သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြေယာသိမ်းယူမှုရဲ့  ဆိုးကျိုးများ


မြေယာသိမ်းယူမှုရဲ့  ဆိုးကျိုးများ
please wait

No media source currently available

0:00 0:05:44 0:00
တိုက်ရိုက် လင့်ခ်

လယ်ယာနဲ့ အခြားမြေသိမ်းဆည်းခံရမှု ပြန်လည်စီစစ်ရေး ဗဟိုကော်မတီဖွဲ့စည်းပြီး အသိမ်းခံမြေယာကို မူလပိုင်ရှင်လယ်သမားလက်ထဲ ပြန်ရောက်အောင် NLD အစိုးရ ဆောင်ရွက်နေတာ (၂) နှစ်ရှိပြီး ဖြစ်ပေမယ့် နှောင့်နှေးကြန့်ကြာနေပါတယ်။ ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းကြဖို့ သမ္မတဦးဝင်းမြင့်က ဇွန်လတုန်းက တိုက်တွန်းသွားပါတယ်။ နောက်တလကြာတော့ လယ်ယာမြေသိမ်းယူမှုကြောင့် လယ်သမားတွေ ဒုက္ခရောက်ရပုံကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အစီရင်ခံစာ ထုတ်ဝေပါတယ်။ စစ်အစိုးရခေတ်မှာ စစ်အုပ်စုအသိုင်းအဝိုင်းက ကိုယ်ကျိုးစီးပွားအတွက် လယ်ယာမြေတွေ သိမ်းယူခဲ့လို့ ထွက်ပေါ်လာတဲ့ ဆိုးကျိုးဖြစ်ပါတယ်။

၂၀၁၆ နှောင်းပိုင်းက ၂၀၁၇ မတ်လအထိ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့ နယ်အချို့ ကို (၆) လလောက် ကွင်းဆင်းလေ့လာပြီး ရေးသားထားတဲ့ စာတမ်းပါ။ လျော်ကြေးပေးတဲ့အခါမှာလည်း မလုံမလောက်ဖြစ်လို့ ရွှေ့ ပြောင်းပေးရတဲ့စရိတ်ကို မကာမိဘူးလို့ ဆိုပါတယ်။ သိမ်းယူထားတဲ့ မြေယာဧကဟာ သန်းချီနေတာမို့ NLD အစိုးရဖွဲ့ပြီး နှစ်လအတွင်း ပြန်လည်စီစစ်ရေး ဗဟိုကော်မတီဖွဲ့စည်းပြီး လယ်သမားလက်ထဲ လယ်ယာမြေ ပြန်ရောက်အောင် ကြိုးပမ်းနေပါတယ်။ လယ်ယာမြေဧက နှစ်သန်းလောက် သိမ်းယူထားဖွယ် ရှိတယ်လို့ လွှတ်တော်လယ်ယာမြေကော်မတီက ခန့်မှန်းပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ မှာ လယ်ယာမြေစီစစ်ရေး ကော်မရှင်ကို လွှတ်တော်က ဖွဲ့စည်းပြီး လယ်ယာသိမ်းပိုက်မှုတွေကို ၁၉၈၈ အထိ ပြန်လည်စစ်ဆေးစေပါတယ်။ ကော်မရှင် က တင်ပြတာကို အကောင်အထည်ဖော်ဖို့အတွက် မြေယာအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ၂၀၁၃ မှာ ဖွဲ့စည်းပါတယ်။ ဒီကော်မရှင်သက်တမ်း (၄) နှစ်အတွင်းမှာ မြေယာသိမ်းပိုက်မှုနဲ့ ပတ်သက်တဲ့တိုင်စာ နှစ်သောင်းကျော် လက်ခံရရှိခဲ့ပြီး ဧကသုံးသိန်းကျော်ကို မိသားစု သုံးသောင်ကျော်ကို ပြန်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၆ ရောက်တော့ ဧကသုံးသိန်းခွဲအထိ လယ်သမားတွေကို ပြန်ပေးနိုင်ပါတယ်။ NLD အစိုးရက မြေယာသိမ်းခံရမှု ပြန်လည်စီစစ်ရေးကော်မတီ ဖွဲ့စည်းချိန်မှာ မစီစစ်သေးရတဲ့ တိုင်စာ ငါးထောင်ကျော် ကျန်ရှိနေပါသေးတယ်။

NLD ဖွဲ့စည်းတဲ့ လယ်ယာနဲ့ မြေသိမ်းဆည်းခံရမှု ပြန်လည်စီစစ်ရေးကော်မတီရဲ့  ထူးခြားချက်ဟာ အရပ်သားအသင်းအဖွဲ့တွေကို အုပ်ချုပ်ရေးအဆင့်ဆင့်မှာ ပါဝင်ခွင့်ပေးထားတာ ဖြစ်ပါတယ်။ ကျေးရွာမြို့ နယ်၊ ခရိုင်တိုင်းနဲ့ ပြည်နယ်အဆင့်ဆင့်မှာ အစိုးရအမှုထမ်းမဟုတ်တဲ့ အရပ်သားကိုယ်စားလှယ်တွေကို ပါဝင်ခွင့်ပေးထားပါတယ်။ ပြန်လည်စီစစ်ရေးကော်မတီရဲ့  လုပ်ငန်းတွေကို စောင့်ကြည့်ဖို့ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလက အစိုးရဝန်ထမ်းသာပါဝင်တဲ့ ကော်မတီ (၄) ခု ထပ်ဖွဲ့ထားပါတယ်။ ဒါပေမဲ့ လယ်သမားတွေကို မြေယာပြန်ပေးရာမှာ အခက်အခဲဖြစ်နေလို့ ဆန္ဒပြမှုနဲ့ ဖမ်းဆီးမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဥပမာ - ဧရာရွှေဝါကုမ္ပဏီိက ပြန်အပ်တဲ့ မြေတွေဟာ မူလပိုင်ရှင် လယ်သမားတွေဆီမရောက်ဘဲ ကြားလူတွေဆီ ရောက်နေတာကို တွေ့ရှိရပါတယ်။ ဒီလိုပြဿနာမျိုးကို ထိထိရောက်ရောက် မဖြေရှင်းနိုင်ဘဲ ဖြစ်နေပါတယ်။

ဧရာဝတီတိုင်းမှာ လယ်မြေဧက သိန်းသောင်းချီပြီး သိမ်းယူခဲ့တဲ့ ဧရာရွှေဝါကုမ္ပဏီရဲ့  ဥက္ကဋ္ဌဟာ ဦးတေဇဖြစ်ပြီး၊ သူရရွှေမန်းရဲ့ သား ဦးအောင်သက်မန်းက အမှုဆောင်အရာရှိချုပ် ဖြစ်ပါတယ်။ လယ်မြေတွေကို ဘယ်ဥပဒေအရ သိမ်းပိုက်ပြီး ဘယ်သူကို ပြန်ပေးတယ်ဆိုတာကို ဖော်ပြဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဦးအောင်သက်မန်းဆီကို စာရေးမေးမြန်းပါတယ်။ ဧရာရွှေဝါကုမ္ပဏီဟာ လယ်ဧက (၄၁,၅၀၀) ကို လယ်သမားထက်ထဲ ပြန်အပ်တယ်လို့ ဆိုပေမယ့် လယ်သမားတွေရဲ့ အမည်ကို မဖော်ပြပါဘူး။ ဒေသခံလယ်သမားတွေကို မေးမြန်းစုံစမ်းတဲ့အခါမှာ အသိမ်းခံရတဲ့ လယ်ယာတွေအတွက် လျော်ကြေးမရဘူးလို့ ဆိုပါတယ်။ စစ်အစိုးရအရှိန်အဝါကိုသုံးပြီး ဧရာရွှေဝါကုမ္ပဏီက ဧရာဝတီတိုင်းမှာ လယ်ယာတွေကို မတရားသိမ်းပိုက်ခဲ့တာဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ စာတမ်းမှာ ဖော်ပြပါတယ်။

စီးပွားရေး၊ လူမှုရေး နဲ့ ယဉ်ကျေးမှု ဓလေ့ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ကို NLD အစိုးရ လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် အတင်းအကျပ် ဖယ်ရှားမှုမှ ကင်းလွတ်ရေး၊ အိုးအိမ်လုံခြုံရေး နဲ့ လူနေမှုအဆင့်အတန်းရှိရေး စတဲ့ လူ့အခွင့်အရေးကို လိုက်နာဖို့ တာဝန်ရှိပါတယ်။ ကိုလိုနီခေတ်မှာ မြေခွန်ဆောင်ရင် လယ်ယာစိုက်ပျိုးနိုင်ပါတယ်။ အဲဒီလယ်ယာကို အစိုးရက လိုချင်ရင် ကြော်ညာပြီး သင့်တော်တဲ့ လျှော်ကြေးပေးရမယ်လို့ (၁၈၉၄) ဥပဒေက ဆိုပါတယ်။ လွတ်လပ်ရေးရပြီး ၁၉၅၃ မှာ ပြဌာန်းတဲ့ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေအရ အစိုးရဟာ လယ်ယာကို သိမ်းဆည်းနိုင်ခွင့် ရှိလာပါတယ်။ ဒါပေမဲ့ မြေသိမ်းခံရတဲ့ လယ်သမားကို လယ်မြေအစားပေးရမယ်လို့ ဆိုပါတယ်။

စစ်အစိုးရလက်ထက်ရောက်တော့ စစ်တပ်က လိုချင်တဲ့ လယ်ယာမြေကို စစ်တပ်ပိုင်အဖြစ် ကြေညာပြီး သိမ်းပိုက်တဲ့အတွက် ပြဿနာ ဖြစ်ပါတော့တယ်။ လယ်သမားကို လျှော်ကြေးနဲ့ မြေစားမပေးဘဲ အတင်းအဓမ္မ လယ်ယာသိမ်းပိုက်ခဲ့တဲ့ လုပ်ရပ်ကြောင့် ကျေးလက်လူထုဟာ ဘဝလုံခြုံမှု မရှိတော့ဘဲ ဆင်းရဲမွဲတေပြီး စိတ်ဓါတ်ကျနေကြတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ နှစ်ပေါင်းများစွာ ဖြစ်ပွားလာခဲ့တဲ့ လယ်ယာသိမ်းယူမှု ပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တိုင်းပြည်အနာဂတ်အတွက် အလွန်အရေးကြီးတဲ့ ပြဿနာဖြစ်လို့ NLD အစိုးရ၊ စစ်တပ်နဲ့ အရပ်သားအဖွဲ့အစည်းတွေ ပူးတွဲလုပ်ကိုင်ပြီး ဖြေရှင်းဖို့လိုတယ်လို့ သုံးသပ်ထားပါတယ်။

XS
SM
MD
LG