သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္းျပည္နယ္က တရုတ္ကိုလိုနီ


UWSA anniversary

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

လြန္ခဲ့တဲ့ ေဖေဖၚဝါရီလက ေနျပည္ေတာ္မွာ စစ္ေကာင္စီ က်င္းပတဲ့ (၇၅) ႀကိမ္ေျမာက္ ျပည္ေထာင္စုေန႔ကို တက္ေရာက္ခဲ့တဲ့ တိုင္းရင္းသားလက္နက္ကိုင္ ကိုယ္စားလွယ္ေတြထဲမွာ ‘ဝ’ တပ္ဖြဲ႕ရဲ႕ လားရႈိးၿမိဳ႕က ဆက္ဆံေရးတာဝန္ခံ ဦးညီရန္းလည္း ပါဝင္ပါတယ္။ အရင္ကလည္း တက္ေရာက္ခဲ့တဲ့ အစဥ္အလာရွိတာမို႔ ဖိတ္ရင္တက္ေနၾက ျဖစ္တယ္လို႔ ဥိးညီရန္းက ဧရာဝတီသတင္းဌာန (ေဖေဖၚဝါရီ ၁၄ ရက္ေန႔) ကို ေျပာပါတယ္။ ‘ဝ’ ျပည္နယ္ ၿငိမ္းခ်မ္းေရး အႏွစ္ (၃၀) ျပည့္ အခမ္းအနား ၂၀၁၉ ဧၿပီလ ပန္ဆန္းမွာ က်င္းပတုန္းကေတာ့ NLD အစိုးရကသာ ကိုယ္စားလွယ္လႊတ္ၿပီး သဝဏ္လႊာ ပို႔ခဲ့ေပမယ့္ တပ္မေတာ္က လုံးဝမတက္ပါဘူး။

ဒါေပမဲ့ တ႐ုတ္အစိုးရရဲ႕ အာရွေရးရာ အထူးသံအမတ္ ‘ဆြန္းေကာ္ရန္’ ကိုေတာ့ အခမ္းအနားမွာ ေတြ႕ရေၾကာင္း သတင္းေပးပို႔ၾကပါတယ္။ ‘ဝ’ ျပည္ ေသြးစည္းညီၫြတ္ေရးတပ္က စစ္လက္နက္ပစၥည္းမ်ိဳးစုံ ကိုင္ေဆာင္တဲ့ စစ္အင္အားအျပည့္နဲ႔ စစ္ေရးျပတာဟာ ၿငိမ္းခ်မ္းေရးကို လက္နက္နဲ႔ ကာကြယ္ထားေၾကာင္း ျပသသလို ျဖစ္ေနပါတယ္။ စစ္ၿပိဳင္အစိုးရနဲ႔ စစ္ၿပိဳင္တပ္မေတာ္လို ျဖစ္ေနတဲ့ အခမ္းအနားကို မတက္ေရာက္ႏိုင္ေၾကာင္း၊ တပ္မေတာ္အေနနဲ႔ အဆုံးစြန္သည္းခံတဲ့ အေနအထားမွာ ရွိေနတယ္လို႔ ဗိုလ္ခ်ဳပ္စိုးႏိုင္ဦးက သတင္းစာရွင္းလင္းပြဲမွာ ဇြန္လ (၂) ရက္ေန႔က ေျပာသြားပါတယ္။

တ႐ုတ္ျပည္အလယ္ပိုင္းနဲ႔ ‘ဝ’ ေဒသမွာ ေရရွည္သုေတသန လုပ္ခဲ့သူ၊ လန္ဒန္စီးပြားေရးတကၠသိုလ္ မႏုႆေဗဒပါေမာကၡ စတိန္းမူလာ Dr. Stein Muller က တ႐ုတ္နဲ႔ ‘ဝ’ ဆက္ဆံေရးအေၾကာင္း စာတမ္းေရးထားပါတယ္။ ‘ဝ’ ျပည္နယ္ကို ‘ေတာင္ေပၚက တ႐ုတ္ခံတပ္’ ရွန္းဂ်ိဳင့္ဂြၽန္းဂြာ Shanzhai Zhongguo လို႔ တ႐ုတ္ေတြက ေခၚတယ္လို႔ ဆိုပါတယ္။ တ႐ုတ္ကုမၸဏီေတြက ‘ဝ’ ျပည္ကို တည္ေဆာက္ထားတာလို႔ ဆိုပါတယ္။ ‘ဝ’ျပည္ရဲ႕ အေျခခံအေဆာက္အအုံေတြကို တ႐ုတ္ကုမၸဏီေတြက တ႐ုတ္အလုပ္သမားေတြသုံးၿပီး တည္ေဆာက္တာကို ဆိုလိုတာ ျဖစ္ပါတယ္။ ‘ဝ’ျပည္သုံး စကားဟာ တ႐ုတ္စကားပါ။ သုံးတဲ့ေငြက တ႐ုတ္ယြမ္ေငြ ျဖစ္ပါတယ္။ သတၱဳတြင္းနဲ႔ ရာဘာလုပ္ငန္း၊ ဟိုတယ္နဲ႔ supermarket လုပ္ငန္း၊ Casino နဲ႔ အႏွိပ္သည္လုပ္ငန္း စတာေတြကို တ႐ုတ္ကုမၸဏီက လုပ္ၾကပါတယ္။ Mobile တယ္လီဖုန္းစနစ္ကိုေတာ့ တ႐ုတ္အစိုးရပိုင္ ကုမၸဏီႏွစ္ခုက ဝန္ေဆာင္ေရး တာဝန္ယူထားပါတယ္။

‘ရွန္းဂ်ိဳင့္’ ဆိုတဲ့ တ႐ုတ္စကားဟာ ေတာ္ေပၚခံတပ္ကို ဆိုလိုတာ ျဖစ္ေပမယ့္၊ အတုအပလို႔လည္း အဓိပၸါယ္ ရပါတယ္။ ဒါေၾကာင့္ ‘ဝ’ျပည္ဟာ တ႐ုတ္ျပည္ အတုေလးျဖစ္လို႔ အညံ့စား ကုန္ပစၥည္းအတုထုတ္လုပ္ေနတာကို ဆိုလိုတဲ့သေဘာ ျဖစ္ပါတယ္။ ၁၉၇၀ ျပည့္လြန္ႏွစ္ေတြမွာ ဗကပ လက္ေအာက္ခံ ဘဝကတည္းက ‘ဝ’ေခါင္းေဆာင္ပိုင္းဟာ တ႐ုတ္နဲ႔ ရင္းႏွီးၿပီး၊ အကူအညီအမ်ိဳးမ်ိဳး ရယူလာခဲ့ပါတယ္။ ဒီလို ဆက္ဆံေရးမ်ိဳးေၾကာင့္ တ႐ုတ္ကို အတုယူတာေတြ မ်ားေနတာ ျဖစ္ပါတယ္။ တ႐ုတ္အစိုးရ မႀကိဳက္တာ မလုပ္လိုတဲ့အတြက္ ‘ဝ’ျပည္မွာ ဘိန္းစိုက္ပ်ိဳးမႈ မရွိေတာ့ေပမယ့္၊ စိတ္ႂကြေဆးျပားမ်ိဳးစုံ ထုတ္လုပ္ရာမွာ ‘ဝ’ျပည္ဟာ နာမည္ႀကီးပါတယ္။ စစ္အင္အားမွာလည္း အေကာင္းဆုံး ျဖစ္ပါတယ္။

တ႐ုတ္ကြန္ျမဴနစ္အစိုးရ ေထာက္ခံအားေပးတဲ့ ဗကပရဲ႕ လက္ေအာက္ခံ ‘ဝ’တပ္ဖြဲ႕မွာ တ႐ုတ္တပ္သားေရာ၊ တ႐ုတ္သင္တန္းဆရာေရာ ပါဝင္တာမို႔ ေမာ္စီတုန္းရဲ႕ စစ္ဗ်ဴဟာနဲ႔ လက္ပြန္းတတီး ရွိခဲ့ပါတယ္။ ၁၉၇၀ ျပည့္လြန္မွာ တ႐ုတ္ေထာက္ပံ့မႈ ေလ်ာ့နည္းသြားတဲ့အခါ ဘိန္းလုပ္ငန္းနဲ႔ ရန္ပုံေငြ ရွာပါတယ္။ ဘိန္းလုပ္ငန္းကို စြန႔္လႊတ္လိုက္တဲ့ေနာက္ပိုင္း ‘ဝ’ျပည္မွာ တ႐ုတ္ရင္းႏွီးမႈ တိုးပြားလာပါတယ္။ တ႐ုတ္ျပည္ တိုးတက္လာတာနဲ႔အတူ ‘ဝ’ျပည္လည္း တိုးတက္လာတာ ျဖစ္ေပမယ့္ အတုအပအဆင့္မွာပဲ ရွိတယ္လို႔ ပါေမာကၡ ‘စတိန္းမူလာ’ က သုံးသပ္ပါတယ္။ ဒါေပမဲ့ တ႐ုတ္လႊမ္းမိုးတဲ့ ၾကားခံေဒသျဖစ္တဲ့အတြက္ အေနာက္တိုင္းသေဘာတရားျဖစ္တဲ့ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးကို ‘ဝ’ျပည္က ဂ႐ုမစိုက္ႏိုင္ပါဘူး။ တ႐ုတ္ပုံစံအတိုင္း ေခတ္မီေအာင္ လုပ္ဖို႔သာ စိတ္ကူးထားပုံ ရတယ္လို႔ ဆိုပါတယ္။

တ႐ုတ္ျပည္မွာ က်င့္သုံးတဲ့ တပါတီအာဏာရွင္စနစ္၊ တ႐ုတ္ရဲ႕ အရင္းရွင္စီးပြားေရး၊ တ႐ုတ္ယဥ္ေက်းမႈနဲ႔ တ႐ုတ္စစ္ဗ်ဴဟာကို လက္ခံက်င့္သုံးရင္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေအာင္ ‘ဝ’ျပည္က လုပ္ထားပါတယ္။ ဒါေၾကာင့္လဲ ‘ဝ’ေဒသကို တ႐ုတ္ျပည္ေလးလို႔ တင္စားေျပာဆိုၾကတာ ျဖစ္ပုံရတယ္လို႔ ‘စတိန္းမူလာ’ က ဆိုပါတယ္။ ဒါေပမဲ့ သုေတသီ Bertil Lintner ကေတာ့ တ႐ုတ္ရဲ႕ ေထာက္ပံ့မႈေတြ ရေနေပမယ့္ တ႐ုတ္ၾသဇာခံေတာ့ မဟုတ္ဘူးလို႔ ျမင္ပါတယ္။ ‘ဝ’ ဦးေဆာင္ၿပီး ဖြဲ႕စည္းထားတဲ့ ေျမာက္ပိုင္းမဟာမိတ္ ‘ဖက္ဒရယ္ႏိုင္ငံေရး ေဆြးေႏြးညႇိႏႈိင္းေရးေကာ္မတီ’ ဝင္ေတြ အပစ္ရပ္ သေဘာတူညီခ်က္ကို လက္မွတ္မထိုးတဲ့ကိစၥမွာ တ႐ုတ္လည္း ဘာမွ မတတ္ႏိုင္ဘူးလို႔ ဆိုပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသမွာ ေနရယူဖို႔ ႀကိဳးပမ္းေနတဲ့ သွ်မ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ RC တပ္ဖြဲ႕ ၂၀၁၇ ကတည္းက ေျခကုတ္ယူထားတဲ့ ေက်းသီးၿမိဳ႕နယ္ လြိဳင္ဟြန္းစခန္းကို လြန္ခဲ့တဲ့ႏွစ္က ဆုတ္ေပးလိုက္ရတာဟာ ‘ဝ’ ဦးေဆာင္တဲ့ မဟာမိတ္အဖြဲ႕ ေအာင္ပြဲခံဖို႔ အစပ်ိဳးတာျဖစ္ေၾကာင္း ဝါရင့္သုေတသီ Anthony Davis က သုံးသပ္ပါတယ္။ စစ္ေကာင္စီတပ္ေတြ အျခားေနရာမွာ အလုပ္ရႈပ္ေနခ်ိန္မွာ ‘ဝ’ တပ္ဖြဲ႕က ၾသဇာနယ္ေျမ တည္ေဆာက္ေနတာ အေတာ္ေလး ခရီးေရာက္ေနၿပီျဖစ္လို႔ တ႐ုတ္အတြက္ေတာ့ သတင္းေကာင္းျဖစ္မွာ ေသခ်ာတယ္လို႔ ဆိုပါတယ္။

==Unicode==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလက နေပြည်တော်မှာ စစ်ကောင်စီ ကျင်းပတဲ့ (၇၅) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေထဲမှာ ‘ဝ’ တပ်ဖွဲ့ရဲ့ လားရှိုးမြို့က ဆက်ဆံရေးတာဝန်ခံ ဦးညီရန်းလည်း ပါဝင်ပါတယ်။ အရင်ကလည်း တက်ရောက်ခဲ့တဲ့ အစဉ်အလာရှိတာမို့ ဖိတ်ရင်တက်နေကြ ဖြစ်တယ်လို့ ဥိးညီရန်းက ဧရာဝတီသတင်းဌာန (ဖေဖေါ်ဝါရီ ၁၄ ရက်နေ့) ကို ပြောပါတယ်။ ‘ဝ’ ပြည်နယ် ငြိမ်းချမ်းရေး အနှစ် (၃၀) ပြည့် အခမ်းအနား ၂၀၁၉ ဧပြီလ ပန်ဆန်းမှာ ကျင်းပတုန်းကတော့ NLD အစိုးရကသာ ကိုယ်စားလှယ်လွှတ်ပြီး သဝဏ်လွှာ ပို့ခဲ့ပေမယ့် တပ်မတော်က လုံးဝမတက်ပါဘူး။

ဒါပေမဲ့ တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးသံအမတ် ‘ဆွန်းကော်ရန်’ ကိုတော့ အခမ်းအနားမှာ တွေ့ရကြောင်း သတင်းပေးပို့ကြပါတယ်။ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်က စစ်လက်နက်ပစ္စည်းမျိုးစုံ ကိုင်ဆောင်တဲ့ စစ်အင်အားအပြည့်နဲ့ စစ်ရေးပြတာဟာ ငြိမ်းချမ်းရေးကို လက်နက်နဲ့ ကာကွယ်ထားကြောင်း ပြသသလို ဖြစ်နေပါတယ်။ စစ်ပြိုင်အစိုးရနဲ့ စစ်ပြိုင်တပ်မတော်လို ဖြစ်နေတဲ့ အခမ်းအနားကို မတက်ရောက်နိုင်ကြောင်း၊ တပ်မတော်အနေနဲ့ အဆုံးစွန်သည်းခံတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဗိုလ်ချုပ်စိုးနိုင်ဦးက သတင်းစာရှင်းလင်းပွဲမှာ ဇွန်လ (၂) ရက်နေ့က ပြောသွားပါတယ်။

တရုတ်ပြည်အလယ်ပိုင်းနဲ့ ‘ဝ’ ဒေသမှာ ရေရှည်သုတေသန လုပ်ခဲ့သူ၊ လန်ဒန်စီးပွားရေးတက္ကသိုလ် မနုဿဗေဒပါမောက္ခ စတိန်းမူလာ Dr. Stein Muller က တရုတ်နဲ့ ‘ဝ’ ဆက်ဆံရေးအကြောင်း စာတမ်းရေးထားပါတယ်။ ‘ဝ’ ပြည်နယ်ကို ‘တောင်ပေါ်က တရုတ်ခံတပ်’ ရှန်းဂျိုင့်ဂျွန်းဂွာ Shanzhai Zhongguo လို့ တရုတ်တွေက ခေါ်တယ်လို့ ဆိုပါတယ်။ တရုတ်ကုမ္ပဏီတွေက ‘ဝ’ ပြည်ကို တည်ဆောက်ထားတာလို့ ဆိုပါတယ်။ ‘ဝ’ပြည်ရဲ့ အခြေခံအဆောက်အအုံတွေကို တရုတ်ကုမ္ပဏီတွေက တရုတ်အလုပ်သမားတွေသုံးပြီး တည်ဆောက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ‘ဝ’ပြည်သုံး စကားဟာ တရုတ်စကားပါ။ သုံးတဲ့ငွေက တရုတ်ယွမ်ငွေ ဖြစ်ပါတယ်။ သတ္တုတွင်းနဲ့ ရာဘာလုပ်ငန်း၊ ဟိုတယ်နဲ့ supermarket လုပ်ငန်း၊ Casino နဲ့ အနှိပ်သည်လုပ်ငန်း စတာတွေကို တရုတ်ကုမ္ပဏီက လုပ်ကြပါတယ်။ Mobile တယ်လီဖုန်းစနစ်ကိုတော့ တရုတ်အစိုးရပိုင် ကုမ္ပဏီနှစ်ခုက ဝန်ဆောင်ရေး တာဝန်ယူထားပါတယ်။

‘ရှန်းဂျိုင့်’ ဆိုတဲ့ တရုတ်စကားဟာ တော်ပေါ်ခံတပ်ကို ဆိုလိုတာ ဖြစ်ပေမယ့်၊ အတုအပလို့လည်း အဓိပ္ပါယ် ရပါတယ်။ ဒါကြောင့် ‘ဝ’ပြည်ဟာ တရုတ်ပြည် အတုလေးဖြစ်လို့ အညံ့စား ကုန်ပစ္စည်းအတုထုတ်လုပ်နေတာကို ဆိုလိုတဲ့သဘော ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဗကပ လက်အောက်ခံ ဘဝကတည်းက ‘ဝ’ခေါင်းဆောင်ပိုင်းဟာ တရုတ်နဲ့ ရင်းနှီးပြီး၊ အကူအညီအမျိုးမျိုး ရယူလာခဲ့ပါတယ်။ ဒီလို ဆက်ဆံရေးမျိုးကြောင့် တရုတ်ကို အတုယူတာတွေ များနေတာ ဖြစ်ပါတယ်။ တရုတ်အစိုးရ မကြိုက်တာ မလုပ်လိုတဲ့အတွက် ‘ဝ’ပြည်မှာ ဘိန်းစိုက်ပျိုးမှု မရှိတော့ပေမယ့်၊ စိတ်ကြွဆေးပြားမျိုးစုံ ထုတ်လုပ်ရာမှာ ‘ဝ’ပြည်ဟာ နာမည်ကြီးပါတယ်။ စစ်အင်အားမှာလည်း အကောင်းဆုံး ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်အစိုးရ ထောက်ခံအားပေးတဲ့ ဗကပရဲ့ လက်အောက်ခံ ‘ဝ’တပ်ဖွဲ့မှာ တရုတ်တပ်သားရော၊ တရုတ်သင်တန်းဆရာရော ပါဝင်တာမို့ မော်စီတုန်းရဲ့ စစ်ဗျူဟာနဲ့ လက်ပွန်းတတီး ရှိခဲ့ပါတယ်။ ၁၉၇၀ ပြည့်လွန်မှာ တရုတ်ထောက်ပံ့မှု လျော့နည်းသွားတဲ့အခါ ဘိန်းလုပ်ငန်းနဲ့ ရန်ပုံငွေ ရှာပါတယ်။ ဘိန်းလုပ်ငန်းကို စွန့်လွှတ်လိုက်တဲ့နောက်ပိုင်း ‘ဝ’ပြည်မှာ တရုတ်ရင်းနှီးမှု တိုးပွားလာပါတယ်။ တရုတ်ပြည် တိုးတက်လာတာနဲ့အတူ ‘ဝ’ပြည်လည်း တိုးတက်လာတာ ဖြစ်ပေမယ့် အတုအပအဆင့်မှာပဲ ရှိတယ်လို့ ပါမောက္ခ ‘စတိန်းမူလာ’ က သုံးသပ်ပါတယ်။ ဒါပေမဲ့ တရုတ်လွှမ်းမိုးတဲ့ ကြားခံဒေသဖြစ်တဲ့အတွက် အနောက်တိုင်းသဘောတရားဖြစ်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ‘ဝ’ပြည်က ဂရုမစိုက်နိုင်ပါဘူး။ တရုတ်ပုံစံအတိုင်း ခေတ်မီအောင် လုပ်ဖို့သာ စိတ်ကူးထားပုံ ရတယ်လို့ ဆိုပါတယ်။

တရုတ်ပြည်မှာ ကျင့်သုံးတဲ့ တပါတီအာဏာရှင်စနစ်၊ တရုတ်ရဲ့ အရင်းရှင်စီးပွားရေး၊ တရုတ်ယဉ်ကျေးမှုနဲ့ တရုတ်စစ်ဗျူဟာကို လက်ခံကျင့်သုံးရင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအောင် ‘ဝ’ပြည်က လုပ်ထားပါတယ်။ ဒါကြောင့်လဲ ‘ဝ’ဒေသကို တရုတ်ပြည်လေးလို့ တင်စားပြောဆိုကြတာ ဖြစ်ပုံရတယ်လို့ ‘စတိန်းမူလာ’ က ဆိုပါတယ်။ ဒါပေမဲ့ သုတေသီ Bertil Lintner ကတော့ တရုတ်ရဲ့ ထောက်ပံ့မှုတွေ ရနေပေမယ့် တရုတ်သြဇာခံတော့ မဟုတ်ဘူးလို့ မြင်ပါတယ်။ ‘ဝ’ ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ် ‘ဖက်ဒရယ်နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ’ ဝင်တွေ အပစ်ရပ် သဘောတူညီချက်ကို လက်မှတ်မထိုးတဲ့ကိစ္စမှာ တရုတ်လည်း ဘာမှ မတတ်နိုင်ဘူးလို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ နေရယူဖို့ ကြိုးပမ်းနေတဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RC တပ်ဖွဲ့ ၂၀၁၇ ကတည်းက ခြေကုတ်ယူထားတဲ့ ကျေးသီးမြို့နယ် လွိုင်ဟွန်းစခန်းကို လွန်ခဲ့တဲ့နှစ်က ဆုတ်ပေးလိုက်ရတာဟာ ‘ဝ’ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ အောင်ပွဲခံဖို့ အစပျိုးတာဖြစ်ကြောင်း ဝါရင့်သုတေသီ Anthony Davis က သုံးသပ်ပါတယ်။ စစ်ကောင်စီတပ်တွေ အခြားနေရာမှာ အလုပ်ရှုပ်နေချိန်မှာ ‘ဝ’ တပ်ဖွဲ့က သြဇာနယ်မြေ တည်ဆောက်နေတာ အတော်လေး ခရီးရောက်နေပြီဖြစ်လို့ တရုတ်အတွက်တော့ သတင်းကောင်းဖြစ်မှာ သေချာတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG