သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နယ်ခြားစောင့်တပ်များ


သေ့ဘောဘိုးစခန်းကို KNU ကရင် အမျိုးသားအစည်းအရုံး ပူးပေါင်းတပ်တွေက ဒီနေ့ မေလ ၁၈ ရက်နေ့မှာ သိမ်းယူခဲ့စဉ် (Photo: KNLA)
သေ့ဘောဘိုးစခန်းကို KNU ကရင် အမျိုးသားအစည်းအရုံး ပူးပေါင်းတပ်တွေက ဒီနေ့ မေလ ၁၈ ရက်နေ့မှာ သိမ်းယူခဲ့စဉ် (Photo: KNLA)

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

လွန်ခဲ့တဲ့ဧပြီလက ဖာပွန်ခရိုင် KNU တပ်မဟာ (၅) နယ်မြေအတွင်းမှာ တိုက်ပွဲ (၃၈၃) ကြိမ် ဖြစ်ပွားလို့၊ စစ်ကောင်စီနဲ့ ကရင်နယ်ခြားစောင့်ဘက်က (၁၇၃) ဦး သေဆုံးပြီး၊ (၈၇) ဦး ဒဏ်ရာရပေမယ့် KNU ဘက်ကတော့ (၃) ဦးသာ ကျဆုံးပြီး (၁၆) ဦး ဒဏ်ရာရရှိကြောင်း မေလ (၅) ရက်နေ့ထုတ် KIC ကရင်သတင်းမှာ ဖော်ပြပါတယ်။ မတ်လမှာ တိုက်ပွဲ (၃၅၉) ကြိမ် ဖြစ်ပွားပြီး၊ စစ်ကောင်စီနဲ့ နယ်ခြားစောင့်ဘက်က (၁၁၈) ဦး သေဆုံးတယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလကလည်း တိုက်ပွဲ (၃၂၂) ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနဲ့ နယ်ခြားစောင့်ဘက်က (၁၉၄) ဦး သေဆုံးပြီး၊ (၂၀၁) ဦး ဒဏ်ရာရရှိတယ်လို့ ကရင်သတင်းမှာ ဖော်ပြပါတယ်။

ကရင်နယ်ခြားစောင့်တပ်တွေ စစ်ကောင်စီတပ်ကို ကူညီနေတာ ကြာပါပြီ။ အင်အား (၃၂၆) ယောက်ရှိတဲ့ နယ်ခြားစောင့်တပ်ရင်းတရင်းမှာ စစ်ကောင်စီတပ်သား (၃) ရာခိုင်နှုန်း ပါဝင်ပါတယ်။ တပြည်လုံးမှာ နယ်ခြားစောင့်တပ်ရင်း (၂၃) ခု ရှိတယ်လို့ John Buchanan ရဲ့ ၂၀၁၆ ထုတ်၊ Militia in Myanmar ဆိုတဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။ ဒီအထဲမှာ တပ်ရင်း (၁၃) ခုက ကရင်နယ်ခြားစောင့်ပါ။ အရင် DKBA အခြေစိုက်ခဲ့တဲ့ မြိုင်ကြီးငူ၊ လှိုင်းဘွဲ့၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနဲ့ ဖာပွန်ခရိုင်တွေမှာ ကရင်နယ်ခြားစောင့်တပ်တွေ ရှိပါတယ်။ အနည်းဆုံးအင်အား (၄၂၃၈) ရှိနိုင်ပါတယ်။

ပြည်သူစစ်မှာတော့ ဘားအံအခြေစိုက် ပဒိုအောင်ဆန်းအုပ်စုနဲ့ သံတောင်အခြေစိုက် တပ်ဖွဲ့အမှတ် (၄၆) ဆိုတဲ့ ကရင်ပြည်သူ့စစ် (၂) ခုသာ ရှိပါတယ်။ ဒါကြောင့်မို့ စစ်ကောင်စီဟာ ကရင်နယ်ခြားစောင့်တပ်ကိုသာ အထူးအားကိုးနေတာ တွေ့ရပါတယ်။ စစ်ကောင်စီတပ် အကျအဆုံးများတဲ့ ဖာပွန်ခရိုင်မှာ နယ်ခြားစောင့်အင်အား (၉၀၀) နီးပါးရှိပြီး၊ နောက်ထပ် (၃၀၀) မကြာမီ ရောက်လာတယ်လို့ KNU တပ်မဟာ (၅) ဗျူဟာမှူး ပြောတာကို ကရင်သတင်းမှာ ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့က ဖော်ပြပါတယ်။ စစ်ကူသွားတဲ့ နယ်ခြားစောင့်တွေဟာ ကျေးရွာတွေကိုစီးနင်းပြီး ပေါ်တာဆွဲတာတွေ လုပ်နေပါတယ်။ ရှေ့တန်းက စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ရေးလမ်းကြောင်း လုံခြုံဖို့နဲ့ ကျဆုံးသွားသူတွေကို အစားထိုးဖို့အတွက် နယ်ခြားစောင့်တပ် အကူအညီ အရေးတကြီး လိုအပ်နေပုံရပါတယ်။ ကရင်တပ်မဟာ (၅) နယ်မြေကို ချုပ်ကိုင်ဖို့ ရည်ရွယ်ပြီး၊ အင်အား (၄၀၀၀) လောက် စစ်ကောင်စီက စုစည်းထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအတွက် ကရင်နယ်ခြားစောင့်တွေ အသေခံနေရတာကို မကျေနပ်သူတွေလည်း ရှိနေပါတယ်။ ကရင်တပ်မဟာ (၁) နဲ့ (၅) နယ်မြေ သထုံနဲ့ ဖာပွန်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး နယ်ခြားစောင့်တပ်တွေ အကျအဆုံးများနေတာကို လက်မခံနိုင်ဘူးလို့ နယ်ခြားစောင့်တပ် (၁၀၂၂) ရဲ့ တပ်ရင်းမှူး ဗိုလချုပ်စောမုတ်သုန်က ပြောတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်စောမုတ်သုန်းဟာ သူချုပ်ကိုင်ထားတဲ့ လောင်းကစားဝိုင်းတွေနဲ့ အခြားစီးပွားရေးလုပ်ငန်းတွေ မလည်ပတ်နိုင်မှာ စိုးရိမ်တဲ့အတွက် စစ်ပွဲကို ရပ်စဲချင်တာလို့ ဝေဖန်သူတွေလည်း ရှိပါတယ်။ နယ်ခြားစောင့်တွေကို စစ်ကူပို့ရာမှာလည်း အဆင်မပြေတာတွေရှိကြောင်း သိရပါတယ်။ ကရင်အချင်းချင်း စစ်ခင်းနေရတာကို ဘဝင်မကျသူတွေလည်း ရှိပါတယ်။

ကရင်အချင်းချင်း မတိုက်ချင်တဲ့ နယ်ခြားစောင့်တွေ ရှိနေတယ်လို့ စိတ်ဓါတ်မကျအောင် ကြီးကြပ်ပေးရတာမျိုးတောင် ရှိတယ်လို့ သိရပါတယ်။ မြဝတီမှာ နယ်ခြားစောင့်တပ် အများဆုံးရှိပြီး လှိုင်းဘွဲ့က ဒုတိယအများဆုံးပါ။ ဖာပွန်ခရိုင်က အနည်းဆုံး ဖြစ်ပါတယ်။ KNU မှာ တပ်မဟာ (၇) ခု ရှိပါတယ်။ တပ်မဟာ (၁) က သထုံခရိုင်၊ တပ်မဟာ (၂) က တောင်ငူခရိုင်၊ တပ်မဟာ (၃) က ညောင်လေးပင်၊ တပ်မဟာ (၄) က ထားဝယ်ခရိုင်၊ တပ်မဟာ (၅) က ဖာပွန် (ခေါ်) မူတြောခရိုင်၊ တပ်မဟာ (၆) က ကော့ကရိတ် (ခေါ်) ဒူးပလာခရိုင် နဲ့ တပ်မဟာ (၇) က ဖားအံခရိုင် ဖြစ်ပါတယ်။ အထူးတပ်ရင်း (၂) ရင်းလည်း ရှိပါတယ်။ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ KNU စစ်သည်ဦးရေဟာ အနည်းဆုံး (၅၀၀၀) ကျော် ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ KNU နဲ့ ပူးပေါင်းလာတာမို့ အင်အားတိုးပွားလာဖွယ် ရှိပါတယ်။

လေတပ်ကနေ ကူညီပစ်ခတ်ပေးနေတဲ့ကြားက ကရင်ပြည်နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအဆုံးများနေတာဟာ နယ်မြေမကျွမ်းကျင်တာကြောင့်လို့ ယူဆတဲ့အတွက် ဒေသခံကရင်နယ်ခြားစောင့်တွေကို အသုံးများလာတာ ဖြစ်ပုံရပါတယ်။ ဖာပွန်၊ သထုံ၊ ကော့ကရိတ်နဲ့ တနင်္သာရီဒေသတွေကို နယ်ခြားစောင့်တပ်အများဆုံး ပို့ပေးရကြောင်း သိရပါတယ်။ လူဦးရေ (၈) သိန်းလောက်ကို KNU က သြဇာညောင်းပြီး (၃) သိန်းလောက်ကို ထိန်းချုပ်ထားနိုင်တယ်လို့ ကရင်ဒေသမှာ ၂၀၀၇ ကတည်းက ကွင်းဆင်းလေ့လာခဲ့တဲ့ သုတေသီ ကင်ဂျိုလဖ် Kim Joliffe က ဆိုပါတယ်။

ကရင်နယ်ခြားစောင့်တပ်ဟာ DKBA ဘဝကတည်းက တပ်မတော်ရဲ့ လက်ဝေခံအနေနဲ့ စီးပွားရေး အကျိုးအမြတ် ခံစားရပါတယ်။ တပ်မတော်က ခွဲဝေပေးနေတဲ့ မြေယာတွေကိုလည်း ပိုင်ဆိုင်ခွင့်ရကြပါတယ်။ ကရင်နယ်ခြားစောင့်ဟာ ကိုယ်ပိုင်ပြဌာန်းခွင့်ကို မစဉ်းစားတော့ဘဲ ကိုယ်ပိုင်စီးပွားရေးကိုသာ အာရုံစိုက်နေပုံရပါတယ်။ လက်ရှိအခြေအနေဟာ ကရင်လက်နက်ကိုင်တွေ ပူးပေါင်းဖို့ အခွင့်အခါသင့်ချိန် ဖြစ်တယ်လို့ KNU ဗိုလ်ချုပ်ကြီးဘောကျော်ဟဲက ကမ်းလှမ်းထားတာ ရှိပေမယ့် ကရင်နယ်ခြားစောင့်ကတော့ စစ်ကောင်စီနဲ့ ဝေစားမျှစား လုပ်နိုင်ဖို့ကိုသာ စိတ်ဝင်စားနေပုံရပါတယ်။

=== Unicode ===









XS
SM
MD
LG