သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေရှားသတ္တုနဲ့ ကချင်နယ်ခြားစောင့်


FILE PHOTO: A labourer operates a bulldozer at a site of a rare earth metals mine at Nancheng county, Jiangxi province,China March 14, 2012. REUTERS/Stringer/File Photo CHINA OUT. NO COMMERCIAL OR EDITORIAL SALES IN CHINA
FILE PHOTO: A labourer operates a bulldozer at a site of a rare earth metals mine at Nancheng county, Jiangxi province,China March 14, 2012. REUTERS/Stringer/File Photo CHINA OUT. NO COMMERCIAL OR EDITORIAL SALES IN CHINA

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ကချင်ပြည်နယ် အရှေ့မြောက်ဘက် ချီဖွေမြို့နယ် ပန်ဝါဒေသက မြေရှားသတ္တုရိုင်း တန်ချိန်တသိန်းလေးသောင်းကျော်ကို ၂၀၁၇ မေလက ၂၀၂၁ သြဂုတ်လအထိ တရုတ်ပြည်ကို တင်ပို့ခဲ့ကြောင်း တရုတ်အကောက်ခွန်စာရင်းအရ သိရတယ်လို့ လွန်ခဲ့တဲ့ ဇန်နဝါရီလ (၁၇) ရက်နေ့ထုတ် Kachin Waves စာစောင်မှာ ဖော်ပြပါတယ်။ အမေရိကန်ဒေါ်လာသန်း (၁၁၀၀) ကျော် တန်းဖိုးရှိတာမို့ မြန်မာအစိုးရ ပညာရေးအသုံးစရိတ်ရဲ့ တဝက်ကျော် ဖြစ်နေပါတယ်။ မြေရှားလုပ်ငန်းကရတဲ့ အကျိုးအမြတ်ကိုတော့ တရုတ်ကုမ္ပဏီတွေနဲ့ စစ်ကောင်စီလက်အောက် ကချင်နယ်ခြားစောင့်တို့က ရယူကြပါတယ်။

မြေရှားသတ္တရိုင်း ထုတ်ယူတဲ့လုပ်ငန်းတခုမှာ အနည်းဆုံး အလုပ်သမား (၄၀) လောက် လိုပါတယ်။ ဒီအထဲမှာ တရုတ် (၁၅) ယောက်ရှိပြီး၊ ကျန်လူတွေဟာ မြန်မာအလုပ်သမား ဖြစ်ပါတယ်။ မြန်မာအလုပ်သမားတဦးကို ယွမ်ငွေ (၄၅၀၀) သို့မဟုတ် ကျပ်ငွေ (၁၂) သိန်း လခပေးတာမို့ မြေရှားသတ္တုလုပ်ငန်းမှာ အလုပ်လုပ်ချင်သူတွေ များပါတယ်။ မြေရှားလုပ်ငန်းမှာ အလုပ်လုပ်ချင်သူတွေဟာ ချီဖွေမြို့စစ်ဆေးရေးဂိတ်မှာ စောင့်ရကြောင်း ဇန်နဝါရီ (၁၄) ရက်နေ့ထုတ် Peace Monitor စာစောင်မှာ ဖော်ပြပါတယ်။ ပန်ဝါကို သွားချင်သူတွေများနေတဲ့အတွက် တပတ်မှာ လူ (၁၂၀) သာ ချီဖွေ (၄) မိုင်ဂိတ်က သွားခွင့်ပြုပါတယ်။

မြေရှားသတ္တုရိုင်း ထုတ်ယူတဲ့နေရာဟာ ‘ဇခုန်တိန့်ယိန်း’ ချုပ်ကိုင်တဲ့ ကချင်နယ်ခြားစောင့်တပ်ရဲ့ အထူးဒေသ (၁) ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ မြေရှားလုပ်ငန်းဟာ အတားအဆီးမရှိ တိုးပွားလာပါတယ်။ မြေရှားသတ္တုရိုင်း ထုတ်ယူတဲ့အဆင့်တိုင်းမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးရပါတယ်။ ပထမဦးစွာ တောရိုင်းပြီး၊ အနက်ပေ (၃၀) ကျော်အထိ ကျင်းတူးရပါတယ်။ နောက်တော့ ကျင်းထဲကို အက်ဆစ်နဲ့ အခြားဓါတ်ဆေးရည်တွေ လောင်းထည့်ပါတယ်။ ဓါတ်ပြုပြီး ထွက်လာတဲ့ နို့နှစ်ရောင်အရည်ကို ပိုက်နဲ့စုပ်ယူပြီး မြေရှားရည် သိုလှောင်ကန်ထဲ ထည့်ထားပါတယ်။ ရေမစိမ့်အောင် မိုးကာဖျင်ခင်းထားတဲ့ သိုလှောင်ကန်မှာ မြေရှားရည် အနည်ထိုင်တဲ့အခါ အပေါ်ယံရေကြည်ကိုပိုက်နဲ့ စုပ်ထုတ်ပြီး အနည်ကို အခြောက်ခံပါတယ်။ ခြောက်သွားတဲ့အနည်ဟာ လေးလံတဲ့ မြေရှားသတ္တုရိုင်းပါ။

ဇခုန်တိန့်ယိန်း ခေါင်းဆောင်တဲ့ ကချင်နယ်ခြားစောင့် ချုပ်ကိုင်တဲ့ ပန်ဝါဒေသမှာ မြေရှားထုတ်မှု အများဆုံး ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်လောက်ကစပြီး မြေရှားလုပ်ငန်း တိုးပွားလာတာမို့ ကောင်ကင်ဂြိုလ်တု ဓါတ်ပုံကိုကြည့်ရင် မြေရှားရည် သိုလှောင်ကန်တရာလောက် တွေ့နိုင်တယ်လို့ လွန်ခဲ့တဲ့ သြဂုတ်လ (၃) ရက်ထုတ် Frontier Myanmar စာစောင်မှာ ဖော်ပြပါတယ်။ KIO ထိန်းချုပ်တဲ့ မဲဂျာယန်ဒေသမှာတော့ မြေရှားရည် သိုလှောင်ကန်တွေရှိတဲ့နေရာ (၄) နေရာကိုသာ တွေ့ရတယ်လို့ ဖော်ပြပါတယ်။ မြေရှားသတ္တုရိုင်းကို တရုတ်တွေ စိတ်တိုင်းကျ ထုတ်ယူနေတာ ထင်ရှားပါတယ်။ အခုဆိုရင် ပန်ဝါမှာ မြေရှားတူးယူဖို့နေရာ ကုန်ခါနီး ဖြစ်လာတဲ့အတွက် ချီဖွေနဲ့ ဆော့လော်ဘက်အထိ မြေရှားလုပ်ကွက်တွေ ရောက်လာနိုင်လို့ သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး စိုက်ပျိုးရေးမလုပ်နိုင်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ပန်ဝါမြို့မှာ ကချင်နယ်ခြားစောင့်တပ်ရဲ့ ဌာနချုပ် အခြေစိုက်ပါတယ်။ မေခမြစ်ကမ်းပေါ်မှာ တည်ရှိတဲ့ ချီဖွေမြို့ကနေ မိုင် (၄၀) လောက် ကွာဝေးပါတယ်။ ဆောင်းရာသီမှာ နှင်းထူထပ်ပြီး ရေခဲတဲ့ဒေသပါ။ ကချင်မျိုးနွယ်စုဖြစ်တဲ့ လာချိတ်၊ လော်ဝေါ်၊ ငေါ့ချန်းနဲ့ လီဆူး အများဆုံးနေထိုင်တဲ့ တောင်ပေါ်မြို့လေး ဖြစ်ပါတယ်။ ယူနန်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဝိုင်းမော်မြို့နယ်တွေနဲ့ ပန်ဝါဟာ ထိစပ်နေပါတယ်။ နယ်ခြားစောင့်တပ် (၁၀၀၁) ဟာ ချီဖွေမြို့အရှေ့ဘက် ဝေါ်ချုံးဒေသ ဖိမော်ကျေးရွာအနီးမှာ စခန်းချပါတယ်။ ပန်ဝါဒေသ လှပြည်ကျေးရွာအနီးမှာ (၁၀၀၂) နယ်ခြားတပ်ရှိပြီး၊ ချီဖွေမြို့နယ် ကန်ပိုင်တီးဒေသ ဂမ်ခွန်းကျေးရွာအနီးမှာ တပ်အမှတ် (၁၀၀၃) အခြေစိုက်ပါတယ်။ ဇခုန်တိန့်ယိန်းနဲ့ သူ့မိသားစုဝင်တွေ တည်ထောင်ထားတဲ့ သတ္တုတွင်းလုပ်ငန်းတွေကပဲ မြေရှားသတ္တုလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားပါတယ်။

လွန်ခဲ့တဲ့ (၃၅) နှစ်က တရုတ်ပြည်မှာ ဈေးကွက်စနစ် စတင်ကျင့်သုံးစဉ်က ကမ္ဘာ့စီးပွားရေးမှာ မြေရှားသတ္တုဟာ အလွန်အရေးပါလာလိမ့်မယ်လို့ ခေါင်းဆောင်ကြီး ‘ဒန်ရှောင်ပင်’ က ပြောဖူးပါတယ်။ အခုတော့ ခေတ်မီစစ်သုံးနဲ့ အရပ်သုံးပစ္စည်း ထုတ်လုပ်ရာမှာ မြေရှားသတ္တုဟာ မပါမဖြစ်တဲ့ အခြေအနေကို ရောက်လာပါတယ်။ ဒါပေမဲ့ မြေရှားသတ္တုရိုင်း ထုတ်လုပ်ရာမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးလာတဲ့အတွက် ၂၀၁၀ ပြည့်လွန်နှစ်တွေမှာ တရုတ်အစိုးရ စည်းကမ်းနည်းလမ်းတွေ တင်းကျပ်လာပါတယ်။ တရုတ်နိုင်ငံ ဂျန်ရှိပြည်နယ်တခုလုံးမှာ မြေရှားသတ္တုလုပ်ငန်းကြောင့် ဖြစ်ပေါ်လာတဲ့ ရေမြေညစ်ညမ်းမှုကို သန့်စင်ရင် ဒေါ်လာသန်းပေါင်း (၅၅၀၀) ကျော် ကုန်ကျမယ်လို့ တရုတ်အစိုးရက ခန့်မှန်းပါတယ်။

စစ်ကောင်စီအာဏာမသိမ်းမီ (၂၀၂၀) မှာ ကချင်ပြည်နယ်က မြေရှားသတ္တုတန်ချိန် (၃၅၅၀၀) တင်သွင်းတယ်လို့ တရုတ်ကောက်ခွန် စာရင်းမှာ တွေ့ရကြောင်း မေလ (၄) ရက်နေ့ထုတ် Asia Times မှာ မနှစ်က ဖော်ပြပါတယ်။ တရုတ်ပြည်ကို တင်သွင်းတဲ့ မြေရှားသတ္တု အကောက်ခွန်မှတ်တမ်းမှာ မြန်မာပြည်က တင်သွင်းတဲ့ပမာဏ (၇၅) ရာခိုင်နှုန်းဟာ အများဆုံးပါ။ မလေးရှားက (၁၇) ရာခိုင်နှုန်း၊ ဗိယက်နမ်က (၅) ရာခိုင်နှုန်း တင်သွင်းပါတယ်။ ကမ္ဘာ့ထုတ်လုပ်မှုမှာ (၄၀) ရာခိုင်နှုန်းဟာ မြန်မာပြည်က ဖြစ်ပေမယ့် သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့ အတိုင်းအတာကို မသိနိုင်သေးကြောင်း တင်ပြလိုက်ပါတယ်။

=== Unicode ===









XS
SM
MD
LG