သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်မရပ်တဲ့ အပစ်ရပ်စာချုပ်


၁၉ ကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-U အစည်းအဝေး (ဓာတ်ပုံ - MOI - ဇူလိုင် ၀၈၊ ၂၀၂၀)
၁၉ ကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-U အစည်းအဝေး (ဓာတ်ပုံ - MOI - ဇူလိုင် ၀၈၊ ၂၀၂၀)
အပစ်မရပ်တဲ့ အပစ်ရပ်စာချုပ်
please wait

No media source currently available

0:00 0:05:24 0:00
တိုက်ရိုက် လင့်ခ်

လွန်ခဲ့တဲ့နှစ်ပိုင်းကစပြီး ဒီနှစ် ဧပြီလအစောပိုင်းအထိ (၄) လအတွင်း တပ်မတော်နဲ့ KNU တပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲအကြိမ် (၄၀) ဖြစ်ပွားပြီး အရာရှိနဲ့ စစ်သည်အချို့ ကျဆုံးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ဖာပွန်ခရိုင်က တပ်မတော်လမ်းဖောက်လုပ်ငန်းကို ကရင်တပ်ဖွဲ့က ပစ်ခတ်တဲ့အတွက် တိုက်ပွဲဖြစ်ပွားရတာလို့ ဆိုပါတယ်။ နင်းမိုင်းပေါက်ကွဲမှု အကြိမ် (၂၀) ကျော် ဖြစ်တာမို့ တပ်မတော်ဘက်က တပ်ရင်းမှူးတဦး ကျဆုံးတဲ့အထိ ဖြစ်သွားပါတယ်။ ဖာပွန်ခရိုင်တခုတည်းမှာသာ ပစ်ခတ်မှုတွေ ဖြစ်ပွားနေပုံရပါတယ်။ လမ်းဖောက်လုပ်မှုကို KNU ဘက်က ကန့်ကွက်ထားပါတယ်။

အကြမ်းဖက်မှုနဲ့ ဥပဒေမဲ့ ပြုမှုတွေမလုပ်ဖို့ NCA အပစ်ရပ်စာချုပ်က တားမြစ်ထားပါတယ်။ ပြည်သူလူထုဆီက ငွေ၊ ပစ္စည်းဥစ္စာ၊ စားနပ်ရိက္ခာ၊ လုပ်အားနဲ့ဝန်ဆောင်မှုကို အတင်းအဓမ္မ တောင်းခံတာမျိုး မလုပ်ဖို့လည်း ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့ တပ်မတော် ခလရ (၄၀၉) က တပ်သားနှစ်ယောက်က ကရင်အမျိုးသမီးတဦးကို သေနတ်နဲ့ပစ်သတ်ပြီး လက်ဝက်ရတနာတွေ လုယူသွားတဲ့အမှု မကြာမီက ဖြစ်ပွားခဲ့ပါတယ်။ ဒီတပ်သားနှစ်ဦးကို ဖမ်းဆီးထားကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့က ဇူလိုင်လ (၂၀) ရက်နေ့က ကြေညာပါတယ်။ ဒေသခံကရင်တွေ ကြုံတွေ့နေရတဲ့ ပြဿနာတခု ဖြစ်ပါတယ်။

အစိုးရတပ်နဲ့ KNU အပစ်အခတ်ရပ်စဲဖို့ သဘောတူထားတာ ရှစ်နှစ် ရှိပါပြီ။ ၂၀၁၂ မှာ နှစ်ဦးနှစ်ဖက် အပစ်ရပ်သဘောတူညီချက် ရယူပြီး ၂၀၁၅ မှာ တပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ထိုးပါတယ်။ အဲဒီနှစ်မှာပဲ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကို ဖွဲ့စည်းထားပါတယ်။ JMC ကို ပြည်ထောင်စုအဆင့်၊ တိုင်းနဲ့ပြည်နယ်အဆင့်ဆိုပြီး အဆင့်ဆင့်ဖွဲ့စည်းထားပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ရုံးခွဲတွေ ရှိပါတယ်။ NCA စာချုပ်ပါ တပ်ပိုင်းဆိုင်ရာကိစ္စ၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်၊ ပစ်ခတ်မှုရပ်စဲရေး စည်းမျဉ်းစည်းကမ်း ချိုးဖျက်မှု၊ အငြင်းပွားမှုနဲ့ ပတ်သက်လို့ တိုင်းကြားလာလျှင် JMC က ဖြေရှင်းပေးမယ်လို့ သိရပါတယ်။ JMC ရန်ပုံငွေအတွက် တရုတ်နဲ့ ထိုင်းတို့က အလှူငွေထည့်ကြပါတယ်။

၂၀၁၉ မှာ တပ်မတော်နဲ့ KNU တပ်ဖွဲ့အကြား ပစ်ခတ်မှု (၁၂) ကြိမ် ဖြစ်ပွားကြောင်း Myanmar Institute of Peace and Security (MIPS) ရဲ့ ၂၀၂၀ ထုတ် နှစ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဖာပွန်နဲ့ ကျောက်ကြီးမြို့နယ်တွေမှာ ဖြစ်ပွားတာများပါတယ်။ အနည်းဆုံး တပ်မတော်သား (၃) ဦး ကျဆုံးကြောင်း သိရပါတယ်။ တပ်စခန်းတွေကို ဆက်သွယ်ထားတဲ့ကားလမ်း ပြင်ဆင်မွမ်းမံတာနဲ့ ပတ်သက်ပြီး ပစ်ခတ်ကြတာပါ။ ဒီနှစ်အစောပိုင်းက ဖာပွန်နဲ့ ကျောက်ကြီးတို့မှာ လစဉ်လိုလို ပစ်ခတ်ကြပါတယ်။ ကားလမ်းဖောက်လုပ်တာဟာ တပ်မတော်ချုပ်ကိုင်တဲ့ နယ်မြေချဲ့ထွင်ဖို့ ရည်ရွယ်တာလို့ ကရင်ဘက်က မြင်ပါတယ်။ ဒီလိုကိစ္စမှာ NCA အပစ်ရပ်စာချုပ်အရ ကရင်ဘက်က သဘောတူဖို့လိုတာကို တပ်မတော်ဘက်က ဂရုမစိုက်ဘဲ တဘက်သတ်လုပ်လို့ ပစ်ခတ်မှုတွေ ဖြစ်ပွားရတာလို့ ကရင်ဘက်က ယူဆပါတယ်။


ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ဟာ အရေးပါပေမယ့် မကြာခဏ တိုက်ပွဲဖြစ်နေတာကိုကြည့်ရင် JMC ကော်မတီရဲ့ လုပ်ငန်းလုပ်ဆောင်မှုတွေ မအောင်မြင်တာ ထင်ရှားပါတယ်။ JMC မှာ အစိုးရကိုယ်စားလှယ် (၁၀) ဦး၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ် (၁၀) ဦး နဲ့ အရပ်သားကိုယ်စားလှယ် (၆) ဦး ပါဝင်ပါတယ်။ နယ်မြေသတ်မှတ်ရာမှာ ထိန်းချုပ်နယ်မြေ၊ အပစ်ရပ်နယ်မြေစတဲ့ ဝေါဟာရတွေနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲတာတွေ ရှိပါတယ်။ နယ်မြေတခုကို နှစ်ဘက်စလုံးက လက်အောက်ခံအဖြစ် သတ်မှတ်တာမျိုးလည်း ရှိပါတယ်။ တပ်မတော်ဟာ သူ့တပ်စခန်းရှိတဲ့ နေရာတဝိုက်ကို သူထိန်းချုပ်တဲ့ နယ်မြေအဖြစ် သတ်မှတ်လိုတာမို့ တပ်စခန်းချရာနေရာကို တိုင်းရင်းသားတပ်ဖွဲ့ ချုပ်ကိုင်တဲ့ဒေသအဖြစ် မသတ်မှတ်ချင်ဘူးလို့ MPIS အစီရင်ခံစာက ဆိုပါတယ်။

NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ RCSS တပ်ဖွဲ့ကလည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ရဲ့ အားနည်းချက်ကို မကျေမနပ် ဖြစ်နေပါတယ်။ JMC မှာ ပဋိပက္ခ ဖြေရှင်းနိုင်စွမ်း မရှိဘူးလို့ RCSS သျှမ်းတပ်ဖွဲ့က မြင်ပါတယ်။ ထိန်းချုပ်ဖို့ ပြိုင်ဆိုင်ကြိုးစားရာဒေသနဲ့ တပ်စခန်းချရာ ဒေသေတွေကို ကွဲကွဲပြားပြား ရှင်းလင်းဖော်ပြဖို့ လိုအပ်နေတယ်လို့ KNU နဲ့ RCSS တို့က ယူဆပါတယ်။

နှစ်ဘက်စလုံးက ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ နယ်မြေတွေမှာ တပ်ရွှေ့ပြောင်းရင် တဘက်နဲ့တဘက် အသိပေးရမယ်လို့ NCA အပစ်ရပ်စာချုပ်က ဆိုပါတယ်။ လက်တွေ့မှာတော့ တပ်ရင်းမှူးတွေ ဆက်ဆံရေးကောင်းရင်းကောင်းသလို တပ်လှုပ်ရှားမှုကို ကြိုတင်အကြောင်းကြားကြတယ်လို့ MPIS အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၅ မှာ NCA တပြည်လုံးအပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်း တပ်မတော်နဲ့ KNU တပ်ဖွဲ့တွေ ပစ်ခတ်ကြလို့ နေရပ်ကိုစွန့်ခွါရတဲ့ ဒေသခံဒုက္ခသည် တသောင်းလောက် ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။


==Unicode==









XS
SM
MD
LG