သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အပေါ် ပြည်ပအမြင်နဲ့လက်တွေ့ (အပိုင်း ၁)


တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ရွေးကောက်ပွဲအောင်ပွဲ တနှစ်သက်တမ်းရှိလာပြီဖြစ်တဲ့ NLD ပါတီနဲ့ အစိုးရအပေါ် နိုင်ငံတကာသုံးသပ်ချက်တွေဟာ တကယ့် လက်ရှိအခြေအနေတွေနဲ့ ကိုက်ညီမှုရှိပါရဲ့လား။ ပြည်တွင်းအခြေစိုက် မီဒီယာသမားတွေဖြစ်ကြတဲ့ ရန်ကုန်သတင်းစာပညာကျောင်း ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုး နဲ့ နိုင်ငံခြားသတင်းဌာနတခုရဲ့ ရန်ကုန်အခြေစိုက်သတင်းထောက်လည်းဖြစ် ဘလော့ဂါတဦးလည်းဖြစ်တဲ့ ဦးသီဟသွေးတို့နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ ဒီကနေ့ထုတ်လွှင့်မဲ့ ပထမပိုင်းမှာတော့ စီးပွါးရေး ၊ အုပ်ချုပ်ရေးကဏ္ဍ နဲ့ NLD အစိုးရအပေါ် လူထုထောက်ခံမှုအလားအလာတို့ကို ဆွေးနွေးထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီနေ့ ကိုရဲနိုင်မိုး နဲ့ ကိုသီဟသွေးတို့ကို ကျနော် ဖိတ်ခေါ်ရတဲ့ အကြောင်းရင်းကတော့ မြန်မာနိုင်ငံမှာ NLD ရွေးကောက်ပွဲနိုင်ခဲ့တာ တနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလည်း ပွင့်လင်းမြင်သာမှု ရှိလာတယ်။ နိုင်ငံတကာကလည်း မြန်မာပြည်ထဲကို ပိုပြီးတော့ လာရောက်လေ့လာခွင့်တွေ ပိုရလာကြတယ်။ ပိုပွင့်လင်းလာကြတယ်ဆိုတော့ မြန်မာနိုင်ငံပေါ်မှာ နိုင်ငံတကာသတင်းလောက က သုံးသပ်ကြတာတွေဟာ တကယ်အဖြစ်မှန်ကို ထင်ဟပ်ရဲ့လားဆိုတာကို ကျနော် သိချင်ပါတယ်။ ပထမဦးဆုံးကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီးတော့ ပြောတဲ့နေရာမှာ နိုင်ငံတကာက အဓိက ထောက်ပြတာက ဘာမှပြောင်းလဲမှု မရှိသေးဘူးဆိုတဲ့သဘောတွေ့ရပါတယ်။ ဆိုတော့ မြန်မာနိုင်ငံအတွင်းမှာ NLD တက်လာပြီးနောက် စီးပွားရေး တိုးတက်ပြောင်းလဲမှု တစုံတရာ မရှိသေးဘူးဆိုတဲ့ ပြည်ပက ရေးသားချက်တွေကို ကိုရဲနိုင်မိုး စပြီးသုံးသပ်ပေးပါ။

ကိုရဲနိုင်မိုး ။ ။ ကျနော်အနေနဲ့ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ တက်လာပြီးနောက်ပိုင်းမှာ စီးပွားရေး မတိုးတက်ဘူးဆိုတာနဲ့ ပတ်သက်ပြီးပြောရရင် တကယ်တော့ နှစ် (၅၀) ကျော်အကြာမှာ ပထမဦးဆုံးအကြိမ် အရပ်သားအစိုးရက တာဝန်ယူရတာ ဖြစ်တဲ့အတွက် ဒီကိစ္စက အခုလက်ရှိ ရှိနေတဲ့အစိုးရ အဖွဲ့ရဲ့ လုပ်ရည်ကိုင်ရည်တခုတည်းပေါ်မှာ မူတည်တာ မဟုတ်ဘူးလို့ ကျနော်က မြင်ပါတယ်။ တကယ်တမ်းက ပြီးခဲ့တဲ့ ဆယ်စုနှစ် ငါးစုအကျော်မှာ ရှိခဲ့တဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ မူဝါဒအမှားအယွင်းတွေ၊ နောက်ပြီးတော့ ဆုံးဖြတ်ချက် အမှားအယွင်းတွေကို လက်ရှိ အစိုးရက အမွေခံရတာ ဖြစ်ပါတယ်။ ဒီတခုတော့ ထပ်ပြီးတော့ ပြောချင်ပါတယ်။ နောက်တခုက သိသာထင်ရှားတဲ့ အပြောင်းအလဲက လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ စီးပွားရေးဆိုင်ရာ ပိတ်စို့မှုတွေနဲ့ ပတ်သက်ပြီးတော့ အခု အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် က အမေရိကန်ပြည်ထောင်စုကို ရောက်သွားတဲ့အချိန်နောက်ပိုင်းမှာ ပိတ်စို့မှုတွေကို လျှော့ချပေးလိုက်တဲ့ အခြေအနေဟာ တော်တော်ထူးခြားတဲ့ အပြောင်းအလဲတခုလို့တော့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုသီဟသွေး သုံးသပ်ပါအုံး။ အဲဒီကိစ္စ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် ပြည်ပမီဒီယာတွေက မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေအပေါ် ဝေဖန်သုံးသပ်ချက်တွေကို လုံးဝမှန်ကန်တယ်လို့ ကိုသီဟသွေး ယူဆပါလား။ သူတို့ကတော့ သိပ်တိုးတက်မှု မရှိဘူးဆိုတာကို လုံးဝပြောတာ ဖြစ်ပါတယ်။

ကိုသီဟသွေး ။ ။ ပြည်တွင်းပြည်ပ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ စီးပွားရေးသမားတွေကိုယ်တိုင်နဲ့ သုံးသပ်သူတွေ၊ သုတေသနပညာရှင်တွေအားလုံးက နှေးကွေးတယ်လို့ ပြောနေတာ မဟုတ်ပါဘူး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြီးခဲ့တဲ့ စီးပွားရေးသမားတွေနဲ့ တွေ့ဆုံပွဲမှာ သူကိုယ်တိုင်က စီးပွားရေးမှာ နှေးကွေးတယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။ ဆိုတော့ ဒါက အငြင်းပွားစရာ မရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့ အများအမြင်ကို ပြောရရင်တော့ ကျနော်လည်း ရွေးကောက်ပွဲတနှစ်ပြည့်ကို Ground ကိုဆင်းပြီး အင်တာဗျူးတွေ လုပ်တဲ့အခါ အများကြီး ကြားသိရတယ်။ များသောအားဖြင့်တော့ ကျနော်တို့ အားလုံးနားလည်တာကတော့ အခုန ကိုရဲနိုင်မိုး ပြောသွားသလိုပဲ ခေတ်ဆိုးခေတ်ပျက်ကြီးနဲ့ ကျနော်တို့ အများကြီး ဖြတ်သန်းချိန်မှာ အစိုးရသစ်အနေနဲ့ စီးပွားရေးပေါ်လစီတွေချဖို့၊ စီးပွားရေးကို ဦးမော့လာဖို့ အရင်ဆုံး အခြေအနေတွေအားလုံးကို တည်ငြိမ်သွားအောင်လဲ ပြင်ဆင်ဖို့ သူတို့ရဲ့ သွားမယ် Plan စီမံကိန်းအသစ်တွေ။ နောက်တခါ စီးပွားရေးက ဘယ်နေရာမှာ ချွတ်ခြုံကျနေသလဲ။ ဘယ်လောက်အထိ ဆိုးဝါးနေသလဲ။ ဘယ်နေရာကို ဘယ်လိုလုပ်ရင် နလံထူနိုင်မလဲဆိုတဲ့ ပြင်ဆင်မှုတွေ ကနဦး ပြင်ဆင်မှုတွေကို အချိန်ယူနေရတယ်လို့ ထင်ပါတယ်။ နောက်တခုက အုပ်ချုပ်ရေးအတွေ့အကြုံမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့အနေနဲ့လဲ တခြားအစိုးရတွေထက်စာရင် ပိုပြီးတော့ ပြင်ဆင်တဲ့နေရာမှာ အချိန်ယူတယ်။ နှေးကွေးနေတာကလဲ ဖြစ်ကိုဖြစ်ရမယ်၊ ရင်ဆိုင်ရမယ့်ကိစ္စတခုလို့ မြင်ပါတယ်။ ကျနော် ထူးထူးခြားခြား တွေ့တာကတော့ ပြည်သူလူထု (၇၀) ရာခိုင်နှုန်းလောက်ကတော့ ဒီကိစ္စကို လက်ခံတယ်။ နှေးကွေးမယ်။ ဒါပေမဲ့ အချိန်နည်းနည်းရလာတာနဲ့အမျှ တိုးတက်မှုတွေ ရှိလာမယ်လို့ မျှော်လင့်နေတာကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ စီးပွားရေး ပြုပြင်ပြောင်းလဲရေးမှာ ဗျူရိုကရေစီယန္တရား အုပ်ချုပ်ရေးယန္တရားကို တကယ်သွက်လက်လာအောင် ပြုပြင်ဖို့ကလည်း သိပ်အရေးကြီးတယ်ဆိုတာ မှန်ပါတယ်။ ဒီကိစ္စကိုလည်း ထောက်ပြကြပါတယ်။ ဒီကိစ္စက လုံးဝရှေ့ကို မရွေ့သေးဘူးလို့ သုံးသပ်ကြတာ ကြားပါတယ်။ အဲဒီကိစ္စကို ဘယ်လို ပြောကြမလဲ။ လူမှန်နေရာမှန် မဖြစ်နိုင်တာလား။ သူတို့ကို လေ့ကျင့်ပေးဖို့ လိုတာလား။ အရင်တုန်းက သူတို့ရှိနေတဲ့ စိတ်နေသဘောထား၊ ဗျူရိုကရေစီယန္တရားထဲက ပုဂ္ဂိုလ်တွေရဲ့ Mindset ကိုယ်က မရွေ့သေးဘူးလို့ ဆိုကြပါတယ်။ အဲဒီကိစ္စကို ကိုရဲနိုင်မိုး ဘယ်လို မြင်ပါလဲ။

ကိုရဲနိုင်မိုး ။ ။ စီးပွားရေးနဲ့ ပတ်သက်တာ နိုင်ငံရဲ့ ဝင်ငွေနဲ့ ပြောရမယ်ဆိုရင် ကျနော်တို့ဆီမှာက အဓိက ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ မှီခိုခဲ့ရတာက သဘာဝသယံဇာတတွေကို ထုတ်ဖော်တဲ့လုပ်ငန်းတွေ လုပ်ရင်းနဲ့ ကျနော်တို့က ငွေကြေးကို ရှာဖွေခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ဥပမာအားဖြင့် သဘာဝဓါတ်ငွေ့တွေ၊ ရေနံတွေ၊ တွင်းထွက်ကျောက်တွေ၊ ဒီလုပ်ငန်းတွေကို လုပ်ခဲ့တာကို ပြန်ပြီးတော့ ပြောမယ်ဆိုရင် လက်ရှိ အစိုးရက ရင်ဆိုင်နေရတာက ဒီလုပ်ငန်းတွေကို ထိပ်မှာ တကယ့်ဦးဆောင်လုပ်ခဲ့သူတွေက အရင်တုန်းက ရှိခဲ့တဲ့ ဗိုလ်ချုပ်တွေနဲ့ သူတို့နဲ့ နီးစပ်တဲ့ မိသားစုတွေ၊ သူတို့ရဲ့ အသိုင်းအဝိုင်းတွေက လုပ်ခဲ့တာ ဖြစ်တဲ့အတွက် လက်ရှိအစိုးရအနေနဲ့ ကိုင်တွယ်တဲ့နေရာမှာ တော်တော်လေး အခက်အခဲတွေ ရှိမယ်လို့ မြင်ပါတယ်။ လက်ရှိ ကျနော်တို့နိုင်ငံရဲ့ ဝင်ငွေက လက်ရှိ လုပ်ငန်းတွေအပေါ် အများကြီး မှီခိုနေရတာတပိုင်း၊ ဒါတွေက နိုင်ငံရေးအားဖြင့် ပြန်ပြောမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် နောက်ကြောင်းမပြန်ကြေးကိစ္စမျိုးတွေ၊ ဒီကိစ္စတွေက တပ်မတော်နဲ့ နီးစပ်တဲ့ မိသားစုတွေ လုပ်ကိုင်ခဲ့တာ ဖြစ်တဲ့အတွက် ပိုပြီးတော့တောင်မှ လက်ရှိ အစိုးရအနေနဲ့ ဒါတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ အခက်အခဲဖြစ်မယ်လို့ ထင်ပါတယ်။ အခုနက ကျွမ်းကျင်မှုအပိုင်းတွေကတော့ မြန်မာနိုင်ငံဟာ နှစ်ပေါင်း (၅၀) ကျော်အကြာမှာ ပထမဦးဆုံးအကြိမ် အရပ်သားအစိုးရ ပြောရရင် ဒီအရပ်သားအစိုးရထဲမှာ ထောင်ထဲမှာ နှစ်တွေအများကြီး ရှိခဲ့တဲ့လူ။ ပြီးခဲ့တဲ့ ဆယ်စုနှစ် (၃) စုလောက်မှာ ပြင်ပကမ္ဘာနဲ့ ထိတွေ့ဖို့ ခက်ခဲတဲ့လူတွေ ဦးဆောင်နေရတဲ့အတွက် ဒီအားနည်းတွေကတော့ ရှိမှာပါ။

ဦးကျော်ဇံသာ ။ ။ ကိုသီဟသွေးရဲ့ သဘောထားကို ပြောပါအုံး။ အုပ်ချုပ်ရေးယန္တရား နှေးကွေးနေတယ် ဆိုတာနဲ့ ပတ်သက်ပြီလို့။

ကိုသီဟသွေး ။ ။ အဓိက ပြဿနာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒက ပြဿနာ ရှိနေတာပါ။ ဗျူရိုကရေစီယန္တရားအပါအဝင် စစ်တပ်ကို အရပ်သားအစိုးရ အာဏာရလာချိန်မှာ အထူးသဖြင့် ဗျူရိုကရေစီယန္တရားထဲမှာ ဖြုတ်ထုတ်သက်သေ ရှိလားမလား။ သူတို့ရဲ့ ကြောင်ကြားမှုတွေ မရှိစေချင်တဲ့သဘောထား အစကတည်းက တွေ့မြင်နေရပါတယ်။ သူ့အနေနဲ့ ဗျူရိုကရေစီယန္တရားကို တတ်နိုင်သရွေ့ ဖြုတ်ထုတ်သတ် မလုပ်ဘဲနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်သွားမယ်ဆိုတဲ့ ပေါ်လစီကို ကျင့်သုံးတဲ့အခါ အခုဆိုရင် ကျနော်တို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ရမယ်ဆိုရင် ဗျူရိုကရေစီယန္တရားကို ကိုယ်ကမပြင်နိုင်သေးမယ့် ဒီမိုကရေစီ … နေသူတွေက အစိုးရသစ်ကို ပြင်ဖို့သဘောမျိုးကို မြင်လာရတာ ရှိပါတယ်။ ဒါ သိပ်အန္တရာယ်များပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိက စီးပွားရေးဦးေးမာ့လာဖို့နဲ့ အုပ်ချုပ်ရေးကို နိုင်နင်းဖို့ဆိုရင် နှစ်ချက်ရှိပါတယ်။ တချက်ကတော့ ပြတ်ပြတ်သားသား ဒီ ဗျူရိုကရေစီယန္တရားကို အချိန်တခုပေးပြိလို့ ရှိထားတဲ့ လူဟောင်းတွေနဲ့ ပုံစံပြောင်းအောင် လုပ်ပြီးတော့ ယန္တရားကို ပြန်လည်တည်ဆောက်ပြီးတော့ စိတ်သစ်လူသစ်နဲ့ ပြန်လည်တည်ဆောက်ပြီး မြန်မြန်ပြန် Run နိုင်မှ သူ့အတွက် အဆင်ပြေမှာ။ မဟုတ်ရင် သူကို ပြောင်းလဲလို့ မရဘဲ၊ ကိုယ်ပြောင်းလဲခံရတဲ့ ဘဝနဲ့ဆိုရင် ကိုယ့်ရဲ့ ပေါ်လစီသစ်လဲ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒုတိယတချက်က ဘာလဲဆိုတော့ အစိုးရယန္တရားမှာရှိတဲ့ လူတွေနဲ့ ပြည်သူလူထုကို နိုင်ငံရေးနဲ့ ပတ်သက်တဲ့ မူဝါဒတွေ၊ နိုင်ငံခြားရေးနဲ့ ပတ်သက်တဲ့ မူဝါဒအသစ်တွေ - အထူးသဖြင့် စီးပွားရေးနဲ့ ပတ်သက်တဲ့ မူဝါဒတွေမှာ လုပ်စရာတွေ အများကြီးရှိတယ်။ လူတွေက အခုလောလောဆယ်မှာ ခေတ်ကတော့ ပြောင်းသွားပြီ။ ဘာတွေလုပ်ရမလဲဆိုတာကို ကိုယ်စီမှာ သေသေချာချာ မသိဘူး။ သူတို့အမြင်က မပြတ်သားဘူး။ တခုခုပဲ အစိုးရသစ်ဆီက အထုပ်ကြီးတခု ကျလာပြီး သူတို့ဘဝ ပြောင်းလဲသွားမလားလို့ မြင်နေတဲ့လူတွေတောင် ရှိတယ်။ လူတွေလူတွေမှာလည်း ပြောင်းလဲစရာတွေ ရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီလူတွေကို ကျနော်တို့က Regularly ပုံမှန် ထိတွေ့နေဖို့လိုတယ်။ မိန့်ခွန်းတွေပြောဖို့ လိုတယ်။ အခြေပြမိန့်ခွန်းတွေ အများကြီး ပြောဖို့လိုတယ်။ တချို့ issue တွေဆိုရင် ချက်ချင်းတုံ့ပြန်ရမယ်။ ကျနော်တို့က ဒီခေတ်မှာ အွန်လိုင်းလည်း ကောင်းနေတယ်။ အင်တာနက်ခေတ်။ Broadcasting ပိုင်းကလဲ Channels တွေ အများကြီးရှိတဲ့ခေတ်မှာ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့အစိုးရက ပြည်သူနဲ့ ပိုပြီးထိတွေ့ရမယ်။ အပြန်အလှန် ဆွေးနွေးဖလှယ်မှုတွေ လုပ်သင့်တယ်။ နောက်ဆုံး နားလည်မှုတွေ ရရှိသွားရင်တော့ အစစအရာရာ မြန်လာလိမ့်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီလိုအခြေအနေတွေ တိုးတက်မှု သိပ်နှေးကွေးနေရင် စောစောက ကိုသီဟသွေး ပြောတော့ ၇၀ ရာခိုင်နှုန်း လူတွေက ဒါကို နားလည်နိုင်တယ်။ လက်ခံနိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူကြိုက်များမှု။ NLD ပါတီရဲ့ ထောက်ခံမှု။ ကျနော် ကိုရဲနိုင်မိုး ကို မေးချင်ပါတယ်။ သူက အခုထိတော့ လူထုရဲ့ နှုတ်ဖျားမှာ ဒီပါတီက သိပ်အရေးကြီးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုတွေ အများကြီး ရှိနေကြပါတယ်။ ဒီထောက်ခံမှုက တချိန်ချိန်မှာ ဆုတ်ယုတ်သွားနိုင်မယ့် အလားအလာ တွေ့ရပါသလား။ ကိုရဲနိုင်မိုး ဘယ်လို သုံးသပ်ပါလဲ။ လူတွေရဲ့ သဘောထား။

ကိုရဲနိုင်မိုး ။ ။ အဲဒါက ကြီးမားတဲ့ စိန်ခေါ်မှုတခု ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရအနေနဲ့ လုပ်သင့်တာကတော့ တကယ်တမ်းကြတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့တွေကို Decentralization ဗဟိုချုပ်ကိုင်မှုကို လျှော့ချဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဝန်ကြီးချုပ်နဲ့ သူတို့ရဲ့ အစိုးရအဖွဲ့တွေက သူတို့ဒေသအတွင်းမှာ အလုပ်အကိုင်ရှာဖွေရေးတွေကို ဦးဆောင်လုပ်ဖို့။ နောက်ပြီးတော့ တည့်တည့်ပြောရမယ်ဆိုရင်တော့ သူတို့ပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ နောက်ပြီးတော့ ရင်းနှီးမြုပ်နံှမှုတွေ၊ ပြီးတော့ အဲဒီမှာရှိတဲ့ ပြည်သူတွေကိုယ်တိုင် ဝင်ငွေရှာဖွေနိုင်မယ့် အခွင့်အလမ်းတွေကို ဦးစားပေးဖို့အတွက် အခွင့်ပေးသင့်တယ်လို့ ထင်ပါတယ်။ မဟုတ်ရင် နိုင်ငံရေးတခုတည်းနဲ့ အယူဝါဒတခုတည်းကို ဖော်ဆောင်မှုက များပြီးတော့ လက်တွေ့ပြည်သူတွေရဲ့ ဘဝမှာ နေ့စဉ်ဘဝမှာ အပြောင်းအလဲ မရှိဘူးဆိုရင် အဲဒါက စိုးရိမ်စရာတခုလို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုသီဟသွေး စိုးရိမ်မိပါလား။ ဒေါ်အောင်ဆန်းစုကြည်အစိုးရရဲ့ လူထုထောက်ခံမှု ကျဆင်းသွားနိုင်မယ့် အလားအလာကို ဘယ်လို သုံးသပ်လိုပါလဲ။

ကိုသီဟသွေး ။ ။ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီအချက်ကို ကျနော်တို့ ကြည့်ရမယ် ထင်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲက မငြင်းနိုင်တဲ့ အဖြေတွေ ထွက်လာပါလိမ့်မယ်။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လဲ ဒီကိစ္စကို သတိထားမိမယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို NLD ကို အစိုးရ ဖွဲ့နိုင်သည်လောက်အထိ မဲပေးခဲ့တဲ့လူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ကြည်ညိုစွဲရှိတဲ့၊ ချစ်လို့ ပြည်သူလူထုက ပေးခဲ့သလို၊ ကောင်းများကောင်းလာမလားဆိုပြီး အဲဒီလိုမျိုး အမြင်နဲ့ ပေးတဲ့လူတွေလည်း ရှိပါတယ်။ ဆိုတော့ အချိန်ရလာတာနဲ့အမျှ ချစ်တဲ့သူတွေကတော့ အတိုင်းအတာတခုတော့ ကျန်ပါလိမ့်မယ်။ အခုက Ground မှာလဲ ဖြည်းဖြည်းချင်း ကြားနေရတာကတော့ ကောင်းများကောင်းလာမလားဆိုပြီးတော့ အကောင်းဘက်၊ အသစ်ဘက်ကို အဟောင်းတွေ၊ လူဟောင်းတွေကို နိုင်ငံရေးအမြင်တခု၊ စီးပွားရေးအမြင်တခု ပေးခဲ့တာတွေ ရှိပါတယ်။ ဒီလူတွေက ဖြည်းဖြည်းချင်း ခွါနိုင်ပါတယ်။ ရုတ်တရက်ကြီး ကျသွားလိမ့်မယ်လို့ မမြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ အစိုးရသစ်ကို မျှော်လင့်တာတခုတည်း မဟုတ်ဘူး။ အစိုးရဟောင်း ပြန်မတက်လာဖို့လဲ မျှော်လင့်နေတဲ့ ပြဿနာတခုရှိတယ်။ ဆိုတော့ အဲဒါကလဲ အားတခု ဖြစ်နေတာပေါ့။ အဲဒါကို ကြည့်ရပါလိမ့်မယ်။

===

နောက်အပတ်ထုတ်လွှင့်မယ့် ဒုတိယပိုင်းမှာတော့ ပြည်တွင်းငြိမ်းချမ်းရေးပြဿသနာ နဲ့ ဘူးသီးတောင်မောင်တော လုံခြုံရေးအခြေအနေ တို့နဲ့ပတ်သက်တဲ့ ဆွေးနွေးချက်တွေကို ကြားကြရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG