ရခိုင်ရှေးဟောင်း မြောက်ဦးမြို့တော်ရဲ့ ယဉ်ကျေးမှု တန်ဖိုးကြီးမားလှတဲ့ အဆောက်အဦတချို့မှာ မြန်မာ့တပ်မတော်က အခြေချပြီး အမြောက်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် အဆောက်အဦတွေ ပြိုကျပျက်စီးသွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ " မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း" ဥက္ကဌ ရှေးဟောင်းသုတေသန ပညာရှင် ဒေါ်ခင်သန်း က ဆိုပါတယ်။ ဒီအန္တရာယ်ကို ဘယ်လိုရှောင်လွှဲကြမလဲဆိုတာ ဒေါ်ခင်သန်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ရခိုင်ကို ထိုးဖောက်ဝင်ရောက်လာတဲ့ AA တပ်ဖွဲ့နဲ့ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်တဲ့ကိစ္စဟာ မြောက်ဦးမြို့အထိ ပျံ့နံှ့လာတယ်လို့ သိရပါတယ်။ ဆိုတော့ ရှေးဟောင်းအမွေအနစ်တွေကို ဦးဆောင်ထိန်းသိမ်းမှု ကြိုးပမ်းနေတဲ့ ရှေးဟောင်းသုတေသနပညာရှင် တယောက်အနေနဲ့ ဒီကိစ္စက ဘယ်လောက်အထိ စိုးရိမ်စရာ ဖြစ်သလဲ။ အထူးသဖြင့် ရှေးဟောင်းအဆောက်အဦတွေဟာ အများဆုံး အန္တရာယ်ရှိသလဲဆိုတာကို နည်းနည်းရှင်းပြပေးပါ။
ဖြေ ။ ။ အခုက မြောက်ဦးမြို့ထဲမှာ ကျမတို့ လက်နက်ကြီး၊ အမြောက်လက်နက်ကြီးတွေ ထားပြီးတော့ ပစ်ခတ်နေတဲ့အတွက်ကြောင့် အမြောက်လက်နက်ကြီးတွေရဲ့ တုန်ခါမှုဒဏ်ကြောင့် ကိုးသောင်းဘုရားနဲ့ မြောက်ဦးမြို့အရှေ့ဘက်က ယဉ်ကျေးမှုအမွေအနစ်တွေက စိုးရိမ်ဖွယ်အခြေအနေမှာ ရှိနေပါတယ်။
မေး ။ ။ ကျနော် သိချင်တာတခုက ဒီတိုက်ပွဲတွေဖြစ်တယ်ဆိုတာ အဲဒီအနားအထိ ဘာကြောင့်လာစရာလိုလဲ။ ရခိုင်ပြည်နယ်မှာ တောတောင်တွေ ဒီလောက်ထူထပ်နေတာ အဲဒီတောတွေထဲမှာ ဖြစ်ကြပါလား။ ဘယ်ဘက်မဆို ပြောတာပါ။ ကျနော် စဉ်းစားမိသလောက်၊ လေ့လာမိသလောက်တော့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲတယ်။ ဥပမာ ကမ္ဘောဒီးယားမှာဆိုရင် Siem Reap ကို အစိုးရတပ်တွေက သိမ်းပိုက်တဲ့အခါ အန်ကာဝပ်အနားမှာ တိုက်ပွဲတွေဖြစ်တဲ့အခါ UNESCO တို့က ထိန်းသိမ်းကာကွယ်ခဲ့ရတာတွေ ရှိခဲ့တယ်။ အခုလောလောဆယ်မှာတော့ မြောက်ဦးကတော့ ဘယ်ရည်ရွယ်ချက်နဲ့များ မြို့ထဲအထိ စစ်မြေပြင်ဖြစ်၊ စစ်မျက်နှာပြင် ပျံ့နံှ့လာခဲ့သလဲဆိုတာကို စဉ်းစားမိပါသလား။
ဖြေ ။ ။ ကျမတို့ မြောက်ဦးမြို့ထဲမှာ စစ်မျက်နှာပြင်တွေ ရှိပါတယ်။ မြောက်ဦးနဲ့ (၇) မိုင်ဝေးတဲ့ နေရာက အနီးဆုံး ဖြစ်နေတဲ့နေရာနဲ့ အခုဖြစ်နေတဲ့ နေရာတွေဟာ မြောက်ဦးနဲ့ (၁၇) မိုင်လောက်နဲ့ မိုင် (၂၀) လောက်ဝေးတဲ့ နေရာတွေမှာ ဖြစ်တာပါ။ အဲဒီ ဖြစ်နေတဲ့ နေရာတွေကို မြောက်ဦးကနေ အမြောက်ကြီးတွေနဲ့ ကျောက်တောမြို့ကိုလည်း လှမ်းပစ်တယ်။ မင်းပြာမြို့နယ်ကိုလည်း လှမ်းပစ်တယ်။ အဲဒီလို ပစ်နေလို့ ကျမတို့ အမြောက်ဒဏ်နဲ့ ယဉ်ကျေးမှုအမွေအနစ်ပစ္စည်းတွေဟာ တုန်ခါခြင်း ဖြစ်ရတာပါ။
မေး ။ ။ သူတို့က ရှေ့တန်းကိုသွားပြီးတော့ ရင်မဆိုင်ဘဲနဲ့ မြို့ထဲကနေ အမြောက်နဲ့ လှမ်းပစ်နေတဲ့ သဘောပေါ့။
ဖြေ ။ ။ ဟုတ်ပါတယ်ရှင့်။
မေး ။ ။ မြောက်ဦးက တချိန်တုန်းက လူမသိသူမသိ ဖြစ်နေခဲ့ရာကနေ ၂၀၁၀ ဒီဘက်နောက်ပိုင်းမှာကြတော့ တိုင်းပြည်နည်းနည်း ပွင့်လင်းလာတဲ့အခါမှာ ခရီးသွားလုပ်ငန်းဟာ ဒီမြို့ကို တော်တော်လေး စိတ်ဝင်စားလာကြပါတယ်။ အဲဒါကြောင့် ကမ္ဘာလှည့်ခရီးသွားတွေအပါအဝင် လာကြတယ်။ တော်တော်လေး အားတက်စရာ ကြားသိရပါတယ်။ ဆင်းရဲနွှမ်းပါးတဲ့ ပြည်သူတွေလည်း တိုက်ရိုက် ကမ္ဘာလှည့်လုပ်ငန်းကနေ ဝင်ငွေတွေရမယ်လို့ မျှော်လင့်ခဲ့ကြတယ်။ အခုကော အဲဒီအခြေအနေ ဘယ်လိုရှိပါသလဲ။ လုံးဝမှေးမှိန်သွားသလား။ အခြေအနေဆက်ပြီးတော့ ကောင်းနိုင်မယ့် အလားအလာကော ရှိပါရဲ့လား။
ဖြေ ။ ။ မရှိပါဘူး။ ကျမတို့ ခရီးသွားလုပ်ငန်းကဆိုရင် အခု တိုက်ပွဲဖြစ်နေတာကြောင့် မြောက်ဦးကို ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်တွေက လုံးဝမလာတော့ပါဘူး။ အဲဒီအတွက်ကြောင့်မို့ စီးပွားရေးကလည်း အဆင်မပြေပါဘူး။
မေး ။ ။ နောက်တချို့နိုင်ငံတွေမှာ စောစောက ကမ္ဘောဒီးယား နမူနာကိုပဲ ကောက်ယူပြောရမယ်ဆိုရင် UNESCO တို့က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနစ်လို့ သတ်မှတ်ထားတယ်။ ဒီကိစ္စ မပျက်ဆီးအောင် ထိန်းသိမ်းကြပါ ဘာညာ ကုလက ပြောတာတွေလည်း ရှိခဲ့တယ်။ အခု မြောက်ဦးကိုလည်း ဒေါ်ခင်သန်းတို့ ဦးဆောင်ပြီးတော့ UNESCO က အသိအမှတ်ပြုတယ့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနစ်ဖြစ်အောင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ အခုတိုက်ပွဲတွေ ဖြစ်လာတဲ့အခါ ဒီလုပ်ငန်းဟာ ဘယ်လောက်အထိ ဆုတ်ရုတ်သွားနိုင်သလဲ။ သို့တည်မဟုတ် ဒီလုပ်ငန်းအတွက် ဆောင်ရွက်နေတဲ့ လူတွေက ဝိုင်းဝန်ဟန့်တားကြတာ ရှိပါသလား။ မြောက်ဦးကို အန္တရာယ်စက်ကွင်းကလွတ်အောင် လုပ်ဖို့ဆိုတာကို UNESCO အဖွဲ့က လုပ်ဆောင်နေပါတယ်။
ဖြေ ။ ။ ကျမတို့ မြောက်ဦးကို စာရင်းတင်သွင်းတဲ့နေရာမှာ လုပ်ကိုင်တဲ့အခါမှာ အချိန်မီ မပေးခဲ့လို့ရှိရင် ကျမတို့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနစ် တင်သွင်းဖို့အတွက် စိန်ခေါ်မှုတရပ်အနေနဲ့ ဖြစ်လာပါတယ်။
နောက်တခုကြတော့ မြောက်ဦးမှာ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံလေးကလည်း ဆုံးရှုံးသွားမယ်ဆိုရင်တော့ အစားထိုး မရနိုင်တဲ့ ဆုံးရှုံးမှုတရပ် အစုလိုက်အပြုံလိုက် ပျက်ဆီးမှုတရပ် ဖြစ်သွားနိုင်တဲ့ ဈေးသည်တွေကိုလည်း ကျမတို့ မဲပေးရပါတယ်။ အဲဒီဟာတွေကို ကျမတို့က သက်ဆိုင်တာလေးတွေကို အစိုးရအဖွဲ့အစည်းတွေနဲ့ တင်ပြထားပါတယ်။ တင်ပြထားတဲ့အခါမှာ ဝိုင်းဝန်ကူညီပေးခဲ့ပါမယ်လို့ ပြောပါတယ်။ ပြောပေမယ့်လဲ ဒီနေ့ထက်ထိတော့ ကျမတို့ ညောင်ဦးထဲကပဲ အမြောက်လက်နက်တွေနဲ့ ဒီနေ့တိုင် ပစ်နေဆဲပါပဲ။
မေး ။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာ့အစိုးရတပ်ဖွဲ့ တပ်မတော်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တင်ပြခွင့်ရပါရဲ့လား။ ရှေးဟောင်းသုတေသနပညာရှင်တွေအနေနဲ့ ဒီလိုတင်ပြလိုပါတယ်။ ဒီလို အခြေအနေရှိပါတယ်ဆိုတာကို တင်ပြဖို့ အခွင့်သာပါရဲ့လား။
ဖြေ ။ ။ ကျမတို့ တင်ပြခွင့်ရပါတယ်။ တင်ပြတဲ့အတွက်ကြောင့် သူတို့လည်း ပူးပေါင်းပါဝင်ပါမယ်လို့ ပြောပါတယ်။ ကျမလည်း မျှော်လင့်ပါတယ်။ ပူးပေါင်းပါဝင်မယ်လို့ မျှော်လင့်ပါတယ်။
မေး ။ ။ အဲဒါ ပြည်နယ်အစိုးရလား။ သို့တည်းမဟုတ် တပ်မတော်လား။
ဖြေ ။ ။ ပြည်နယ်အစိုးရပါ။
မေး ။ ။ ပြည်နယ်အစိုးရက ဆုံးဖြတ်ပိုင်ခွင့် ရှိပါလား။ စစ်ရေးနဲ့ ပတ်သက်ပြီးတော့ တပ်ကိုရော တိုက်ရိုက်တင်ပြခွင့် မရှိဘူးလား။
ဖြေ ။ ။ ကျမတို့အနေနဲ့ နားလည်တာကတော့ ပြည်နယ်အစိုးရကနေ သက်ဆိုင်ရာတပ်တွေကို သူတို့ ပြောဖို့ - ကျမတို့ဆိုရင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အဲဒါတွေကို တင်ပြကြမယ်လို့ ကျမအနေနဲ့ ယုံကြည်ပါတယ်။
မေး ။ ။ အခု ငြိမ်းချမ်းရေးအထောက်အကူပြု ကော်မတီဆိုတာကို ဖွဲ့စည်းထားပါတယ်။ အဲဒီကော်မတီကလည်း သူုတိ့ရဲ့လုပ်ပိုင်ခွင့်ထဲမှာ ဒေသခံတွေနဲ့ ကွင်းဆင်းလေ့လာထိတွေ့ပြီးတော့ ဘာလုပ်သင့်သလဲဆိုတာမျိုးကို အကြံပြုဖော်ပြထားတာကို တွေ့ရပါတယ်။ ဆိုတော့ အဲဒီကော်မတီနဲ့တွေ့ပြီး တင်ပြဖို့ ရည်ရွယ်ချက် ရှိပါသလား။ တင်ပြလို့ ထိရောက်မယ်လို့ မျှော်လင့်ပါသလား။
ဖြေ ။ ။ ကျမအနေနဲ့လည်း အဲဒီကော်မတီနဲ့ တွေ့ဆုံဖို့အတွက် ကျမ မျှော်လင့်ပါတယ်။ တွေ့ဆုံချင်ပါတယ်။ တွေ့ဆုံတဲ့အချိန်မှာလည်း မြောက်ဦးမြို့ လက်ရှိ ရှိနေတဲ့အနေအထားတွေကို ကျမတို့ဘက်က တင်ပြဖို့အတွက် အဆင်သင့်ပါ။ ဖြစ်လာမယ်၊ မဖြစ်လာဘူးဆိုတာတော့ ကျမတို့အနေနဲ့ စောင့်ကြည့်ရမယ့် အနေအထားမျိုးပါ။
မေး ။ ။ မြောက်ဦးရှေးဟောင်း အဆောက်အအုံတွေရဲ့ ယဉ်ကျေးမှုတန်းဖိုးကိုလည်း နည်းနည်းပြောပြပါ။ သာမန်တချို့လူတွေ မသိကြပါဘူး။ ဒါက ဘယ်လောက်အထိ အရေးကြီးတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနစ်တွေ ဖြစ်တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်တန်းဖိုး ရှိတယ်ဆိုတာကို နည်းနည်းပြောပြပါ။
ဖြေ ။ ။ မြောက်ဦးဟာ ခံတပ်မြို့ကြီးအဖြစ်နဲ့ တည်ဆောက်ခဲ့ပြီး၊ ရေဝင်ရေထွက်စနစ်ကို အဓိကထားပြီးတော့ တည်ဆောက်ခဲ့တဲ့ ကာကွယ်ရေးမြို့။ ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ နန်းသက်အရှည်ဆုံး ရှေးဟောင်းမြို့ကို ပြသပါဆိုရင် ရခိုင်နဲ့ မြောက်ဦးမြို့ပြသရပါမယ်။ နှစ်ပေါင်း (၃၅၄) နှစ် ရှည်ကြာခဲ့ပြီးတော့ ဒီလောက်နန်းသက်ရှည်ပြီးတော့မှ ကာကွယ်ထိန်းသိမ်းနိုင်လောက်အောင် ခံတပ်တွေ၊ ကျူံးတွေ မြောင်းတွေ၊ တံတိုင်းတွေ အစရှိသဖြင့် မြို့ပြအင်္ဂရပ်နဲ့ ပတ်သက်ပြီးတော့ ပြိုင်ဘက်ကင်း အတူတည်ဆောက်ထားတဲ့ မြို့ ဖြစ်ပါတယ်။
မေး ။ ။ ဆိုတော့ တိုက်ပွဲမရှိတဲ့ ကာလတွေမှာ ဒီပစ္စည်းတွေ ဒီလောက်တန်းဖိုး အဆောက်အဦတွေ ဆက်လက်တည်မြဲရေးကို မှန်မှန်ကန်ကန်၊ စနစ်တကျ ထိန်းသိမ်းမှု ရှိပါသလား။ အစိုးရအာဏာပိုင်တွေဘက်က ဂရုတစိုက် ရှိပါလား။
ဖြေ ။ ။ ကျမတို့ မြောက်ဦးပြင်ကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့ကစပြီး နိုင်ငံတော်အဆင့် ကာကွယ်ထိန်းသိမ်းဆောင်လျှောက်ရမယ့် အမွေအနစ် အဖြစ်အနေနဲ့ သတ်မှတ်ချင်ပါတယ်။ ပြီးတော့ ယခုအခါလဲ မြောက်ဦးမြို့ဒေသတဝိုက်ကို လူ (၂၀) ကမ္ဘာ့ယဉ်ကျေးမှု အမွေအနစ်စာရင်းကို တင်သွင်းဖို့အတွက် ကြိုးပမ်းနေချိန် ဖြစ်ပါတယ်။ … တင်သွင်းလိုက်တာနဲ့ မြောက်ဦးယဉ်ကျေးမှုဒေသကို နိုင်ငံတကာက အသိအမှတ်ပြုခြင်း တရားဝင်ခံရမှာ ဖြစ်ပါတယ်။
မေး ။ ။ နိုင်ငံတကာက အသိအမှတ်ပြုသလို၊ ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ သဘောပေါက်အောင် ကြိုးပမ်းအားထုတ်မှု ရှိပါသလဲ။
ဖြေ ။ ။ နိုင်ငံသူ၊ နိုင်ငံသားအားလုံးသိအောင်အတွက်လဲ ကျမတို့ မြောက်ဦးဒေသ ယဉ်ကျေးမှု အမွေအနစ်ဒေသအဖြစ် နိုင်ငံတော်ကာကွယ်စောင့်ရှောက်ထားတဲ့ အမွေအနစ်ဒေသ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတော်နဲ့ဆိုင်တဲ့ နိုင်ငံသားအားလုံးလည်း စောင့်ရှောက်သင့်တယ်။ နိုင်ငံတော်မှာ ရှိနေတဲ့ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုအားလုံးကလည်း မြောက်ဦး ယဉ်ကျေးမှု အမွေအနစ်ဒေသရဲ့ သမိုင်းကြောင်းကိုလည်း အားလုံးသိသင့်ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ သိသင်မှု အားနည်းတယ်။ ကျမတို့ ရခိုင့်သမိုင်းကို။ အဲဒီအတွက် သိအောင်အတွက်ကိုလည်း ပညာပေးမှုတွေ။ နောက်တခုက ကျမတို့ရခိုင်သမိုင်းကို ဖော်ထုတ်ပြောဆိုခွင့်တွေ အများကြီး နိုင်ငံတော်ကနေ နောက်ပိုင်းမှာ ဖွင့်ပေးထားတာတွေ ရှိပါတယ်။
မေး ။ ။ သမိုင်းဘာသာရပ် သင်ရိုးထဲမှာကော မြန်မာနိုင်ငံမှာ မြောက်ဦးအပါအဝင် တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု အမွေအနစ်တွေကို သမိုင်းတွေကို ကျောင်းသူကျောင်းသားတွေ မျှမျှတတ နားလည်သဘောပေါက်လာအောင် ဖြန့်ဖြူးပြီးတော့ သင်တဲ့ အဆင့်ကို ရောက်ပြီလား။ အဲဒီလို ကြိုးပမ်းအားထုတ်မှု ရှိပါသလား။
ဖြေ ။ ။ မရောက်သေးပါဘူး။ ရှေးဟောင်းမြို့တော်များထဲမှာ မြောက်ဦးယဉ်ကျေးမှု အမွေအနစ်ဒေသဆိုတာ မပါသေးပါဘူး။ ပြဌာန်းဘာသာရပ်တွေထဲမှာလည်း သမိုင်းမှာ ရခိုင့်သမိုင်းနဲ့ ပတ်သက်ပြီးတော့ သီးခြားသင်ကြားတာလည်း မရှိပါဘူး။ ကျမတို့အနေနဲ့ မြန်မာနိုင်ငံမှာ သမိုင်းကို မဟာဝိဇ္ဇာဘွဲ့ရတဲ့အထိ သင်ကြားခဲ့ပေမယ့်လဲ ရခိုင့်သမိုင်းတော့ မပါခဲ့ပါဘူး။ ကျမတို့အနေနဲ့ ရခိုင့်သမိုင်းကို သီးခြားလေ့လာခဲ့ရတာ ဖြစ်ပါတယ်။
မေး ။ ။ နောက်ဆုံးတခု မေးချင်တာက ဒီယဉ်ကျေးမှု အမွေအနစ်တွေ ပတ်ဝန်းကျင်တဝိုက်မှာ တိုက်ပွဲဆိုတာ လုံးဝမရှိဘဲ၊ ငြိမ်းချမ်းသွားရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ အဲဒီတိုက်ပွဲတွေကတော့ နိုင်ငံရေးအရ ဖြေရှင်းရမှာပေါ့။ အဲဒီလို ပြေလည်မှု မရခင်ဆက်ကြားမှာ ဒီယဉ်ကျေးမှုအမွေအနစ်တွေကို ထိခိုက်ပျက်ပြားမယ့် အခြေအနေမရောက်အောင် အဓိကလုပ်နိုင်မယ့်လမ်းကော စဉ်းစားမိပါလား။ ဘယ်လိုဆိုရင် ဖြစ်နိုင်မလဲ။ အလားအလာ ရှိပါရဲ့လား။
ဖြေ ။ ။ ကျမ ပြောသလိုပဲ မြောက်ဦးကို စစ်မဲ့ဇုန်အဖြစ်နဲ့ သတ်မှတ်ပေးလိုက်ရင်တော့ ကျမတို့ ယဉ်ကျေးမှုအမွေအနစ်တွေ ထိန်းသိမ်းပြီသား၊ မပျက်ဆီးအောင် ကာကွယ်စောင့်ရှောက်ပြီ ဖြစ်လိမ့်မယ်လို့ ကျမအနေနဲ့ မျှော်မှန်းပါတယ်။
မေး ။ ။ မျှော်မှန်းချက် အောင်မြင်မယ်လို့ ယုံကြည်မှု ဘယ်လောက်ရှိပါသလဲ။ အပြည့်အဝ ရှိပါလား။
ဖြေ ။ ။ ကျမအနေနဲ့ လောလောဆယ်အထိတော့ အပြည့်အဝတော့ မရှိသေးပါဘူး။
မေး ။ ။ အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။ အထူးကျေးဇူးတင်ပါတယ်။