သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်းရဲသားဘဝတိုးတက်ရေး မလေးရှား အဆင့်မြင့် စိုက်ပျိုးနည်း


ကွာလာလမ်ပူမြို့ပြင်တွင် ဟင်းသီဟင်းရွက်များကို ခုူးဆွတ်နေသော တောင်သူများ။ အောက်တိုဘာ ၁၃၊ ၁၉၉၇။
ကွာလာလမ်ပူမြို့ပြင်တွင် ဟင်းသီဟင်းရွက်များကို ခုူးဆွတ်နေသော တောင်သူများ။ အောက်တိုဘာ ၁၃၊ ၁၉၉၇။
အဆင့်မြင့် နည်းပညာသုံး စိုက်ပျိုးရေးထုတ်ကုန်တွေ ထုတ်လုပ်တဲ့နည်းနဲ့ မလေးရှားနိုင်ငံက အဆင်းရဲဆုံးလူတွေကို စိုက်ပျိုးရေးလုပ်ငန်းမှာ အလုပ်ခန့်ထားပြီး ဒီအတွက်လည်း ခံစားခွင့်တွေ ပေးထားပါတယ်။ ဒီအကြောင်း အေပီသတင်းဌာနရဲ့ သတင်းဆောင်းပါးကို အခြေခံပြီး ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။

ပူပြင်းလှတဲ့ မလေးရှားနိုင်ငံက အမိုးအကာနဲ့ ရေငွေ့ပေးထားတဲ့ အခန်းထဲမှာ စိုက်ပျိုးရေး လုပ်ရတာဟာ တကယ်တော့ အတော်ကို ပူလောင်လှပါတယ်။ ဒါပေမယ့်လို့ အနာဂတ် အတွက် ဒီလုပ်ငန်းရဲ့ အသီးအပွင့်တွေကတော့ ဝေဆာလှပါတယ်။

Norlailawati Yusof ရဲ့ အမျိုးသားက အဆုတ်ရောင် ရောဂါနဲ့ ဆုံးပါးသွားခဲ့တာ အတော်ကြာပါပြီ။ ကလေး ၇ ယောက်အတွက် သူမ တယောက်တည်း ရုန်းကန်နေရတာပါ။ အခုတော့ ကလေးတွေ ကျောင်းသွားတဲ့အချိန်မှာ စိုက်ပျိုးရေးလုပ်ငန်းကို သူမ လုပ်ပါတယ်။

နေခင်းပိုင်း အပူရှိန်နဲ့ ပင်ပန်းလှတဲ့ အောက်ခြေသိမ်း အလုပ်တွေက ခက်ခဲပေမယ့်လို့ ဒီက ရတဲ့ ဝင်ငွေနဲ့ ကလေးတွေကို ကျောင်းပို့နိုင်လို့ ဘုရားပေးတဲ့ အလုပ်လို့ သူမကတော့ မှတ်ယူထားပါတယ်တဲ့။

“ကျမ ဒီမှာ အလုပ်လုပ်ရတာ သိပ်ကို ပျော်ပါတယ်။ ကျမ ကလေးတွေ အနီးနားက ကျောင်းကို သွားတက်နိုင်တယ်။ ကျမလည်း ကျောင်းနဲ့ နီးနီးနားနားမှာ ဝင်ငွေရတဲ့ အလုပ်တခု လုပ်နေနိုင်တယ်လေ။”

အရင်လုပ်ခဲ့တဲ့ အိမ်ဖော်အလုပ်က တရက်ကို ၅ ရင်းဂစ်လောက်ဘဲ ရတာပါ။ အခု Iris ကော်ပိုရေးရှင်းက စိုက်ပျိုးရေး လုပ်ငန်းမှာ ရတဲ့ ဝင်ငွေရဲ့ သုံးပုံ တပုံပဲ ရှိပါတယ်။ နောက်ပြီး အခု စိုက်ပျိုးရေး အလုပ်က တရက်ကို ၇ နာရီ၊ တပတ်ကို ၆ ရက်ပဲ လုပ်ရတာဖြစ်ပြီး အလုပ်ခိုင်းတာကလည်း ပိုနည်းတော့ ကလေးတွေအတွက်လည်း အချိန်ပိုပေးနိုင်ပါတယ်တဲ့။

Tan Say Jim ကတော့ မလေးရှား နည်းပညာလုပ်ငန်းတခုဖြစ်တဲ့ Iris Corporation ရဲ့ စီမံခန့်ခွဲမှု ညွှန်ကြားရေးမှူးဖြစ်ပြီး အလှူလုပ်တာထက် ပိုပြီး အနှစ်သာရရှိတဲ့ အလုပ်တခုကို လုပ်ချင်တာလို့ ပြောပါတယ်။

“ဆင်းရဲတဲ့သူတွေကို ကူညီဖို့ ကျနော်တို့ ကြိုးစားနေတာပါ။ ချွတ်ခြုံကျ ဆင်းရဲမွဲတေပြီး ဘာပိုင်ဆိုင်မှုမှ မရှိတဲ့ အိုးပိုင် အိမ်ပိုင် မရှိဘဲ အခန်းတခုကို အတူနေထိုင်နေကြရသူတွေ တချို့ဆိုရင် အလုပ်အကိုင်တောင်မှ မရှိတဲ့သူတွေအတွက်ကို လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို နေရာသစ်တခု၊ ဥပမာဗျာ သိပ်မကောင်းတဲ့ မြေယာတခုခုမှာဖြစ်ဖြစ် ရွှေ့ပြောင်းပေးနိုင်မယ့် အစီအစဉ်သစ်တွေ ရှာကြပါစို့။ သူတို့အတွက် သက်တောင့်သက်သာ ဖြစ်စေမယ့် အိမ်တွေ ဆောက်ကြပါစို့ ဆိုတာနဲ့ အလုပ်အကိုင်တွေ ပေးကြဖို့ ကျနော်တို့ ပြောနေကြတာ ဖြစ်ပါတယ်။”

ကွန်ပျူတာ အစိတ်အပိုင်းတွေကနေ စိုက်ပျိုးရေး လုပ်ငန်းသုံးပစ္စည်းတွေအထိ ထုတ်လုပ်တဲ့ Iris ကော်ပိုရေးရှင်းက ဒီလို ကျေးရွာတွေကို စခဲ့ပါတယ်။ ဒေသတွင်းက ဆင်းရဲသူတွေကို ကူညီဖို့ လုပ်ဆောင်ထားတဲ့ အစ္စလာမ်ဘဏ်တခုကလည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အစိုးရ အရာရှိတွေ စီစဉ်ပေးတဲ့ နိုင်ငံရဲ့အရှေ့ပိုင်းပြည်နယ် Pahang ပြည်နယ်ထဲက စိုက်ပျိုးလို့ မရတဲ့ မြေ ၂၅ ဧကပေါ်မှာ လူနေအိမ်တွေ ဆောက်ဖို့နဲ့ စိုက်ပျိုးရေး လုပ်ငန်းတခု ထူထောင်ဖို့ Iris လုပ်ငန်းစုရဲ့ အမှုဆောင်အရာရှိတွေ ခေါင်းချင်းဆိုင် စဉ်းစားဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် အစောပိုင်းတုန်းကတော့ ယိုင်နဲ့နဲ့ သစ်သားအိမ်တွေနဲ့ နေထိုင်နေကြရသူတွေထဲက မိသားစု ၈၀ လောက်ကို Pahang ပြည်နယ် ဘာသာရေးနဲ့ လူမှုဝန်ထမ်း အာဏာပိုင်တွေက ရွေးချယ်ခဲ့ပြီး Iris လုပ်ငန်းစု တည်ဆောက်ပေးထားတဲ့ Pulau Manis ရွာက အိပ်ခန်းသုံးခန်းပါ တိုက်အိမ်တွေဆီကို အိမ်လခ ပေးစရာမလိုဘဲ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါပြီ။

ဒီလို ရွေးချယ်ခံရသူတွေထဲမှာ ကလေးသုံးယောက် ဖခင်ဖြစ်သူ Faizal Zulkifli လည်း ပါဝင်ပါ တယ်။ သူက ဆီအုန်း စိုက်ပျိုးရေးခြံနားက အိမ်မှာ နေရာချထားခံရပါတယ်။ အိမ်နားမှာ ကုန်စုံဆိုင်လည်း ရှိသလို ကျောင်းနဲ့လည်း နီးပါတယ်။ အနီးဆုံး မြို့ကိုတော့ တနာရီလောက် ကားမောင်းသွားရပါတယ်။

Faizal ရဲ့ အိမ်က သီးခြားလေးဖြစ်ပေမယ့် ဇိမ်ခံအိမ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အရင် ဆီအုန်း စိုက်ပျိုးရေးသမားတွေရဲ့ အိမ်ထက်တော့ အများကြီးသာပါတယ်။ လျှပ်စစ်မီး ရသလို ရေလည်း ရပါတယ်။

“ကျနော် ဒီကို ပြောင်းလာကတည်းက အပြောင်းလဲကြီး ပြောင်းလဲသွားတယ်လို့ ကျနော် ခံစားခဲ့ရပါတယ်။ ကျနော် ဒီမှာ အလုပ်လုပ်ပြီး ဝင်ငွေရနေသလို ကျနော့် မိသားစုနဲ့လည်း မဝေးတော့ဘူးပေါ့ဗျာ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။”

ဒီကျေးရွာကို ပြောင်းရွှေ့လာသူတွေအတွက် အလုပ်အကိုင်ကလည်း အဆင့်သင့်ပါပဲ။ အိမ်ဘေးမှာ အသီးအနှံတွေ စိုက်ပျိုးနိုင်သလို ဒီက ထွက်တဲ့ အသီးအနှံတွေကို Iris ကော်ပိုရေးရှင်းက မြို့တော် ကွာလာလမ်ပူကို တင်ပို့သလို စင်္ကာပူနိုင်ငံကိုလည်း တင်ပို့ပါ တယ်။

ဒီ Palau Manis ရွာ တည်ဆောက်ပြီးသွားပြီး လအနည်းငယ်ကြာတဲ့နောက်မှာတော့ Iris ကော်ပိုရေးရှင်းက ဒီရွာနဲ့ သိပ်မဝေးလှတဲ့နေရာမှာ ဒုတိယ ရွာတခုကို တည်ဆောက်ခဲ့ပါတယ်။ ဒီဒုတိယရွာမှာတော့ မိသားစု ၅၀ ကို ဒီနှစ် အစောပိုင်းတုန်းက ရွှေ့ပြောင်းခဲ့ပါတယ်။

ဒီ ကျေးရွာ နှစ်ခုအတွက် အိုင်းရစ် ကော်ပိုရေးရှင်းက မလေးရှား ရင်းဂစ် ၁၆ သန်း အကုန်အကျခံ တည်ဆောက်ပေးခဲ့ပြီးသိပ်မကြာခင်မှာပဲ အစိုးရက အရေးတယူ ရှိလာပါတယ်။ အစိုးရ အရာရှိတွေက မလေးရှား နိုင်ငံတွင်း ပြည်နယ်တွေမှာ ဒီလို ကျေးရွာ အနည်းဆုံး ၅ ရွာ အထိ Iris ကော်ပိုရေးရှင်းက ထပ်ဆောက်ဖို့ အတွက် ထောက်ပံ့ငွေ ပေးဖို့လည်း သဘောတူထားပါပြီ။

နောက်ထပ်ဆောက်မယ့် ရွာနာမည်က မလေးရှားဘာသာနဲ့ Rimbunan Kasih ဖြစ်ပြီး အိမ် ၁၀၀ နဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေလည်း အများကြီး ပါဖို့ ရှိပါတယ်။ ဒါ့အပြင် စည်းဝေးဆောင်၊ ဘုရားရှိခိုးဆောင်နဲ့ ကွန်ပျူတာ ဓာတ်ခွဲခန်းတွေလည်း ပါဝင်မှာပါ။

ဒီကျေးရွာတွေ ဆောက်လုပ်ရေးလုပ်ငန်းက သဘာဝပတ်ဝန်းကျင်နဲ့ သိပ်ကို သဟဇာတ ဖြစ်တယ်လို့လည်း Iris ကော်ပိုရေးရှင်းက ပြောပါတယ်။ တည်ဆောက်ရေး လုပ်ငန်းတွေမှာ ကျွန်းသစ်နဲ့ ကွန်ကရိတွေကို မသုံးပါဘူး။ Iris ကော်ပိုရေးရှင်းရဲ့ စိုက်ပျိုးမွေးမြူရေး နည်းပညာကလည်း စွန့်ပစ်ပစ္စည်းတွေကို ပြန်ပြီး အသုံးချတဲ့ နည်းပညာပါ။ ငါးမွေးမြူရေးကန်က ပြန်လည် သန့်စင်ထားတဲ့ရေက စိုက်ခင်းတွေဆီကို ပြန်သုံးပါတယ်။ စိုက်ခင်းတွေကလည်း သာမန် စိုက်ခင်းတွေထက် ရေကို လျှော့ပြီး သုံးထားပါတယ်။

ဒီကျေးရွာတွေအနေနဲ့ သီးနှံက ဝင်တဲ့ဝင်ငွေနဲ့ ရပ်တည်နိုင်ပြီး ရေရည် တည်တံ့မယ်လို့လည်း Iris ကော်ပိုရေးရှင်းက သေချာပေါက် ပြောထားပါတယ်။ ဒါပေမယ့် ဒီကျေးရွာတွေအနေနဲ့ တခြား စီမံကိန်းတွေနဲ့တော့ သီးခြား ရပ်တည်နိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ပထမဆုံး ကျေးရွာကို နှစ်မကုန်ခင် စတင်နိုင်မယ်လို့ ခန့်မှန်းထားပြီး ဒီကျေးရွာကနေ မလေးရှား လူဦးရေရဲ့ ၉%လောက်ဟာ ဆင်းရဲမွဲတေမှု အခြေခံ မျဉ်းအောက်မှာ နေထိုင်နေကြရတဲ့ ကျေးလက်ဒေသက လူထုကို ဝင်ငွေ ကောင်းကောင်း ပေးနိုင်မယ်လို့လည်း ခန့်မှန်းထားတာပါ။

အခု တည်ဆောက်နေတဲ့ ကျေးရွာတွေကို ပြောင်းရွှေ့ နေထိုင်မယ့် လူဦးရေ ထောင်ဂဏန်း လောက်ဘဲ ရှိနေသေးတာကလည်း မလေးရှား အစိုးရနဲ့ Iris ကော်ပိုရေးရှင်း တာဝန်ရှိသူတွေ အတွက်တော့ ဒါက အစပိုင်းဖြစ်လို့ ပါလို့လည်း ယူဆနေကြပါတယ်။

Rim bunan Kasih ကျေးရွာ စီမံကိန်းက လုပ်ငန်းကြီးတွေ အနေနဲ့ မလေးရှားရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးမှာ ပိုပြီး ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်နိုင်သလဲ ဆိုတာကို ပြတဲ့ စံပြ လုပ်ငန်းလည်း ဖြစ်တယ်လို့ တချို့က ရှုမြင်ကြပါတယ်။ ဒီလုပ်ငန်းကြီးတွေ အနေနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ပါဝင်လုပ်ဆောင်မှုမှာ အရင်ကတော့ ပညာရေး အခြေခံ အဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံတာလိုမျိုး၊ နောက် အသေးစား ချေးငွေတွေ ချပေးတာ၊ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းတွေ အတွက် သင်တန်းတွေ ပေးတာမျိုးတွေကို လုပ်ဆောင်နေကြတာပါ။

မလေးရှား အစိုးရက ကုမ္ပဏီတွေ အနေနဲ့ ဒီလိုလုပ်ငန်းတွေမှာ ပိုပြီး ပူးပေါင်း ပါဝင်လာဖို့ မျှော်လင့်နေပါတယ်။ Yusoff Sulaiman ကတော့ မလေးရှား ဝန်ကြီးချုပ်ရဲ့ ပညာရှင် အဖွဲ့ကပါ။

“စွန့်ထွင် ဖန်တီးထားတဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေဟာ ရေရည်တည်တံ့ပါတယ်။ မြင်တဲ့ အတိုင်းပဲဗျာ၊ ဒီလို အစီအစဉ်တွေက ဝန်ဆောင်မှုတွေနဲ့ နေရေးထိုင်ရေး အဆင်ပြေမှုတွေကို ကျေးလက်ဒေသက လူတွေကို ပေးရုံတင် မဟုတ်ပါဘူး။ ဒီလူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း၊ နောက် စီးပွားရေး အခွင့်အလမ်းတွေလည်း သူတို့ ရသွားမှာ ဖြစ်ပါတယ်။"

မလေးရှားအစိုးရရဲ့ စာရင်းဇယားတွေအရတော့ နိုင်ငံလူဦးရေရဲ့ ၈.၅% ဟာ ချွတ်ခြုံကျ ဆင်းရဲမွဲတေနေတယ်လို့လည်း ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG