သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ အာဆီယံအသင္းဝင္မ်ား


ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

အာဆီယံသေဘာတူညီခ်က္ကို မလိုက္နာလို႔ အေရးယူတဲ့သေဘာနဲ႔ စစ္ေကာင္စီကို အာဆီယံ ႏုိင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝး တက္ခြင့္မေပးပါဘူး။ လြန္ခဲ့တဲ့ႏွစ္ ဧၿပီလမွာ ျမန္မာ့ျပႆနာ ေျဖရွင္းဖုိ႔ အာဆီယံအသင္းဝင္ႏုိင္ငံေတြ ဂ်ကားတားၿမိဳ ႔ေတာ္မွာ သေဘာတူၾကပါတယ္။ (၁) အပစ္အခတ္ ရပ္စဲေရး၊ (၂) သက္ဆိုင္သူအားလံုးပါဝင္ၿပီး ၿငိမ္းခ်မ္းစြာေျဖရွင္းေရး၊ (၃) အာဆီယံဥကၠ႒ရဲ ႔ ျဖန္ေျဖမႈကို လက္ခံေရး၊ (၄) အားလံုးနဲ႔ ေတြ႔ဆံုမယ့္ အာဆီယံကိုယ္စားလွယ္ကို လက္ခံေရး၊ (၅) အာဆီယံရဲ ႔ လူမႈေရး အကူအညီ လက္ခံေရး စတဲ့ အခ်က္ (၅) ခ်က္ကို သေဘာတူခဲ့ၾကတာ တႏွစ္နီးပါး ရိွလာပါၿပီ။

အစည္းအေဝးတက္တဲ့ တပ္ခ်ဳပ္မင္းေအာင္လိႈင္ကေတာ့ ဘာမွမေျပာပါဘူး။ “က်ဳပ္တို႔ေျပာတာ သူၾကားပါတယ္” လို႔သာ စကၤာပူဝန္ႀကီးခ်ဳပ္ လီရွန္လြန္းက ေျပာပါတယ္။ အျပဳသေဘာနဲ႔ ၾကားဝင္တာကို ျမန္မာဘက္က မကန္႔ကြက္ဘူးလို႔ ဆိုပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္ စစ္ဗိုလ္ေဟာင္း Prayut Chan-o-Cha ကေတာ့ အစည္းအေဝးေတာင္ မတက္ပါဘူး။ ၂၀၁၄ မွာ Prayut စစ္အာဏာသိမ္းတုန္းကလည္း အာဆီယံအသင္း ဘာမွမတတ္ႏိုင္ပါဘူး။ ဗိုလ္ခ်ဳပ္ႀကီး Prayut ထိုင္းႏုိင္ငံမွာ အာဏာသိမ္းတာကို အားက်ၿပီး တပ္ခ်ဳပ္မင္းေအာင္လိႈင္က စာေရးၿပီး အကူအညီေတာင္းတယ္လို႔ေတာင္ Prayut က ေျပာပါေသးတယ္။

အာဏာတည္ၿမဲေရးအတြက္ ထုိင္းစစ္ဗိုလ္ကို ဆရာတင္တာဟာ ႏုိင္ငံတကာအသိုင္းအဝိုင္းမွာ သင့္ေတာ္တာ မဟုတ္တဲ့အတြက္ Prayut အစိုးရ ကသိကေအာက္ ျဖစ္သြားပံုရပါတယ္။ Prayut အာဏာသိမ္းၿပီး မၾကာမီ ၂၀၁၄ ဇူလိုင္မွာ တပ္ခ်ဳပ္မင္းေအာင္လိႈင္ ဘန္ေကာက္သြားေရာက္ၿပီး အားေပးစကား ေျပာဖူးပါတယ္။ တပ္ခ်ဳပ္မင္းေအာင္လိႈင္ဟာ ဘုရင့္အတိုင္ပင္ခံ အၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီး ‘ပရမ္ေတနစူလာေနာင္’ ရဲ ႔ ေမြးစားသားျဖစ္ၿပီး၊ ထိုင္းဘုရင္ရဲ ႔ သူရဲေကာင္းဘြဲ႔ (၂) ခုကို ရရိွထားသူပါ။ ေရြးေကာက္ပြဲ ႏုိင္သူကို ျဖဳတ္ခ်တာဟာ ထိုင္းအစဥ္အလာနဲ႔ နီးစပ္ပါတယ္။ ထိုင္းသမိုင္းမွာ ေရြးေကာက္တင္ေျမွာက္ခံအစိုးရကို ထိုင္းစစ္တပ္က ဖယ္ရွားတဲ့အႀကိမ္ မ်ားလြန္းလို႔ အတိအက် မေျပာႏိုင္ၾကပါဘူး။ ဒါေပမဲ့ စစ္အာဏာသိမ္းမႈေၾကာင့္ ထိုင္းစီးပြားေရး ခၽြတ္ၿခံဳက်သြားတာမ်ဳိးကို မေတြ႔ရပါဘူး။

ဒါေၾကာင့္မို႔ ျမန္မာ့ျပည္တြင္းေရးမွာ ဝင္ေရာက္ျဖန္ေျဖႏိုင္မယ့္ အာဆီယံႏုိင္ငံဟာ ထုိင္းႏုိင္ငံပဲ ျဖစ္လိမ့္မယ္လို႔ သံုးသပ္ၾကပါတယ္။ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ မတ္လ (၂၇) ရက္ေန႔မွာ က်င္းပတဲ့ ေနျပည္ေတာ္ စစ္ေရးျပပြဲကို တက္ေရာက္တဲ့ အာဆီယံ (၃) ႏုိင္ငံဟာ ထုိင္း၊ လာအို နဲ႔ ဗိယက္နမ္တို႔ ျဖစ္ပါတယ္။ ဒါေပမဲ့ သက္ဆိုးအရွည္ဆံုး အာဆီယံအာဏာရွင္ဟာ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္စန္ ျဖစ္ပါတယ္။ အာဏာရေနတာ အႏွစ္ (၄၀) ေက်ာ္ပါၿပီ။ ခမာနီကြန္ျမဴနစ္ပါတီမွာ ျဖဳတ္ထုတ္သတ္လမ္းစဥ္ က်င့္သံုးခ်ိန္ ၁၉၇၇ မွာ ဟြန္စန္တို႔အဖြဲ႔ ဗိယက္နမ္မွာ ခိုလံႈၾကပါတယ္။ ဗိယက္နမ္တပ္က ကေမာၻဒီးယားကို သိမ္းပိုက္ၿပီး၊ အစိုးရသစ္္ဖြဲ႔ေတာ့ (၂၆) ႏွစ္သား ဟြန္စန္က ႏုိင္ငံျခားေရးဝန္ႀကီး ျဖစ္လာပါတယ္။ အဲဒီတုန္းကေတာ့ ဟြန္စန္ဟာ အာဆီယံအသင္းရဲ ႔ ရန္သူႀကီးပါ။ အခုေတာ့ အာဆီယံအသင္းရဲ ႔ ဥကၠ႒ႀကီး ျဖစ္ေနပါၿပီ။

အာဆီယံအသင္းရဲ ႔ ပဋိညာဥ္စာတမ္းကို အသင္းဝင္ႏုိင္ငံေတြရဲ ႔ ဘာသာစကားနဲ႔ ေဖာ္ျပထားပါတယ္။ ဒီမိုကေရစီအေျခခံမူမ်ား၊ တရားဥပေဒစိုးမိုးေရး၊ စီမံအုပ္ခ်ဳပ္မႈ ေကာင္းမြန္ေရး၊ လူ႔အခြင့္အေရးနဲ႔ အေျခခံလြတ္လပ္ခြင့္မ်ားကို ေလးစားရာ၊ အကာအကြယ္ေပးေရး၊ ေစာင့္ထိန္းလိုက္နာေရး စတာေတြကို အာဆီယံရဲ ႔ ရည္ရြယ္ခ်က္အျဖစ္အျဖစ္ ေဖာ္ျပပါတယ္။ စစ္ေကာင္စီရဲ ႔လုပ္ရပ္ဟာ အာဆီယံပဋိညာဥ္နဲ႔ ဆန္႔က်င္ဘက္ ျဖစ္ေနပါတယ္။ ဦးသိန္းစိန္ လက္မွတ္္ထိုးထားတဲ့စာတမ္းကို တပ္ခ်ဳပ္မင္းေအာင္လိႈင္က ဖ်က္ဆီးပစ္သလို ျဖစ္ေနပါတယ္။ အာဆီယံအသင္းဟာ ကိုယ့္အတတ္ကိုယ္စူး ကိုယ့္ရွဳးကိုယ္ပတ္ ျဖစ္ေနပါတယ္။ အေၾကာင္းကေတာ့ အသင္းဝင္ေတြ လိုက္နာရမယ့္ အေျခခံမူထဲမွာ ျပည္တြင္းေရး မစြက္ဖက္ေရး၊ ဖိအားမေပးေရးနဲ႔ ဖ်က္လိုဖ်က္ဆီး မလုပ္ေရးတုိ႔ကို ျပဌာန္းထားလို႔ ျဖစ္ပါတယ္။

ဥပမာ အားလံုးသေဘာတူထားတယ္ဆိုတဲ့ ဂ်ကားတာ သေဘာတူညီခ်က္ (၅) ခ်က္ကို အေကာင္အထည္ေဖာ္တဲ့ေနရာမွာ ျပည္တြင္းေရးမွာ မစြက္ဖက္ေရးနဲ႔ ဖိအားမေပးေရးဆိုတဲ့ အာဆီယံမူဝါဒေတြနဲ႔ ဆန္႔က်င္ဘက္ ျဖစ္ေနပါတယ္။ ေဒသတခုလံုးကို အႏၱရာယ္ျပဳလာမယ့္ စစ္ေဘးေရွာင္ ဒုကၡသည္ျပႆနာမ်ဳိးကို ထိထိေရာက္ေရာက္ မကိုင္တြယ္ႏုိင္တာဟာ အာဆီယံမူဝါဒ ခၽြတ္ၿခံဳက်မႈ ျဖစ္တယ္လို႔ ေျပာႏိုင္ပါတယ္။ ရခိုင္ျပည္နယ္က ရိုဟင္ဂ်ာျပႆနာဟာ ထုိင္း၊ မေလးရွားနဲ႔ အင္ဒိုေနရွား အထိေရာက္သြားတာဟာ အာဆီယံအသင္းအတြက္ သင္ခန္းစာယူစရာတခု ျဖစ္ပါတယ္။

အာဆီယံဆယ္ႏုိင္ငံမွာ (၁၉၅၁) ကုလသမဂၢ ဒုကၡသည္ေရးရာ သေဘာတူညီခ်က္ကို ကေမာၻဒီးယားနဲ႔ ဖိလစ္ပိုင္ႏုိင္ငံေတြကသာ လက္မွတ္ထိုးထားပါတယ္။ ဒါေၾကာင့္ အာဆီယံေဒသမွာ ဒုကၡသည္ေတြဟာ ဖိႏိွပ္ခ်ဳပ္ခ်ယ္မႈနဲ႔ အႏုိင္က်င့္ဆက္ဆံမႈကို ခံေနၾကရတာ ျဖစ္ပါတယ္။ အာဆီယံႏုိင္ငံအားလံုး လက္ခံထားတဲ့ ဂ်ကားတား သေဘာတူခ်က္ (၅) ခ်က္ကို တပ္ခ်ဳပ္မင္းေအာင္လိႈင္ မထီမဲ့ျမင္ လုပ္ေနတာကို အေရးယူႏိုင္ဖို႔ လိုပါတယ္။ ဒါေပမဲ့ အာဆီယံႏုိင္ငံေတြဟာ တေလွတည္းစီး တခရီးတည္းသြားေနတဲ့ စီးပြားဖက္ေတြျဖစ္လို႔ အေရးယူဖို႔ဆိုတာ အေျပာလြယ္သေလာက္ လုပ္ရခက္ေနပံုရပါတယ္။

==Unicode ===

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

အာဆီယံသဘောတူညီချက်ကို မလိုက်နာလို့ အရေးယူတဲ့သဘောနဲ့ စစ်ကောင်စီကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ခွင့်မပေးပါဘူး။ လွန်ခဲ့တဲ့နှစ် ဧပြီလမှာ မြန်မာ့ပြဿနာ ဖြေရှင်းဖို့ အာဆီယံအသင်းဝင်နိုင်ငံတွေ ဂျကားတားမြို့တော်မှာ သဘောတူကြပါတယ်။ (၁) အပစ်အခတ် ရပ်စဲရေး၊ (၂) သက်ဆိုင်သူအားလုံးပါဝင်ပြီး ငြိမ်းချမ်းစွာဖြေရှင်းရေး၊ (၃) အာဆီယံဥက္ကဋ္ဌရဲ့ ဖြန်ဖြေမှုကို လက်ခံရေး၊ (၄) အားလုံးနဲ့ တွေ့ဆုံမယ့် အာဆီယံကိုယ်စားလှယ်ကို လက်ခံရေး၊ (၅) အာဆီယံရဲ့ လူမှုရေး အကူအညီ လက်ခံရေး စတဲ့ အချက် (၅) ချက်ကို သဘောတူခဲ့ကြတာ တနှစ်နီးပါး ရှိလာပါပြီ။

အစည်းအဝေးတက်တဲ့ တပ်ချုပ်မင်းအောင်လှိုင်ကတော့ ဘာမှမပြောပါဘူး။ “ကျုပ်တို့ပြောတာ သူကြားပါတယ်” လို့သာ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောပါတယ်။ အပြုသဘောနဲ့ ကြားဝင်တာကို မြန်မာဘက်က မကန့်ကွက်ဘူးလို့ ဆိုပါတယ်။ ထိုင်းဝန်ကြီးချုပ် စစ်ဗိုလ်ဟောင်း Prayut Chan-o-Cha ကတော့ အစည်းအဝေးတောင် မတက်ပါဘူး။ ၂၀၁၄ မှာ Prayut စစ်အာဏာသိမ်းတုန်းကလည်း အာဆီယံအသင်း ဘာမှမတတ်နိုင်ပါဘူး။ ဗိုလ်ချုပ်ကြီး Prayut ထိုင်းနိုင်ငံမှာ အာဏာသိမ်းတာကို အားကျပြီး တပ်ချုပ်မင်းအောင်လှိုင်က စာရေးပြီး အကူအညီတောင်းတယ်လို့တောင် Prayut က ပြောပါသေးတယ်။

အာဏာတည်မြဲရေးအတွက် ထိုင်းစစ်ဗိုလ်ကို ဆရာတင်တာဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ သင့်တော်တာ မဟုတ်တဲ့အတွက် Prayut အစိုးရ ကသိကအောက် ဖြစ်သွားပုံရပါတယ်။ Prayut အာဏာသိမ်းပြီး မကြာမီ ၂၀၁၄ ဇူလိုင်မှာ တပ်ချုပ်မင်းအောင်လှိုင် ဘန်ကောက်သွားရောက်ပြီး အားပေးစကား ပြောဖူးပါတယ်။ တပ်ချုပ်မင်းအောင်လှိုင်ဟာ ဘုရင့်အတိုင်ပင်ခံ အငြိမ်းစားဗိုလ်ချုပ်ကြီး ‘ပရမ်တေနစူလာနောင်’ ရဲ့ မွေးစားသားဖြစ်ပြီး၊ ထိုင်းဘုရင်ရဲ့ သူရဲကောင်းဘွဲ့ (၂) ခုကို ရရှိထားသူပါ။ ရွေးကောက်ပွဲ နိုင်သူကို ဖြုတ်ချတာဟာ ထိုင်းအစဉ်အလာနဲ့ နီးစပ်ပါတယ်။ ထိုင်းသမိုင်းမှာ ရွေးကောက်တင်မြှောက်ခံအစိုးရကို ထိုင်းစစ်တပ်က ဖယ်ရှားတဲ့အကြိမ် များလွန်းလို့ အတိအကျ မပြောနိုင်ကြပါဘူး။ ဒါပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် ထိုင်းစီးပွားရေး ချွတ်ခြုံကျသွားတာမျိုးကို မတွေ့ရပါဘူး။

ဒါကြောင့်မို့ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်ဖြန်ဖြေနိုင်မယ့် အာဆီယံနိုင်ငံဟာ ထိုင်းနိုင်ငံပဲ ဖြစ်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် မတ်လ (၂၇) ရက်နေ့မှာ ကျင်းပတဲ့ နေပြည်တော် စစ်ရေးပြပွဲကို တက်ရောက်တဲ့ အာဆီယံ (၃) နိုင်ငံဟာ ထိုင်း၊ လာအို နဲ့ ဗိယက်နမ်တို့ ဖြစ်ပါတယ်။ ဒါပေမဲ့ သက်ဆိုးအရှည်ဆုံး အာဆီယံအာဏာရှင်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်စန် ဖြစ်ပါတယ်။ အာဏာရနေတာ အနှစ် (၄၀) ကျော်ပါပြီ။ ခမာနီကွန်မြူနစ်ပါတီမှာ ဖြုတ်ထုတ်သတ်လမ်းစဉ် ကျင့်သုံးချိန် ၁၉၇၇ မှာ ဟွန်စန်တို့အဖွဲ့ ဗိယက်နမ်မှာ ခိုလှုံကြပါတယ်။ ဗိယက်နမ်တပ်က ကမ္ဘောဒီးယားကို သိမ်းပိုက်ပြီး၊ အစိုးရသစ်ဖွဲ့တော့ (၂၆) နှစ်သား ဟွန်စန်က နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပါတယ်။ အဲဒီတုန်းကတော့ ဟွန်စန်ဟာ အာဆီယံအသင်းရဲ့ ရန်သူကြီးပါ။ အခုတော့ အာဆီယံအသင်းရဲ့ ဥက္ကဋ္ဌကြီး ဖြစ်နေပါပြီ။

အာဆီယံအသင်းရဲ့ ပဋိညာဉ်စာတမ်းကို အသင်းဝင်နိုင်ငံတွေရဲ့ ဘာသာစကားနဲ့ ဖော်ပြထားပါတယ်။ ဒီမိုကရေစီအခြေခံမူများ၊ တရားဥပဒေစိုးမိုးရေး၊ စီမံအုပ်ချုပ်မှု ကောင်းမွန်ရေး၊ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်များကို လေးစားရာ၊ အကာအကွယ်ပေးရေး၊ စောင့်ထိန်းလိုက်နာရေး စတာတွေကို အာဆီယံရဲ့ ရည်ရွယ်ချက်အဖြစ်အဖြစ် ဖော်ပြပါတယ်။ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အာဆီယံပဋိညာဉ်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ဦးသိန်းစိန် လက်မှတ်ထိုးထားတဲ့စာတမ်းကို တပ်ချုပ်မင်းအောင်လှိုင်က ဖျက်ဆီးပစ်သလို ဖြစ်နေပါတယ်။ အာဆီယံအသင်းဟာ ကိုယ့်အတတ်ကိုယ်စူး ကိုယ့်ရှုးကိုယ်ပတ် ဖြစ်နေပါတယ်။ အကြောင်းကတော့ အသင်းဝင်တွေ လိုက်နာရမယ့် အခြေခံမူထဲမှာ ပြည်တွင်းရေး မစွက်ဖက်ရေး၊ ဖိအားမပေးရေးနဲ့ ဖျက်လိုဖျက်ဆီး မလုပ်ရေးတို့ကို ပြဌာန်းထားလို့ ဖြစ်ပါတယ်။

ဥပမာ အားလုံးသဘောတူထားတယ်ဆိုတဲ့ ဂျကားတာ သဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ ပြည်တွင်းရေးမှာ မစွက်ဖက်ရေးနဲ့ ဖိအားမပေးရေးဆိုတဲ့ အာဆီယံမူဝါဒတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ဒေသတခုလုံးကို အန္တရာယ်ပြုလာမယ့် စစ်ဘေးရှောင် ဒုက္ခသည်ပြဿနာမျိုးကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်တာဟာ အာဆီယံမူဝါဒ ချွတ်ခြုံကျမှု ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာဟာ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနေရှား အထိရောက်သွားတာဟာ အာဆီယံအသင်းအတွက် သင်ခန်းစာယူစရာတခု ဖြစ်ပါတယ်။

အာဆီယံဆယ်နိုင်ငံမှာ (၁၉၅၁) ကုလသမဂ္ဂ ဒုက္ခသည်ရေးရာ သဘောတူညီချက်ကို ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကသာ လက်မှတ်ထိုးထားပါတယ်။ ဒါကြောင့် အာဆီယံဒေသမှာ ဒုက္ခသည်တွေဟာ ဖိနှိပ်ချုပ်ချယ်မှုနဲ့ အနိုင်ကျင့်ဆက်ဆံမှုကို ခံနေကြရတာ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံအားလုံး လက်ခံထားတဲ့ ဂျကားတား သဘောတူချက် (၅) ချက်ကို တပ်ချုပ်မင်းအောင်လှိုင် မထီမဲ့မြင် လုပ်နေတာကို အရေးယူနိုင်ဖို့ လိုပါတယ်။ ဒါပေမဲ့ အာဆီယံနိုင်ငံတွေဟာ တလှေတည်းစီး တခရီးတည်းသွားနေတဲ့ စီးပွားဖက်တွေဖြစ်လို့ အရေးယူဖို့ဆိုတာ အပြောလွယ်သလောက် လုပ်ရခက်နေပုံရပါတယ်။

XS
SM
MD
LG