြောနေတဲ့ပုဂ္ဂိုလ်က ဘာဖြစ်လို့ ဒေါသတကြီးနဲ့ ဒီလောက်တောင် တုံ့ပြန်ရသလဲ။ အဲဒါကြောင့် ဒီမေးခွန်းကို မေးရတာ ဖြစ်ပါတယ်။ သူဟာ မှန်တယ်ထင်နေလို့ သူလုပ်ခဲ့တဲ့ တကယ့်အမှန်တရားကို စော်ကားတယ်လို့ ထင်နေသလား။ ဆရာဦးမောင်မောင်မြင့်ရဲ့ သဘောထားကို သိပါရစေ။

ဦးမောင်မောင်မြင့် ။ ။ တချို့ကိစ္စတွေမှာတော့ သူ့ကိုယ်သူ မှန်တယ်လို့ ထင်ပြီးတော့ ကာကွယ်တာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့လို့ DVB က လုပ်တဲ့အင်တာဗျူးမှာတော့ ကျနော် မြင်တာကတော့ သူဟာ သူ့လုပ်ရပ်တွေအတွက်ကို တာဝန်မယူဘဲနဲ့ စနစ်ကို ပုံချခဲ့တာကို တွေ့ရပါတယ်။ စစ်အစိုးရခေတ်က စစ်အစိုးရရဲ့ စနစ်မို့လို့ သူလုပ်ခဲ့ရပါတယ်သဘောနဲ့ သူ့မှာ တာဝန်မရှိဘူး။ စနစ်မှာ တာဝန်ရှိပါတယ်သဘောနဲ့ ပုံချသွားတာကို တွေ့ရပါတယ်။ ဒါကို ကြည့်ချင်အားဖြင့် သူဟာ တချို့ကိစ္စတွေမှာ သူ့ကိုယ်သူ ဝန်ခံရဲတဲ့ ကိစ္စမျိုး ရှိကောင်းရှိပေမယ်လို့ တချို့ကိစ္စတွေမှာတော့ ပုခုံးရှောင်တဲ့သဘောမျိုး လုပ်ခဲ့တာကို အခုဆို ထင်ထင်ရှားရှား မြင်ရပါပြီ။

ဦးကျော်ဇံသာ ။ ။ အဲဒါ ကျနော်လည်း တွေ့မိပါတယ်။ သူ ရေးခဲ့တဲ့ စာအုပ်ထဲမှာလည်း ကောင်းတဲ့အလုပ်ဆိုရင် သူ ဘယ်လို လုပ်ခဲ့တယ်ဆိုတဲ့ ပုံစံမျိုး တွေ့ပြီးတော့၊ အမှားအယွင်း တစုံတရာဆိုလို့ရှိရင် စုပေါင်းခေါင်းဆောင်မှုဖြစ်တယ်။ အထက်အမိန့်ကို လိုက်နာပြီး လုပ်ရတာဖြစ်တယ် စသဖြင့် တွေ့ရပါတယ်။ ဆရာဦးကျော်ရင်မြင့် ဘာပြောချင်ပါလဲ။

ဦးကျော်ရင်မြင့် ။ ။ အထူးသဖြင့် သူ့စာအုပ်ထဲမှာလည်း ဖော်ပြထားပါတယ်။ စစ်အာဏာ ဒုတိယအကြိမ်သိမ်းအောင် သူ ဘယ်လို လှုပ်ရှားခဲ့တယ်။ ကြိုးကိုင်ခဲ့တယ်ဆိုတာကို သူ့စာအုပ်ထဲမှာ တပိုင်းတစ ဖော်ပြထားပါတယ်။ အဲဒီတော့ စစ်အာဏာသိမ်းမှုကြီး ဖြစ်လာအောင် ဖန်တီးတာက သူပဲလေ။ စနစ်မဟုတ်ဘူး။ အဲဒီတော့ ကျနော် ထင်ပါတယ် သူ့အလုပ် သူ့တာဝန် သူ့အမှားတွေကို သူ သိပုံရပါတယ်။

ဦးကျော်ဇံသာ ။ ။ သူ့စာအုပ်ဆိုလို့ သူက ဘယ်လို တည်ဆောက်ရေးလုပ်ငန်းတွေကို လုပ်ခဲ့တယ်။ ဘယ်နေရာ သွားခဲ့တယ်။ ဓါတ်ပုံတွေနဲ့ ရွှန်းရွှန်းဝေ ပြထားတာပါ။ တကယ်သိချင်တာက ရွေးကောက်ပွဲရလဒ်ကို ဘာကြောင့် သူတို့ မလိုက်နာခဲ့သလဲ။ ဘာကြောင့် အာဏာ မလွှဲခဲ့တာလဲ။ ၈၈ နှိပ်ကွပ်တာ။ ဆန္ဒပြပွဲတွေကို နှိပ်ကွပ်တာ။ Heavy handed ပေါ့။ လိုအပ်တာထက် အင်အားသုံးပြီးတော့ နိုင်ငံတကာမှာလဲ ဖြစ်နေတာပဲ၊ ဒီလောက်တောင် သူတို့ ပစ်သတ်ခဲ့ရတာလဲဆိုတာနဲ့ ပတ်သက်ပြီး ဘာမှ ရှင်းရှင်းလင်းလင်း ပြောတာလဲ မတွေ့ဘူး။ မှားတယ်လို့ ယူဆဟန်လဲ ဘာမှ မတွေ့ပါဘူး။ ဆရာဦးမောင်မောင်မြင့် ဘာပြောစရာ တွေ့ပါလဲ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးရေးတဲ့ အချက်အလက်တွေကို။

ဦးမောင်မောင်မြင့် ။ ။ သူ့စာအုပ်ထဲမှာတော့ စောစောက ဆရာဦးကျော်ဇံသာ ပြောသလို သူ့ကိစ္စကိုသာ ရွှန်းရွှန်းဝေ ပြောသွားတာကို တွေ့ရပါတယ်။ နောက်ပြီးတော့ အရေးကြီးဆုံး အကြောင်းအရာတွေဖြစ်တဲ့ ၈၈ သပိတ်တုန်းက တုန်ပြန်သပိတ်ကိစ္စမှာ သူ ဦးဆောင်ပြီးတော့ နှိမ်နှင်းခဲ့တယ်ဆိုတဲ့ ကိစ္စမျိုးတွေနဲ့ ပတ်သက်ပြီးတော့လဲ အရိပ်အမြွက်တောင် ပြောခဲ့တာ မတွေ့ရဘူး။ နောက်ပြီးတော့ သူဟာ နဝတ အစိုးရအဖွဲ့မှာ၊ နအဖ အစိုးရအဖွဲ့မှာ အတွင်းရေးမှူး (၁) ဆိုတဲ့ တာဝန်ကို ယူပြီးတော့ တကယ်တမ်း ပြောမယ်ဆိုရင် တဖွဲ့လုံးကို ထိန်းချုပ်နိုင်တဲ့ တာဝန်ကို ယူထားခဲ့တယ်။ ထောက်လှမ်းရေးမှုးချုပ်အနေနဲ့လည်း လူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ၊ ညှဉ်းပန်းတာတွေ၊ သတ်ဖြတ်တဲ့ကိစ္စအထိ ကျူးလွန်ခဲ့တယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ သူ့ဆင်ခြေတွေကို တစုံတရာတောင်မှ မတွေ့ရဘူး။ လူအများက မျှော်လင့်ခဲ့ကြတာတော့ သူ့စာအုပ်ထွက်လာရင် သူဟာ အနည်းဆုံးတော့ သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက်ကို တောင်းပန်စကား ပြောမယ်လို့ လူတွေ မျှော်လင့်ခဲ့ကြပေမယ့် ဒါတွေကို မတွေ့ရတဲ့အပြင် သူက တဖန် သူများကို စွပ်စွဲတဲ့ကိစ္စမျိုးတွေ အဲဒီစာအုပ်ထဲမှာ တွေ့ရပါတယ်။ ကျနော် ထင်တာကတော့ သူက တခုခု ထုတ်ပြောလိုက်မယ်ဆိုရင် ဝန်ခံတဲ့သဘော သက်ရောက်မယ်။ ဝန်ခံတဲ့သဘော သက်ရောက်မယ်ဆိုရင် တချိန်ချိန်မှာ အနာဂတ်မြန်မာနိုင်ငံမှာဖြစ်ဖြစ်၊ စောစောကပြောတဲ့ နိုင်ငံတကာ ခုံရုံးမှာဖြစ်ဖြစ် သူကို အမှုစစ်တဲ့အခါမှာ သူကိုယ်တိုင် ဝန်ခံတယ်ဆိုတဲ့ အချက်တွေက သူကို ပြန်ပြီးတော့ ချည်နှောင်နိုင်တယ်၊ တုပ်နှောင်နိုင်တယ်ဆိုတဲ့ သဘောမျိုးထားတာလဲ ဖြစ်နိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာဦးကျော်ရင်မြင့် ဆရာက သတင်းသမားလည်းဖြစ်တယ်။ စာရေးဆရာလည်း ဖြစ်တယ်ဆိုတော့ ဆရာတို့ စာပေအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေက ဘယ်လို သဘောထားကြပါလဲ။

ဦးကျော်ရင်မြင့် ။ ။ ပထမဦးဆုံး ကျနော်တို့အချင်းချင်း ပြောဖြစ်ကြတာက ဝယ်ဖတ်တာ ရှစ်ထောင်မတန်ဘူးဆိုတာ ပြောဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စောစောက ဆရာဦးမောင်မောင်မြင့် ပြောသွားသလို ကျနော်တို့ မျှော်လင့်ထားတာ မပါသလောက်ပဲ။ တခုတော့ရှိပါတယ် ကျနော် ဆရာဦးမောင်မောင်မြင့်ကို ဆန့်ကျင်ပြီး ပြောတာမဟုတ်ပါဘူး။ အဲဒီစာအုပ်ထဲမှာ သူ့လက်အောက်ကလူတွေ အလွန်အကျွံလုပ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ sorry ဆိုတာလေးတော့ အရိပ်အရောင်လောက် ရေးသွားပါတယ်။ အဲဒီ sorry ပြောရုံလောက်နဲ့ ပြီးသွားပြီ၊ တာဝန်ကျေပြီလို့ ထင်သလားတော့ မသိဘူး။ အဲဒါလေးတချက်တော့ တွေ့မိပါတယ်။ လိုရင်ပြန်ပြောရရင်တော့ မျှော်လင်ထားတာနဲ့ သူ့စာအုပ်က တခြားဆီပါပဲ။ သူ့နံမည် ရောင်းစားတယ်လို့ လူတွေက ပြောကြပါတယ်။ သူ့စာအုပ်နဲ့ ပတ်သက်ပြီး နည်းနည်းလောက် ပြန်ပြောရရင် သူ ရေးတယ်လို့ မထင်ကြပါဘူး။ တယောက်ယောက်က ရေးပါရတယ်လို့ ဆိုကြတယ်။ ဘယ်သူ ရေးပေးတယ်လို့ ကျနော်တို့လောကမှာ ပြောတဲ့လူတော့ ရှိကြတယ်။ ဒါက အရေးမကြီးပါဘူး။ ဒီ စာအုပ်ရေးပေးတဲ့လူက သူ့အကြိုက်တွေပဲ ရေးပေးရတယ်။ သူ့မကြားရဲ ဝန်မခံရဲတာ၊ မပြောရဲတာကို ချန်ထားရတယ်လို့ ထင်ပါတယ်။ လိုရင်ပြန်ပြောရရင်တော့ ဆရာဦးမောင်မောင်မြင့်နဲ့ သဘောတူပါတယ်။ သူရဲဘောကြောင်တာ ဒီစာအုပ်ကြီးက ပေါ်လွှင်တယ်။ အခု သူပြောနေတာတွေလည်း ပေါ်လွှင်တယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ နိုင်ငံတကာမှာ တောင်အာဖရိက trend လိုပေါ့။ Truth and Reconciliation Commission အမှန်တရား ဖော်ထုတ်ပြီးတော့ ပြန်လည်သင့်မြတ်ရေး လုပ်နေကြတာပဲ။ မြန်မာနိုင်ငံမှာ အင်အားကြီးတဲ့ အတိုက်အခံပိုင်းကလည်း ဒီစကားမျိုးကို ပြောနေကြတာ။

ဦးကျော်ရင်မြင့် ။ ။ ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က အတိတ်ကို သင်ပုန်ချေပြီးပြီ။ ပြန်ပြီးတော့ မသွားဘူးလို့ အကြိမ်ကြိမ် ပြောနေတာ။ ဒါပေမဲ့ ကိုယ့်စိတ်နဲ့မနှိုင်း မရိုင်းဆိုသလို တချို့ဗိုလ်ချုပ်ကြီးတွေက အဲဒါကို မယုံရဲဘူးထင်တယ်။ သူတို့စိတ်နဲ့ပဲ နှိုင်းနေသလား မသိဘူး။ အမှန်တကယ်ကတော့ နောက်ကဟာတွေကို ပြန်ပြီးတော့ သင်ပုန်ချေပြီးတော့ ရှေ့ကိုဆက်သွားရမယ့် စိတ်ဓါတ်တွေကို ဗိုလ်ချုပ်ကြီးတွေ၊ အတိုက်အခံတွေ ထားနိုင်ရင်တော့ တိုင်းပြည်က ရွေ့မယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံး ပြောလိုတာက အဲဒီမေးတဲ့ အမျိုးသမီးသတင်းထောက် နှစ်ဦးကို ချီးကျူးလိုပါတယ်။ သူတို့က တဖတ်က ဒေါသတကြီး တုံ့ပြန်နေပေမယ့် သူတို့က သူတို့မေးချင်တဲ့ မေးခွန်းကို တည့်တည့်မတ်မတ် ဆက်ပြီးတော့ မေးသွားနိုင်တယ်။ ဆရာဦးမောင်မောင်မြင့် အဲဒီ အမျိုးသမီးသတင်းထောက်တွေကို ဘယ်လို မြင်ပါလဲ။

ဦးမောင်မောင်မြင့် ။ ။ ကျနော်လည်း အင်မတန် အံ့သြမိပြီး အင်မတန်လည်း လေးစားမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ သတင်းလောကကို ဖိနှိပ်ထားတာ နှစ်ပေါင်း အဲဒီလောက် ကြာခဲ့သည်တိုင်အောင် အဲဒီလိုမျိုး သတ္တိရှိတဲ့ သတင်းသမားတွေ၊ ကိုယ့်အလုပ်ကို စိတ်အေးအေးနဲ့ လုပ်နိုင်တဲ့ သတင်းသမားတွေ ရှိတယ်ဆိုတာ ကျနော်တို့ မီဒီယာလောကအတွက်တော့ အားရစရာလို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးကျော်ရင်မြင့် မှတ်ချက်ကို ပြောပါအုံး။

ဦးကျော်ရင်မြင့် ။ ။ ကျနော်လည်း အတူတူပါပဲ။ အထူးသဖြင့် ကျနော်တို့ မြန်မာသတင်းလောကမှာ လူငယ်သတင်းသမားတွေ အခု အများကြီး နေရာယူလာတယ်။ အလုပ်တွေ လုပ်လာတယ်။ အဲဒီအထဲမှာ အမျိုးသမီးလေးတွေ ပိုပြီးတော့ ထူးချွန်တယ်၊ ပိုပြီးတော့ ကြိုးစားတယ်။ ပိုပြီးတော်ကြတယ်။ ပိုပြီးတော့ သတ္တိမွေးပြီးတော့ လုပ်ကြနေပါတယ်။ အဲဒီတော့ လူငယ်တွေအားလုံး၊ အမျိုးသမီး၊ အမျိုးသားတွေအားလုံးကို အသိအမှတ်ပြုတယ်။ ချီးကျူးတယ်။ လေးစားတယ်။ အထူးသဖြင့် အမျိုးသမီးလူငယ် သတင်းထောက်တွေကို ပိုပြီးလေးစားချီးကျူးတယ်ဆိုတာကို ပြောလိုပါတယ်။

XS
SM
MD
LG