သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တော်လှန်သူတွေသုံးတဲ့ ရှော့တိုက်ဒုံး


Members of the People's Defense Force (PDF) make handmade guns to be used in fighting against security forces near Demoso, Kayah state on June 4, 2021, as the country remains in turmoil after the February military coup. (Photo by STR / AFP)
Members of the People's Defense Force (PDF) make handmade guns to be used in fighting against security forces near Demoso, Kayah state on June 4, 2021, as the country remains in turmoil after the February military coup. (Photo by STR / AFP)

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့က မှော်ဘီလေတပ်စခန်းကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်ပြီး၊ မုံရွာက ရဟတ်ယာဉ်ကွင်းကို ရှော့တိုက်ဒုံး (၆) လုံးနဲ့ တိုက်ခိုက်တယ်လို့ သက်ဆိုင်ရာ PDF အဖွဲ့တွေ ပြောတာကို ဖေဖေါ်ဝါရီ (၁၉) ရက်နေ့ထုတ် Myanmar Now သတင်းမှာ ဖော်ပြပါတယ်။ မှော်ဘီစခန်းမှာ ရပ်ထားတဲ့ လေယာဉ်တောင်ပံမှာ ဗုံးတပ်ထားပြီး အဝေးကနေ ဖုန်းနဲ့ အချက်ပေးဖောက်ခွဲတဲ့အတွက် ရုရှားလုပ်လေယာဉ် (၂) စီး ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။ မုံရွှာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲက ရဟတ်ယာဉ်တွေကိုတော့ (၁၀၇) မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တယ်လို့ ဆိုပါတယ်။

မကွေးတိုင်း ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်းဟာ ဖေဖေါ်ဝါရီလ (၈) ရက်နေ့က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီး၊ ပခုက္ကူမြို့ ကြီးရွာစစ်ကောင်စီ စစ်ဆေးရေးဂိတ်လည်း ဖေဖေါ်ဝါရီ (၁၈) ရက်နေ့က ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်တာခံရပါတယ်။ တရုတ်လုပ် ၁၀၇ မမ တာတိုပစ်ဒုံးကျည်ကို ရှော့တိုက်ဒုံးလို့ လူသိများပါတယ်။ MNDAA (ခေါ်) ကိုးကန့်တပ်ဖွဲ့က အရင်ဆုံးသုံးပြီး နောက်ပိုင်းမှာ ကချင်၊ ရခိုင်၊ တအာင်း ပလောင်တပ်ဖွဲ့တွေက သုံးကြပါတယ်။ ၁၀၇မမ (ပုံစံ ၆၃) ကို တရုတ်ပြည်မှာ ၁၉၆၃ ကစပြီး၊ အများအပြား ထုတ်လုပ်တဲ့အတွက် နိုင်ငံတကာမှာ တော်လှန်ရေးအုပ်စုတွေကိုင်တဲ့ ဒုံးလက်နက် ဖြစ်လာပါတယ်။

၁၀၇မမ ရှော့တိုက်ဒုံး (ပုံစံ ၆၃) ဟာ အသုံးပြုနည်း သင်ပေးရတာလွယ်ကူပြီး ပေါ့ပါးတာကြောင့် Afghanistan ပြည်တွင်းစစ်မှာ ပြောက်ကျားတွေသုံးတာ များပါတယ်။ နှစ်ဘီးတပ်ပစ်စင်မှာ အတွဲလိုက် ပစ်နိုင်သလို၊ တလုံးချင်း ပခုံးထမ်းသယ်ယူပြီး မြေပြင်မှာချပြီးတော့လည်း ပစ်ခတ်နိုင်တာကြောင့် ထိုးစစ်မှာ သုံးလေ့ ရှိပါတယ်။ ဒီနည်းရဲ့ အားနည်းချက်ကတော့ ပစ်မှတ်ကို တိုက်ရိုက်ထိမှန်ဖို့ ခက်ခဲတာပါ။ ဒါပေမဲ့ ပေါက်ကွဲမှု ဧရီယာ ပေ (၄၀) ပတ်လည်ရှိပြီး၊ (၅) မိုင်အထိ ပစ်ခတ်နိုင်တာကြောင့် လူကြိုက်များတာ ဖြစ်ပုံရပါတယ်။ အလေးချိန် (၁၈) ကီလို ရှိတဲ့ ဒုံးတလုံးကို နယ်စပ်မှာ (၂) သိန်းကျော်သာ ပေးရတယ်လို့ လူထုအသံ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ အခုတော့ ရှော့တိုက်ဒုံး (ပုံစံ ၆၃) ကို တရုတ်စစ်တပ်မှာ မသုံးတော့ဘဲ ပုံစံ (၈၁) ကိုသာ သုံးတယ်လို့ Army Guide အွန်လိုင်းစာစောင်မှာ ဖော်ပြပါတယ်။ (၁၂) လုံးတွဲကို ဘီးတပ်ပစ်စင်ပေါ်တင်ပြီး ပစ်နိုင်ဖို့အတွက် သီးသန့်ဒုံးတပ်သားရှိဖို့ လိုအပ်ပါတယ်။

လွန်ခဲ့တဲ့နှစ် အောက်တိုဘာလကလည်း မြိုင်မြို့နယ် လင်းကတောလမ်းဆုံဂိတ်က ရဲစခန်းကို ဆားလင်းကြီးနဲ့ မြိုုင် PDF ပူးပေါင်းတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DVB သတင်းတွေမှာ ဖော်ပြပါတယ်။ မိတ္ထိလာနဲ့ မကွေးလေတပ်စခန်းတွေကိုလည်း လွန်ခဲ့တဲ့နှစ် ဧပြီလမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ဧရာဝတီစာစောင်မှာ ဖော်ပြပါတယ်။ လေကြောင်းရန်ကို ခုခံတိုက်ခိုက်နိုင်ဖို့ တိုင်းရင်းသားတွေ ပြင်ဆင်နေတာ ကြာပါပြီ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းရွာမှာ တအာင်း ပလောင်တပ်ဖွဲ့ စုဆောင်းထားတဲ့ လက်နက်ပစ္စည်းတွေထဲမှာ တရုတ်လုပ် FN-6 ပခုံးထမ်း လေယာဉ်ပစ်ဒုံးလည်း ပါဝင်နေတာကို ၂၀၁၉ နိုဝင်ဘာလမှာ တပ်မတော်က သတင်းမီဒီယာတွေကို ပြသပါတယ်။

ပခုံးထမ်းဒုံး FN-6 ဟာ တရုတ်လို Fei Nu ‘မြှားပျံ’ လို့ အဓိပ္ပါယ်ရပါတယ်။ ၂၀၁၃ လောက်ကစပြီး Syria ပြောက်ကျားတွေရဲ့ လက်ကိုင်ဒုံးလက်နက် ဖြစ်လာပြီး၊ ရဟတ်ယာဉ် ပစ်ချရာမှာ နာမည်ရပါတယ်။ တအာင်းပလောင်တပ်၊ ကချင်တပ်၊ ကိုးကန့်တပ်၊ ရခိုင်တပ်နဲ့ ဝတပ်တွေမှာ FN-6 မြှားပျံဒုံး ရှိနိုင်တယ်လို့ စစ်မှုရေးရာသုတေသီ Anthony Davis က ခန့်မှန်းပါတယ်။ စစ်ကောင်စီကတော့ တရုတ်ဆီကရထားတဲ့ မောင်းသူမဲ့ Drone ကင်းထောက်လေယာဉ်တွေသုံးနေပြီး၊ မိတ္ထိလာ၊ ရှမ်းတဲ လေတပ်စခန်းကနေ ညွှန်ကြားနေကြောင်း ၂၀၂၁ မေလ (၆) ရက်နေ့ထုတ် CSIS စာစောင်မှာ ဖော်ပြပါတယ်။ ပြည်သူလူထုရဲ့ ခုခံရေး လှုပ်ရှားမှုတွေကို စောင့်ကြည့်ရာမှာ တရုတ်လုပ် Drone ကို သုံးတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေသုံးတဲ့ လက်နက်ခဲယမ်း (၆၀) ရာခိုင်နှုန်းဟာ တရုတ်ပြည်ကလာတာပါ။

မြန်မာပြည်က လက်နက်ကိုင်တပ်ဖွဲ့တွေဟာ တရုတ်လုပ် စစ်လက်နက်တွေကို သုံးနေတာ အတော်ကြာပါပြီ။ ၂၀၂၀ ဇန်နဝါရီလ (၁၅) ရက်နေ့က သိန္နီမြို့နယ်မှာ တရုတ်စစ်လက်နက်တွေ ဖမ်းမိတုန်းက မြေပြင်ပစ် ၁၀၇မမ ရှော့တိုက်ဒုံးနဲ့ လေယာဉ်ပစ် FN-6 ဒုံးကျည်တွေလည်း ပါဝင်ပါတယ်။ အချိန်တိုအတွင်း ရခိုင်တပ်ဖွဲ့အင်အား ကြီးထွားလာတာ တရုတ်လက်နက်ကြောင့် ဖြစ်ပါတယ်။ ၂၀၂၀ ဧပြီလက ဘင်္ဂလားဒေ့ရှ် မိုနာခါလီကမ်းခြေမှာ ဖမ်းဆီးရမိတဲ့ စက်သေနတ်၊ မောင်းပြန်ရိုင်ဖယ်၊ ပခုံးထမ်း FN-6 မြှားပျံဒုံးတွေဟာ ရခိုင်တပ်အတွက် ရည်ရွယ်ပါတယ်။ တရုတ်ပြည်တောင်ပိုင်းကနေ ငါးဖမ်းသင်္ဘောနဲ့ သယ်လာတာပါ။

ရှမ်းပြည်နယ်တောင်ပိုင်း လွယ်တိုင်းလျှံတောင်တန်းမှာ အခြေစိုက်တဲ့ RCSS တောင်ပိုင်းရှမ်းတပ်ဖွဲ့က သေနတ်ဟောင်းတွေကို ပေါင်းစပ်ပြီး ရတ်ထိုင်းရိုင်ဖယ်ကို ထုတ်လုပ်ပါတယ်။ ဒါပေမဲ့ ထိရောက်မှု မရှိလို့ ရှေ့တန်းမှာ မသုံးနိုင်ပါဘူး။ လက်နက်ကိုင်တော်လှန်ရေးနဲ့ ကင်းဝေးခဲ့တဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ တူမီးသေနတ်ကနေ အဆင့်မြင့်လက်နက်ကိုင်ဆောင်နိုင်အောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးပမ်းနေကြပါတယ်။ လက်လုပ်သေနတ်ဟာ သုံးစွဲသူတွေကိုလည်း အန္တရာယ်ပေးနိုင်တာကိုလည်း သဘောပေါက်ထားကြပါတယ်။

==Unicode ==









XS
SM
MD
LG