သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အနာဂတ္မ်ဳိးဆက္အတြက္ ရန္ပံုေငြ


Resource Curse (Credit: Carnegie Endowment for International Peace)
အနာဂတ္မ်ဳိးဆက္အတြက္ ရန္ပံုေငြ
please wait

No media source currently available

0:00 0:05:27 0:00
တိုက္႐ိုက္ လင့္ခ္

တိုင္းျပည္ရဲ ႔ သဘာဝသယံဇာတေတြကို အနာဂတ္မ်ဳိးဆက္ေတြအပါအဝင္ ႏုိင္ငံသူႏုိင္ငံသားအားလံုးက ပိုင္ဆိုင္ပါတယ္။ အခုထုတ္ယူေနတဲ့ သယံဇာတေတြ ကုန္ခမ္းသြားတဲ့အခါမွာ ဘယ္လိုလုပ္ၾကမလဲ။ အနာဂတ္မ်ဳိးဆက္ေတြအတြက္ ဘာေတြလုပ္ေပးမလဲ ဆိုတာေတြကို စဥ္းစားၾကပါတယ္။ ဒါေၾကာင့္ သယံဇာတ ေရာင္းရေငြေတြကို စုေပါင္းၿပီး အနာဂတ္မ်ဳိးဆက္အတြက္ ‘ႏိုင္ငံေတာ္ရန္ပံုေငြ’ တည္ေထာင္ၾကပါတယ္။ ဒီအထဲမွာ ေနာ္ေဝႏုိင္ငံဟာ ထင္ရွားပါတယ္။ ၁၉၉၈ မွာ တည္ေထာင္တဲ့ ေနာ္ေဝရဲ ႔ ႏုိင္ငံေတာ္ရန္ပံုေငြဟာ ေဒၚလာသန္းေပါင္း (၁) သန္းေလာက္ရိွေနၿပီမို႔ ကမာၻမွာ အမ်ားဆံုးရန္ပံုေငြ ျဖစ္ပါတယ္။

ဒီရန္ပံုေငြကို ေနာ္ေဝဗဟိုဘဏ္က ႀကီးၾကပ္ကြပ္ကဲၿပီး ပါလီမန္ကို အစီရင္ခံရပါတယ္။ ရန္ပံုေငြ အမ်ားဆံုး (၃၈) ရာခိုင္ႏႈန္းကို အေမရိကန္မွာ ရင္းႏီွးထားၿပီး၊ ၿဗိတိန္ (၉) ရာခိုင္ႏႈန္းနဲ႔ ဂ်ပန္မွာလည္း ရင္းႏီွးထားပါတယ္။ ေနာ္ေဝရဲ ႔ ႏုိင္ငံေတာ္ရန္ပံုေငြဟာ တိုင္းျပည္စီးပြားေရးပမာဏရဲ ႔ သံုးဆေလာက္ ရိွပါတယ္။ ေရနံနဲ႔ဓါတ္ေငြ႔ကို အားကိုးတဲ့ Abu Dhabi, Kuwait, Qatar နဲ႔ Saudi Arabia မွာလည္း ႏုိင္ငံေတာ္ရန္ပံုေငြေတြ ရိွၾကပါတယ္။ ျမန္မာျပည္မွာ သဘာဝသယံဇာတ ၾကြယ္ဝေပမယ့္ တုိင္းသူျပည္သားအတြက္ အသံုးမခ်ႏုိင္ဘဲ ျဖစ္ေနတယ္လို႔ မၾကာမီကထုတ္ေဝတဲ့ ကမာၻ႔ဘဏ္အုပ္စုရဲ ႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ျမန္မာ့ေျမေပၚေျမေအာက္ သယံဇာတကို ၾသဇာအာဏာရိွသူတစုက ႀကီးၾကပ္ကြပ္ကဲၿပီး အျမတ္ထုတ္ေနတဲ့အတြက္ အနာဂတ္အတြက္ မေျပာနဲ႔ မ်က္ေမွာက္ကာလမွာေတာင္ ျပည္သူျပည္သားေတြဟာ အက်ဳိးမခံစားရဘူးလို႔ ဆိုပါတယ္။ ျမန္မာ့ပို႔ကုန္တဝက္နီးပါးဟာ ေရနံဓါတ္ေငြ႔၊ သတၱဳ၊ ေက်ာက္မ်က္နဲ႔ ေက်ာက္စိမ္းတို႔ ျဖစ္ပါတယ္။ ျမန္မာျပည္ဟာ ေက်ာက္စိမ္းနဲ႔ ပတၱျမားနယ္ေျမ ျဖစ္ပါတယ္။ ဒါေပမဲ့ ေျမေအာက္ရတနာ ဘယ္ေလာက္ရိွမွန္းသိတာ မဟုတ္ပါဘူး။ သတၱဳနဲ႔ ေက်ာက္မ်က္ကုမၸဏီေပါင္း (၁၅၀၀) ေလာက္ မွတ္ပံုတင္ထားေပမယ့္ ထုတ္လုပ္မႈနဲ႔ ဝင္ေငြကို ထုတ္ျပန္ေၾကညာတဲ့ ကုမၸဏီက (၈၀) ပဲ ရိွပါတယ္။ ဒါကိုၾကည့္ရင္ သယံဇာတ ထုတ္ယူေနတဲ့ လုပ္ငန္းအမ်ားစုအေၾကာင္း မသိတာမ်ားပါတယ္။ လုပ္ပိုင္ခြင့္ခ်ေပးရာမွာလည္း ပြင့္လင္းျမင္သာမႈ ကင္းမဲ့တဲ့ လက္သိပ္ထိုးနည္းကိုသာ သံုးၾကပါတယ္။

ျမန္မာ့သဘာဝ သယံဇာတအရင္းအျမစ္ေတြကို မ်က္ေမွာက္ေခတ္လူ႔ အဖြဲ႔အစည္းအတြက္ေရာ၊ အနာဂတ္မ်ဳိးဆက္ေတြအတြက္ေရာ အက်ဳိးရိွေအာင္ လုပ္ႏိုင္ပါတယ္။ ဒီလိုလူမ်ားစု အက်ဳိးခံစားႏုိင္ဖို႔အတြက္ ေျမယာ၊ သစ္ေတာ၊ ေရလုပ္ငန္း၊ ငါးလုပ္ငန္းနဲ႔ ေျမေအာင္သယံဇာတေတြကို စီမံခန္႔ခြဲနည္းနဲ႔ အသံုးျပဳနည္းကို ျပဳျပင္ေျပာင္းလဲရပါလိမ့္မယ္။ သယံဇာတေတြ အလွ်င္အျမန္ ကုန္ခမ္းသြားတာမ်ဳိး မျဖစ္ရေအာင္လည္း ႀကိဳးပမ္းရပါလိမ့္မယ္။ ျပဳျပင္ေျပာင္းလဲလိုက္တဲ့ အက်ဳိးေက်းဇူးကို ေရရွည္မွ သိျမင္ႏိုင္မွာ ျဖစ္ေပမယ့္ မေျပာင္းလဲတဲ့ ဆိုးက်ဳိးကို ေလာေလာဆယ္ ခံစားရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ နည္းလမ္းသစ္ကို ရွာေဖြအသံုးျပဳႏိုင္ဖို႔ အေရးတႀကီး လိုအပ္ေနၿပီ ျဖစ္ပါတယ္။ သဘာဝသယံဇာတ စီမံခန္႔ခြဲမႈကို သိသာျမင္သာေအာင္လုပ္ၿပီး အမ်ားအက်ဳိးသယ္ပိုးတဲ့အစိုးရကို အယံုအၾကည္ ရိွလာပါလိမ့္မယ္။

ေျမယာျပႆနာကို ေျဖရွင္းႏုိင္ၿပီး တိုင္းရင္းသား ရိုးရာဓေလ့ ေျမယာပိုင္ဆိုင္မႈကို အသိအမွတ္ျပဳႏိုင္မယ္ဆိုရင္ ၿငိမ္းခ်မ္းေရးအတြက္ အက်ဳိးရိွပါတယ္။ သဘာဝပတ္ဝန္းက်င္ ယိုးယြင္းပ်က္စီးတဲ့ဒဏ္ကို ေဒသခံျပည္သူေတြ အခံရဆံုးျဖစ္တဲ့အတြက္ သယံဇာတ ထုတ္လုပ္မႈရဲ ႔ အက်ဳိးကို သူတုိ႔လည္း ခံစားႏိုင္ဖို႔ ေဆာင္ရြက္ရပါလိမ့္မယ္။ ႏိုင္ငံေရးနဲ႔ စီးပြားေရးအသြင္ကူးေျပာင္းၿပီး ၿငိမ္းခ်မ္းေရးရယူဖို႔ တၿပိဳင္တည္း ႀကိဳးပမ္းရာမွာ ေကာင္းမြန္တဲ့ ဝန္ထမ္းစနစ္၊ ဘ႑ာေရးစနစ္နဲ႔ အိုင္တီစနစ္ရိွတဲ့ အရည္အေသြးျပည့္ဝတဲ့ အစိုးရရိွဖို႔ လိုပါတယ္။ အစိုးရရဲ ႔ လုပ္ငန္းဌာနေတြ ထိထိေရာက္ေရာက္ စြမ္းေဆာင္ႏိုင္ေလေလ၊ လမ္းစဥ္အေကာင္အထည္ေဖာ္တဲ့ ေနရာမွာ အဆင္ေျပေလေလ ျဖစ္ပါတယ္။ ႏွစ္ေပါင္းမ်ားစြာ လူသားရင္းျမစ္ တိုးတက္မႈကင္းမဲ့ၿပီး စာရင္းအင္း မမွန္ကန္တဲ့ဒဏ္ကို ဒီကေနအထိ ခံေနရဆဲ ျဖစ္ပါတယ္။

ေရြးေကာက္ပြဲအစိုးရ ဖြဲ႔စည္းၿပီးေတာ့မွ ၂၀၁၄ လူဦးေရစာရင္း၊ ၂၀၁၅-၂၀၁၇ မိသားစုစစ္တမ္း စတာေတြကို ေကာက္ယူႏိုင္ခဲ့ပါတယ္။ စာရင္းဇယားစံုလင္မွသာ ျပႆနာကို ကိုင္တြယ္ေျဖရွင္းႏိုင္ပါလိမ့္မယ္။ e-Government (သို႔မဟုတ္) Electronic Government (သို႔မဟုတ္) Online Govt, Digital Govt အတတ္ပညာ အသံုးျပဳတဲ့ေနရာမွာလည္း အာဆီယံေဒသမွာ ျမန္မာနဲ႔ လာအိုႏိုင္ငံတို႔ဟာ အညံ့ဆံုး ျဖစ္ေနပါတယ္။ မၾကာမီကမွ လြတ္လပ္ေရးရခဲ့တဲ့ Timor-Leste ႏိုင္ငံေတာင္ ျမန္မာထက္သာပါတယ္။ လူသားရင္းျမစ္ ရင္းႏီွးျမဳပ္ႏံွမႈဘက္မွာ အားနည္းလို႔ ဒီလုိျဖစ္ရတာပါ။

ဒါေၾကာင့္ သဘာဝသယံဇာတ ေရာင္းရေငြကို လူသားအရင္းအႏီွးအတြက္ သံုးရပါလိမ့္မယ္။ ႏိုင္ငံေပါင္း (၁၄၁) ႏိုင္ငံရဲ ႔ အႏွစ္ (၂၀) သမိုင္းကို ကမာၻ႔ဘဏ္က ေလ့လာတဲ့အခါမွာ လူသားအရင္းအႏီွး ေကာင္းရင္ေကာင္းသလို တိုင္းျပည္ရဲ ႔ ဓနအင္အား ႀကီးထြားလာတာကို ေတြ႔ရပါတယ္။ ခ်မ္းသာတဲ့ႏိုင္ငံေတြရဲ ႔ ဓနအင္အားမွာ (၇၀) ရာခိုင္ႏႈန္းဟာ လူအရင္းအႏီွးျဖစ္ၿပီး၊ ဆင္းရဲတဲ့ႏိုင္ငံေတြမွာေတာ့ (၄၀) ရာခိုင္ႏႈန္းသာ ရိွပါတယ္။ ဒီေလ့လာခ်က္ကိုၾကည့္ရင္ လူမွာရင္းႏီွးျမဳပ္ႏံွမွသာ စီးပြားေရးတိုးတက္ဖြံ႔ၿဖိဳးတာကို သက္ေသျပေနပါတယ္။ လူသားရင္းျမစ္မွာ ရင္းႏီွးႏိုင္ဖို႔ အလြန္အေရးႀကီးေနၿပီ ျဖစ္ပါတယ္။

== Unicode ===

တိုင်းပြည်ရဲ့ သဘာဝသယံဇာတတွေကို အနာဂတ်မျိုးဆက်တွေအပါအဝင် နိုင်ငံသူနိုင်ငံသားအားလုံးက ပိုင်ဆိုင်ပါတယ်။ အခုထုတ်ယူနေတဲ့ သယံဇာတတွေ ကုန်ခမ်းသွားတဲ့အခါမှာ ဘယ်လိုလုပ်ကြမလဲ။ အနာဂတ်မျိုးဆက်တွေအတွက် ဘာတွေလုပ်ပေးမလဲ ဆိုတာတွေကို စဉ်းစားကြပါတယ်။ ဒါကြောင့် သယံဇာတ ရောင်းရငွေတွေကို စုပေါင်းပြီး အနာဂတ်မျိုးဆက်အတွက် ‘နိုင်ငံတော်ရန်ပုံငွေ’ တည်ထောင်ကြပါတယ်။ ဒီအထဲမှာ နော်ဝေနိုင်ငံဟာ ထင်ရှားပါတယ်။ ၁၉၉၈ မှာ တည်ထောင်တဲ့ နော်ဝေရဲ့ နိုင်ငံတော်ရန်ပုံငွေဟာ ဒေါ်လာသန်းပေါင်း (၁) သန်းလောက်ရှိနေပြီမို့ ကမ္ဘာမှာ အများဆုံးရန်ပုံငွေ ဖြစ်ပါတယ်။

ဒီရန်ပုံငွေကို နော်ဝေဗဟိုဘဏ်က ကြီးကြပ်ကွပ်ကဲပြီး ပါလီမန်ကို အစီရင်ခံရပါတယ်။ ရန်ပုံငွေ အများဆုံး (၃၈) ရာခိုင်နှုန်းကို အမေရိကန်မှာ ရင်းနှီးထားပြီး၊ ဗြိတိန် (၉) ရာခိုင်နှုန်းနဲ့ ဂျပန်မှာလည်း ရင်းနှီးထားပါတယ်။ နော်ဝေရဲ့ နိုင်ငံတော်ရန်ပုံငွေဟာ တိုင်းပြည်စီးပွားရေးပမာဏရဲ့ သုံးဆလောက် ရှိပါတယ်။ ရေနံနဲ့ဓါတ်ငွေ့ကို အားကိုးတဲ့ Abu Dhabi, Kuwait, Qatar နဲ့ Saudi Arabia မှာလည်း နိုင်ငံတော်ရန်ပုံငွေတွေ ရှိကြပါတယ်။ မြန်မာပြည်မှာ သဘာဝသယံဇာတ ကြွယ်ဝပေမယ့် တိုင်းသူပြည်သားအတွက် အသုံးမချနိုင်ဘဲ ဖြစ်နေတယ်လို့ မကြာမီကထုတ်ဝေတဲ့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာ့မြေပေါ်မြေအောက် သယံဇာတကို သြဇာအာဏာရှိသူတစုက ကြီးကြပ်ကွပ်ကဲပြီး အမြတ်ထုတ်နေတဲ့အတွက် အနာဂတ်အတွက် မပြောနဲ့ မျက်မှောက်ကာလမှာတောင် ပြည်သူပြည်သားတွေဟာ အကျိုးမခံစားရဘူးလို့ ဆိုပါတယ်။ မြန်မာ့ပို့ကုန်တဝက်နီးပါးဟာ ရေနံဓါတ်ငွေ့၊ သတ္တု၊ ကျောက်မျက်နဲ့ ကျောက်စိမ်းတို့ ဖြစ်ပါတယ်။ မြန်မာပြည်ဟာ ကျောက်စိမ်းနဲ့ ပတ္တမြားနယ်မြေ ဖြစ်ပါတယ်။ ဒါပေမဲ့ မြေအောက်ရတနာ ဘယ်လောက်ရှိမှန်းသိတာ မဟုတ်ပါဘူး။ သတ္တုနဲ့ ကျောက်မျက်ကုမ္ပဏီပေါင်း (၁၅၀၀) လောက် မှတ်ပုံတင်ထားပေမယ့် ထုတ်လုပ်မှုနဲ့ ဝင်ငွေကို ထုတ်ပြန်ကြေညာတဲ့ ကုမ္ပဏီက (၈၀) ပဲ ရှိပါတယ်။ ဒါကိုကြည့်ရင် သယံဇာတ ထုတ်ယူနေတဲ့ လုပ်ငန်းအများစုအကြောင်း မသိတာများပါတယ်။ လုပ်ပိုင်ခွင့်ချပေးရာမှာလည်း ပွင့်လင်းမြင်သာမှု ကင်းမဲ့တဲ့ လက်သိပ်ထိုးနည်းကိုသာ သုံးကြပါတယ်။

မြန်မာ့သဘာဝ သယံဇာတအရင်းအမြစ်တွေကို မျက်မှောက်ခေတ်လူ့ အဖွဲ့အစည်းအတွက်ရော၊ အနာဂတ်မျိုးဆက်တွေအတွက်ရော အကျိုးရှိအောင် လုပ်နိုင်ပါတယ်။ ဒီလိုလူများစု အကျိုးခံစားနိုင်ဖို့အတွက် မြေယာ၊ သစ်တော၊ ရေလုပ်ငန်း၊ ငါးလုပ်ငန်းနဲ့ မြေအောင်သယံဇာတတွေကို စီမံခန့်ခွဲနည်းနဲ့ အသုံးပြုနည်းကို ပြုပြင်ပြောင်းလဲရပါလိမ့်မယ်။ သယံဇာတတွေ အလျှင်အမြန် ကုန်ခမ်းသွားတာမျိုး မဖြစ်ရအောင်လည်း ကြိုးပမ်းရပါလိမ့်မယ်။ ပြုပြင်ပြောင်းလဲလိုက်တဲ့ အကျိုးကျေးဇူးကို ရေရှည်မှ သိမြင်နိုင်မှာ ဖြစ်ပေမယ့် မပြောင်းလဲတဲ့ ဆိုးကျိုးကို လောလောဆယ် ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နည်းလမ်းသစ်ကို ရှာဖွေအသုံးပြုနိုင်ဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ်။ သဘာဝသယံဇာတ စီမံခန့်ခွဲမှုကို သိသာမြင်သာအောင်လုပ်ပြီး အများအကျိုးသယ်ပိုးတဲ့အစိုးရကို အယုံအကြည် ရှိလာပါလိမ့်မယ်။

မြေယာပြဿနာကို ဖြေရှင်းနိုင်ပြီး တိုင်းရင်းသား ရိုးရာဓလေ့ မြေယာပိုင်ဆိုင်မှုကို အသိအမှတ်ပြုနိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် အကျိုးရှိပါတယ်။ သဘာဝပတ်ဝန်းကျင် ယိုးယွင်းပျက်စီးတဲ့ဒဏ်ကို ဒေသခံပြည်သူတွေ အခံရဆုံးဖြစ်တဲ့အတွက် သယံဇာတ ထုတ်လုပ်မှုရဲ့ အကျိုးကို သူတို့လည်း ခံစားနိုင်ဖို့ ဆောင်ရွက်ရပါလိမ့်မယ်။ နိုင်ငံရေးနဲ့ စီးပွားရေးအသွင်ကူးပြောင်းပြီး ငြိမ်းချမ်းရေးရယူဖို့ တပြိုင်တည်း ကြိုးပမ်းရာမှာ ကောင်းမွန်တဲ့ ဝန်ထမ်းစနစ်၊ ဘဏ္ဍာရေးစနစ်နဲ့ အိုင်တီစနစ်ရှိတဲ့ အရည်အသွေးပြည့်ဝတဲ့ အစိုးရရှိဖို့ လိုပါတယ်။ အစိုးရရဲ့ လုပ်ငန်းဌာနတွေ ထိထိရောက်ရောက် စွမ်းဆောင်နိုင်လေလေ၊ လမ်းစဉ်အကောင်အထည်ဖော်တဲ့ နေရာမှာ အဆင်ပြေလေလေ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ လူသားရင်းမြစ် တိုးတက်မှုကင်းမဲ့ပြီး စာရင်းအင်း မမှန်ကန်တဲ့ဒဏ်ကို ဒီကနေအထိ ခံနေရဆဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲအစိုးရ ဖွဲ့စည်းပြီးတော့မှ ၂၀၁၄ လူဦးရေစာရင်း၊ ၂၀၁၅-၂၀၁၇ မိသားစုစစ်တမ်း စတာတွေကို ကောက်ယူနိုင်ခဲ့ပါတယ်။ စာရင်းဇယားစုံလင်မှသာ ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်။ e-Government (သို့မဟုတ်) Electronic Government (သို့မဟုတ်) Online Govt, Digital Govt အတတ်ပညာ အသုံးပြုတဲ့နေရာမှာလည်း အာဆီယံဒေသမှာ မြန်မာနဲ့ လာအိုနိုင်ငံတို့ဟာ အညံ့ဆုံး ဖြစ်နေပါတယ်။ မကြာမီကမှ လွတ်လပ်ရေးရခဲ့တဲ့ Timor-Leste နိုင်ငံတောင် မြန်မာထက်သာပါတယ်။ လူသားရင်းမြစ် ရင်းနှီးမြုပ်နံှမှုဘက်မှာ အားနည်းလို့ ဒီလိုဖြစ်ရတာပါ။

ဒါကြောင့် သဘာဝသယံဇာတ ရောင်းရငွေကို လူသားအရင်းအနှီးအတွက် သုံးရပါလိမ့်မယ်။ နိုင်ငံပေါင်း (၁၄၁) နိုင်ငံရဲ့ အနှစ် (၂၀) သမိုင်းကို ကမ္ဘာ့ဘဏ်က လေ့လာတဲ့အခါမှာ လူသားအရင်းအနှီး ကောင်းရင်ကောင်းသလို တိုင်းပြည်ရဲ့ ဓနအင်အား ကြီးထွားလာတာကို တွေ့ရပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေရဲ့ ဓနအင်အားမှာ (၇၀) ရာခိုင်နှုန်းဟာ လူအရင်းအနှီးဖြစ်ပြီး၊ ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ (၄၀) ရာခိုင်နှုန်းသာ ရှိပါတယ်။ ဒီလေ့လာချက်ကိုကြည့်ရင် လူမှာရင်းနှီးမြုပ်နံှမှသာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးတာကို သက်သေပြနေပါတယ်။ လူသားရင်းမြစ်မှာ ရင်းနှီးနိုင်ဖို့ အလွန်အရေးကြီးနေပြီ ဖြစ်ပါတယ်။

XS
SM
MD
LG