သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်က တရုတ်တိုင်းရင်းသား


ကိုးကန့်တရုတ် ဖုန်ကြားရှင်တပ်ဖွဲ့မှာ ယူနန်က တရုတ်စစ်သားတွေပါမပါ အငြင်းပွားကြလို့ တရုတ်အစိုး၇က မကူညီ၊ မထောက်ခံကြောင်း ရှင်းရပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံသားတွေ ကိုးကန့်သူပုန်ကို ကူညီနေတယ်ဆိုရင် သူတို့သဘော လျှောက်လုပ်တာသာဖြစ်ပြီး တရုတ်အစိုးရနဲ့ မဆိုင်ဘူးလို့ တရုတ်စာနယ်ဇင်းက ရေးပါတယ်။ ကိုးကန့်က ယူနန်ကို ထွက်ပြေးသူထဲမှာ ဒုက္ခသည်စခန်းမှာ ခိုလှုံသူရှိသလို ဆွေမျိုးမိတ်သင်္ဂဟဆီမှာ တည်းခိုသူလည်း ရှိပါတယ်။ ဒါကြောင့် ကိုးကန့်သူပုန်အဖွဲ့မှာ ယူနန်နယ်သား မပါဘူးလို့ေြ့ပာဖို့ ခက်ပါတယ်။ ကိုးကန့်နယ်သားကို ယူနန်မှာ တောင်ပေါ်က တရုတ်လို့ ခေါ်ပါတယ်။

မြန်မာနဲ့ယူနန်ဟာ နယ်မြေချင်းဆက်နေသလို သမိုင်းချင်းဆက်တာတွေ အများကြီး ရှိပါတယ်။ ယူနန်မှာ ကြီးစိုးတဲ့ နန်ကျောင်ဝင်တိုက်လို့ ပျူနိုင်ငံ ပျက်စီးရတယ်လို့ ရှေးဟောင်းသမိုင်းဆရာတွေက ဆိုပါတယ်။ အဲဒီခေတ်မှာပဲ နန်ကျောင်လက်အောက်ခံ မြန်မာလူမျိုးစုဟာ ကျောက်ဆည်ဒေသမှာ ဝင်ရောက်အခြေစိုက်တယ်လို့ ဆိုပါတယ်။ တရုတ်ပြည်မှာ မွန်ဂိုတွေ အာဏာရယူပြီး ယူနန်အထိ ရောက်လာတဲ့အခါ မြန်မာနဲ့ ထိတွေ့ပါတယ်။ (၁၃) ရာစုမှာ မွန်ဂိုတရုတ် ဝင်တိုက်လို့ ပုဂံပြည် ပျက်စီးရပါတယ်။ အဲဒီနောက် ရှမ်းတွေတည်ထောင်ခဲ့တဲ့ အင်းဝခေတ်မှာ ယူနန်-မြန်မာ ကုန်သွယ်ရေးစတယ်လို့ သမိုင်းကဆိုပါတယ်။

(၁၇) ရာစု တရုတ်ပြည်မှာ 'မင်' မင်းဆက် ဖြုတ်ချခဲ့ရတဲ့အခါ နောက်ဆုံး 'မင်' ဘုရင် ယုံလီ ဟာ မြန်မာပြည်ထဲကို ဝင်ရောက်ခိုလှုံခဲ့ပါတယ်။ အဲဒီအခါမှာ 'မင်' မင်းဆက်ကို လိုလားတဲ့ မြန်မာရောက် တရုတ်တွေ စခန်းထတဲ့အတွက် ပြည်တွင်းရေး အလွန်ရှုပ်ထွေးကုန်ပါတယ်။ တရုတ်စစ်တပ် အင်းဝမြို့အထိ ချီလာပြီး ယုံလီမင်းကို ခေါ်ဆောင်သွားခဲ့ပေမယ့် ယုံလီရဲ့ ကိုယ်ရံတော်တပ်ကို ယူနန်နယ်စပ်မှာ အခြေချခွင့်ပေးတဲ့အတွက် ကိုးကန့်တရုတ် ပေါ်ပေါက်လာပါတယ်။ ကိုလိုနီခေတ်ရောက်မှ ကိုးကန့်နယ်ဟာ မြန်မာ့နယ်နမိတ်ထဲ ပါလာတာပါ။ (၁၉) ရာစု ပန်းသေးမွတ်စလင် ပုန်ကန်မှု အရေးနိမ့်တဲ့အခါမှာလည်း ယူနန်တရုတ် အများအပြား ရှမ်းပြည်နယ်မှာ ဝင်ရောက်ခိုလှုံပါတယ်။ ဗမာစစ်အစိုးရခေတ်မှာ နယ်စပ်တိုက်ပွဲဖြစ်တဲ့အခါမှသာ မြန်မာပြည်သားတွေ ယူနန်ပြည်နယ်မှာ ဝင်ရောက်ခိုလှုံခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနယ်နမိတ်ကို အင်္ဂလိပ်က ရေးဆွဲပါတယ်။ နောက်ဆုံး ကုန်းဘောင်မင်းဟာ လက်ရှိနယ်နိမိတ်ကို ချုပ်ကိုင်တာ မဟုတ်ပါဘူး။ ဥပမာ ရှမ်းပြည်မှာ ဗမာမင်းရဲ့ အာဏာစက်ဟာ ကျိုင်းတုံအထိသာ ရောုက်ပါတယ်။ ကျိုင်းတုံဟာ မြန်မာ့အလံကို အသိအမှတ်ပြုရာ အရပ်ရဲ့ နယ်ကုန်ဖြစ်လို့ အလံဦးကင်းဖျားလို့ခေါ်ကြောင်း ကွယ်လွန်သူ သမိုင်းပညာရှင် ဆရာဦးသန်းထွန်က နယ်လှည့်ရာဇဝင် အတွဲ (၁) မှာ ရေးထားပါတယ်။ မြန်မာနဲ့ မပေါင်းမီမှာ ကျိုင်းတုံဟာ တရုတ်ကို လက်ဆောင်ပို့ဖူးပြီး တခါတရံ တရုတ်က အခွန်ဘဏ္ဍာ တောင်းပါတယ်။ (၁၈) ရာစု အလယ်ပိုင်းမှာ မြန်မာ-တရုတ် စစ်ဖြစ်တော့ ကျိုင်းတုံကို တရုတ်က ယာယီသိမ်းပိုက်ခဲ့ပါတယ်။ မြန်မာမင်းနဲ့ ယူနန်အာဏာပိုင်တို့ သြဇာလွှမ်းမိုးဖို့ နှစ်ပေါင်းများစွာ အားပြိုင်ဆိုင်ခဲ့တဲ့ ရှမ်းပြည်မှာ တရုတ်မျိုးနွယ်ဝင်တွေ အများအပြား ရှိပါတယ်။

(၁၄) ရာစုကတည်းက မြန်မာကျောက်စိမ်းကို တရုတ်က မျက်စိကျခဲ့တယ်လို့ ဆိုါပတယ်။ (၁၈) ရာစု မြန်မာ-တရုတ် နယ်ခြားစစ်ပွဲ ပြီးဆုံးတဲ့အခါ ယူနန်-မြန်မာ ကုန်သွယ်ရေး တိုးပွားလာပါတယ်။ ကချင်ကို ကျောက်မျက်ပိုင်ရှင်အဖြစ် တရုတ်က အသိအမှတ်ပြုသလို မြန်မာမင်းကလည်း အသိအမှတ်ပြုပါတယ်။ (၁၉) ရာစုမှာ အမရပူရ အခြေစိုက် တရုတ်က ယူနန်ကို ဝါဂွမ်းနဲ့ ကျောက်မျက်တင်ပို့ပြီး ပိုးချည်၊ ရွှေ၊ ငွေ နဲ့ သတ္တုအိုးခွက်တွေကို ယူနန်က တင်သွင်းပါတယ်။ မြန်မာပြည်မှာ သေဆုံးခဲ့တဲ့ တရုတ်ကုန်သည် (၆၀၀၀) ကျော်ရဲ့ စာရင်းကို အမရပူရ တရုတ်ဘုံကျောင်းမှာ မှတ်တမ်းတင်ထားတယ်လို့ ကိုလိုနီခေတ် အစီရင်ခံစာတစောင်မှာ ဖော်ပြထားပါတယ်။ ရာစုနှစ်နဲ့ချီပြီး လားတန်းနဲ့ ကုန်သွယ်ရာမှာ ယူနန်ကို မပြန်သူတွေ ရှိပါတယ်။ သူတို့က ပေါက်ဖွားလာသူတွေဟာ မြန်မာပြည် တရုတ်တိုင်းရင်းသားတွေ ဖြစ်လာကြပါတယ်။

၁၉၄၉ မှာ တရုတ် ကွန်မြူနစ်ပါတီ အာဏာရလာတော့ ယူနန်မှာရှိတဲ့ ချန်ကိုင်ရှိတ်ရဲ့ ကူမင်တန်တပ်ဟာ ရှမ်းပြည်မှာ ခိုလှုံပြီး ကွန်မြူနစ် ဆန့်ကျင်ရေး လုပ်လာပါတယ်။ ကိုးကန့်ခေါင်းဆောင် Oliver Yang ဟာ ချန်ကိုင်ရှိတ်ကို ထောက်ခံသူမို့ ဝင်ရောက်လာတဲ့ ကူမင်တန်တပ်နဲ့ မဟာမိတ် လုပ်ပါတယ်။ ကူမင်တန်တပ်တွေ ထိုင်ဝမ်ပြန်တဲ့အခါ မြန်မာနယ်စပ်မှာ ချန်နေခဲ့သူတွေ ရှိပါတယ်။ ဒါကြောင့် ကူမင်တန်တရုတ်၊ ကိုးကန့်တရုတ်၊ ဝတရုတ်၊ ဗကပတရုတ်၊ ယူနန်တရုတ်တွေ ရောနှောကုန်ပါတယ်။ ကိုးကန့်၊ ဝ နဲ့ မိုင်းလားဒေသတွေဟာ မြန်မာနယ်နိမိတ်ထဲက တရုတ်ပြည်နယ်တွေလို ဖြစ်နေပါတယ်။ သူတို့ကို ကိုးကန့်တိုင်းရင်းသားနဲ့ ဝ တိုင်းရင်းသားလို့ မော်ကွန်းတိုက်ထုတ် တပ်မတော်သမိုင်းမှာ ဖော်ပြထားပါတယ်။

စစ်အစိုးရခေတ်မှာ တရုတ်ကို မှီခိုအားထားတဲ့အတွက် တရုတ်ပြည်က ဝင်လာသူတွေ များလာသလို၊ အပစ်အခတ် ရပ်စဲလိုက်လို့ ကိုးကန့်တရုတ် နဲ့ ဝတရုတ်တွေ မြန်မာပြည်မကို ဆင်းလာကြတာလည်း ရှိပါတယ်။ ဒီလို ရှည်လျားရှု့ပ်ထွေးတဲ့ သမိုင်းကြောင့် တရုတ်အမျိုးမျိုး ရှိလာပါတယ်။ ယေဘုယျသဘောကတော့ ကိုယ်ကျိုးစီးပွားကိုသာ စိတ်ဝင်စားသူ၊ တိုင်းပြည်အကျိုးကို စိတ်ဝင်စားသူ နဲ့ တရုတ်ပြည်ကို သစ္စာရှိသူ စသဖြင့် တရုတ် (၃) မျိုး ရှိလာတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် မြန်မာပြည်သား တရုတ်များအကြောင်းပြောရင် မလိုတမျိုး လိုတမျိုး မပြောဘဲ ခံယူချက်အမျိုးမျိုး နဲ့ အကျိုးစီးပွားအမျိုးမျိုး ရှိနေတာကို ခွဲခြားသိမြင်ဖို့ လိုပါတယ်။

XS
SM
MD
LG