သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးတရားခံ ရှာပုံတော်


ဇူလိုင် ၁၀၊ ၂၀၁၄ - ဘိန်းဘုရင်အဖြစ် နံမည်ကြီးခဲ့တဲ့ပုဂ္ဂိုလ်တွေ ကွယ်လွန်သွားကြပေမယ့် မူးယစ်ဆေးလုပ်ငန်းဟာ မြန်မာပြည်မှာ ရှင်သန်ကြီးထွားနေပါတယ်။ တဦးတည်း၊ တဖွဲ့တည်းကို တရားခံသတ်မှတ်ပြီး အရေးယူရုံနဲ့ ဖြေရှင်းနိုင်တဲ့ ပြဿနာမဟုတ်ကြောင်း ဦးအောင်ခင် နဲ့ ကိုကျော်ကျော်သိန်းတို့က သုံးသပ်တင်ပြထားပါတယ်။

တရုတ်ပြည်တွင်းစစ်မှာ အရေးနိမ့်လို့ ရှမ်းပြည်နယ်မှာ ၁၉၅၁ က ဝင်ရောက်ခိုလှုံခဲ့တဲ့ KMT တရုတ်တပ်ရင်းအချို့က စတင်ခဲ့တဲ့ ဘိန်းလုပ်ငန်းဟာ အခုအထိ ရှင်သန်နေတုန်း ဖြစ်ပါတယ်။ အနှစ် (၆၀) ကျော်ကာလမှာ မူးယစ်ဆေးတရားခံအဖြစ် နံမည်ကြီးခဲ့သူတွေ ကွယ်လွန်သွားကြပေမယ့် မူးယစ်ဆေး ထုတ်လုပ်မှုဟာ တိုးပွားနေပါတယ်။ တကယ်တော့ ဘိန်းထုတ်လုပ်မှု တိုးပွားလို့သာ ဘိန်းဘုရင်တွေ ပေါ်လာတာဖြစ်လို့ သူတို့မရှိလည်း ဘိန်းအထွက် တိုးနေပါတယ်။ ရှမ်းပြည်နယ်က တိုင်းရင်းသားတွေ ဆင်းရဲမွဲတေနေလို့ ဘိန်းစိုက်ရတာလို့ ရှမ်းမူးယစ်ဆေးနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်းက ပြောပါတယ်။

ရှမ်းပြည်နယ်မှာ မြို့နယ် (၅၅) ခုရှိတဲ့အနက် ဝ (၄) မြို့နယ်နဲ့ ကိုးကန့် (၃) မြို့နယ် စုစုပေါင်း (၇) မြို့နယ်မှာသာ ဘိန်းစိုက်ပျိုးမှု ကင်းရှင်းပြီး ကျန်တဲ့ (၄၈) မြို့နယ်မှာ အနည်းနဲ့အများ ဘိန်းစိုက်နေတုန်းပဲလို့ ဦးခွန်စိုင်း ပြောတာကို ဇူလိုင် (၁) ရက်နေ့ထုတ် သျှမ်းသံတော်ဆင့်မှာ ဖော်ပြထားပါတယ်။ အစိုးရတပ်၊ ပြည်သူ့စစ်နဲ့ တောင်လှန်ရေးတပ်ဖွဲ့တွေကို ဆက်ကြေးမပေးဘူး၊ အလှူအတန်းမလုပ်ဘူးဆိုရင် ဘိန်းမစိုက်ဘဲ စိုက်ပျိုးလုပ်ကိုင်စားသောက်နိုင်တယ်လို့ ဆိုပါတယ်။ လက်နက်ကိုင်ပဋိပက္ခကြောင့် ဆင်းရဲတွင်းနက်လာတဲ့ ရှမ်းပြည်သူလူထုဟာ ဘဝရပ်တည်ရေးအတွက် ဘိန်းစိုက်နေကြရတာ ဖြစ်ပါတယ်။

မူးယစ်ဆေးကြောင့် သိက္ခာကျစရာ ဖြစ်လာရင် အစိုးရက တရားခံရှာပြီး အပြစ်ပေးလေ့ရှိပါတယ်။ ဘိန်းဘုရင်အဖြစ် နာမည်ကြီးတဲ့ လော်စစ်ဟန်ကို ထိုင်းအစိုးရက ဘန်ကောက်မှာ (၁၉၇၃) ခုနှစ်က ဖမ်းဆီးပြီး ရန်ကုန်ကို ပို့ပေးခဲ့ပါတယ်။ လောစစ်ဟန် ထောင်ကျပေမယ့် စစ်ခေါင်းဆောင်ပိုင်းနဲ့ အဆင်ပြေတာမို့ တရားဝင်စီးပွားရှာခွင့်ရတဲ့အတွက် ကုဋေကြွယ်သူဌေးကြီး ဖြစ်လာပါတယ်။ လော်စစ်ဟန်လိုပဲ ပြည်သူစစ်ဘဝကနေ ဘိန်းဘုရင်ဖြစ်လာတဲ့ စိုင်းနော်ခမ်းကတော့ ဇာတ်သိမ်းမကောင်းပါဘူး။ ၂၀၁၁ က မဲခေါင်မြစ်ကြောင်းမှာ တရုတ်သင်္ဘောသား (၁၃) ဦး အသတ်ခံရမှုဟာ တရုတ်အစိုးရ သိက္ခာကျစရာ ဖြစ်လာလို့ မဖြစ်မနေ တရားခံရှာရပါတယ်။ ဒီအချိန်မှာ ဘိန်းရာဇာဖြစ်နေတဲ့ စိုင်းနော်ခမ်းနဲ့ အပေါင်းပါတွေကို လာအိုနိုင်ငံမှာ ဖမ်းဆီးမိပြီး ယူနန်ကို ပို့လိုက်ပါတယ်။ နော်ခမ်းနဲ့အဖွဲ့ကို သေဒဏ်ပေးနိုင်လို့ တရုတ်အစိုးရ ကျေနပ်သွားပေမယ့် မူးယစ်ဆေး ရေစီးကြောင်းကတော့ ပုံမှန်အတိုင်း ပြန်ပြီးစီးဆင်းနေပါတယ်။

ဈေးကွက်စီးပွားရေးခေတ်မှာ ပြည်သူ့စစ်နဲ့ အစိုးရတပ်ဟာ မူးယစ်ဆေးနဲ့ ရန်ပုံငွေရှာပါတယ်။ ကွတ်ခိုင်မြို့နယ်မှာ မူးယစ်ဆေးစခန်းပုန်းတခု ဖမ်းမိတာကို လွန်ခဲ့တဲ့ နိုဝင်ဘာလ (၁၁) ရက်ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြပေမယ့် မုံးစီးပြည်သူ့စစ်ရဲ့ ဘိန်းချက်စခန်းဖြစ်တာကိုတော့ ကွယ်ဝှက်ထားပါတယ်။ ပြည်သူ့စစ်ကို တရားခံရှာတာမျိုး မလုပ်ချင်တာ ထင်ရှားနေပါတယ်။ ဒါပေမဲ့ ရာဘ (ခေါ်) စိတ်ကြွဆေး ထုတ်လုပ်တာဟာ ဘိန်းစိုက်တာထက် ပိုဆိုးတယ်လို့ ဦးခွန်စိုင်း က ပြောဆိုပါတယ်။ ငွေရင်းရှိတဲ့ သူဌေးတွေက ရာဘ ကို ထုတ်လုပ်ရောင်းချပြီး ပြည်သူလူထု က စားသုံးတာ ဖြစ်တဲ့အတွက် လူ့အဖွဲ့အစည်းတခုလုံးကို ယိုယွင်းပျက်စီးစေတဲ့ မူးယစ်ဆေးအမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရ ဖိအားပေးမှုကြောင့် ကိုးကန့်နဲ့ ဝ ဒေသမှာ ဘိန်းမစိုက်တာ နှစ်အတော်ကြာပြီဖြစ်ပေမယ့် ဘိန်းအထွက် တိုးနေပါတယ်။ အကြောင်းကတော့ အစိုးရတပ်နဲ့ ပြည်သူ့စစ် ချုပ်ကိုင်ရာဒေသတွေမှာ ဘိန်းစိုက်ပျိုးမှု တိုးပွားလာလို့ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာတင် ပြည်သူ့စစ်ပေါင်း တစ်ရာကျော်ရှိပြီး အပြိုင်အဆိုင် ရန်ပုံငွေရှာကြကြောင်း သိရပါတယ်။ ပြည်သူ့စစ်ရဲ့ တာဝန်ဟာ အစိုးရပေါ်လစီနဲ့ ကြံ့ဖွံ့ပါတီကို ထောက်ခံဖို့သာ ဖြစ်ပါတယ်။ တချု ိ့ဆိုရင် ပြည်နယ်လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ်တွေ ဖြစ်နေကြပါတယ်။ ကြံ့ဖွံ့ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့် (ခေါ်) ဂီဟောင်းကျင်းရဲ့ ပြည်သူ့စစ်ကြီးစိုးတဲ့ နမ့်ခမ်းမြို နယ်မှာ မူးယစ်ဆေးဝါးရောင်ဝယ်သူတွေ နေ့စဉ်တိုးပွားနေကြောင်း လွန်ခဲ့တဲ့ မေလ (၁၅) ရက်နေ့ထုတ် သျှမ်းသံတော်ဆင့်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ရှမ်းပြည်နယ်က မူးယစ်ဆေးလုပ်ငန်းကို ငွေရင်းထောက်ပံ့ပြီး ကြိုးကိုင်နေသူဟာ တိုင်းရင်းသားလတ တိုင်းရင်းသား လက်နက်ကို မဟုတ်ဘဲ။ ပြည်ပက တရုတ်တွေသာ ဖြစ်တယ်လို့ Transitional Institute က ဆိုပါတယ်။ ပြည်ပအခြေစိုက် တရုတ်တွေက ငွေကြေးထောက်ပံပြီး ပြည်တွင်းလက်နက်က မူးယစ်ဆေးထုတ်လုပ်နိုင်မယ့် နေရာဒေသကို ဖန်းတီးပေးတဲ့အတွက်၊ မူးယစ်ဆေးလုပ်ငန်း သက်ဆိုးရှည်နေတာ ဖြစ်ပါတယ်။ မူးယစ်ဆေးလုပ်ငန်းဟာ အမြတ်အစွန်းများတဲ့အတွက် စစ်ဗိုလ်နဲ့ အရပ်ဘက်အရာရှိတွေ ငွေရှာတဲ့လုပ်ငန်း ဖြစ်လာပါတယ်။ ဒေသခံနိုင်ငံရေးသမား၊ အစိုးရအမှုထမ်း၊ စစ်ဗိုလ်၊ ပြည်သူ့စစ်၊ တိုင်းရင်းသားလက်နက်ကိုင်၊ ပြည်ပအခြေစိုက် တရုတ်စီးပွားရေးသမား စတဲ့ လူတန်းစားတွေအားလုံး မူးယစ်ဆေးလုပ်ငန်းမှာ ပါဝင်ပတ်သက်ပြီး အပေးအယူ လုပ်နေကြတာမို့ တဦးတည်းတဖွဲ့တည်းကို အပြစ်ပုံချပြီး တရားခံရှာတာမျိုး မြန်မာပြည်မှာ လုပ်လေ့မရှိပါဘူး။

မူးယစ်ဆေးပြဿနာဟာ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးကိစ္စ ဖြစ်တာမို့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရယူပြီး နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်မယ်။ နှစ်ပေါင်းများစွာ ဆင်းရဲမွဲတေနေတဲ့ ပြည်သူလူထုကို ဝမ်းစာဖူလုံအောင် အကူအညီပေးမယ့် တရားဥပဒေနဲ့ ထိန်းကွပ်နိုင်မယ် ဆိုရင်တော့ မူးယစ်ဆေးပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ဦးခွန်စိုင်းက မှတ်ချက်ချပါတယ်။

XS
SM
MD
LG