သုံးရလွယ်ကူစေသည့် Link များ

တိုင်းရင်းသားအဖွဲ့များ ညီလာခံရဲ့ အကောင်းအဆိုးရလဒ်


တနိုင်ငံလုံး အပစ်ရပ်ရေး ညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC တို့ အပစ်ရပ်စဲရေး စာချုပ်မူကြမ်း NCA ကို အပြီးသတ် သဘောတူညီမှုရခဲ့စဉ်။ (မတ် ၃၀၊ ၂၀၁၅) ဓာတ်ပုံ-MPC
တနိုင်ငံလုံး အပစ်ရပ်ရေး ညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC တို့ အပစ်ရပ်စဲရေး စာချုပ်မူကြမ်း NCA ကို အပြီးသတ် သဘောတူညီမှုရခဲ့စဉ်။ (မတ် ၃၀၊ ၂၀၁၅) ဓာတ်ပုံ-MPC

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ တိုင်းရင်းသားညီလာခံရဲ့ ရလဒ်တွေဟာ တိုင်းရင်းသား ပဋိပက္ခတွေအတွက် အဖြေလား၊ မေးခွန်းလားဆိုတာကို ညီလာခံကို ကိုယ်တိုင်တက်ရောက်ခဲ့သူ တိုင်းရင်းသားခေါင်းဆောင် ဗိုလ်မှုးကြီးခွန်ဥက္ကာ၊ နိုင်ငံရေးသုံးသပ်သူ ဦးအောင်သူငြိမ်း တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။


ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ဗိုလ်မှူးကြီးခွန်ဥက္ကာကို မေးချင်ပါတယ်။ မနက်ဖြန်ဆိုရင် ဒီညီလာခံ အဆုံးသတ်တော့မယ်လို့ ကြားရပါတယ်။ အခုအချိန်အထိ အဲဒီမှာ တက်ရောက်လာတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ အချင်းချင်းမှာ ညီညွှတ်မှု ဘယ်လောက် ရှိပါလဲ။

ခွန်ဥက္ကာ ။ ။ အနာဂတ် တိုင်းပြည်အတွက် ညီညွှတ်မှုတော့ အပြည့်အဝရှိတယ်လို့ ပြောနိုင်ပါတယ်။ နည်းနာရွေးချယ်တဲ့ နေရာမှာကြတော့ နည်းနည်းပါးပါး မတူညီ ကွဲပြားတာ ရှိနိုင်တယ်ဆိုပေမယ့် ဘုံနိုင်ငံရေး ရည်မှန်းချက်ကြတော့ ထပ်တူထပ်မျှတော့ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဘုံနိုင်ငံရေး ရည်မှန်းချက်ဆိုတာကတော့ ပြည်ထောင်စု ပြဿနာ ပြေလည်ဖို့။ တိုင်းရင်းသားတွေ လိုချင်တဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုဖြစ်အောင် ဖန်တီးဖို့ကိစ္စတွေ ဖြစ်ပါတယ်။ ဒါကတော့ လူတိုင်းဟာ စိတ်ထဲမှာ ရှိနေတဲ့ကိစ္စပါ။ တကယ့်လက်တွေ့ ပြဿနာတွေက ပိုပြီးတော့ အရေးကြီးတယ် ထင်ပါတယ်။ ဥပမာတခု ကျနော် မေးချင်တာက “ဝ” ပြည်နယ် လိုချင်တယ် သူတို့က ဒီပွဲကို ကျနော် အကြမ်းမျဉ်း သုံးသပ်မိတာက UWSA က ဒီညီလာခံကို လုပ်တာဟာ သူတို့ ”ဝ” ပြည်နယ် တောင်းခံမယ့်အရေးကို ကျန်တိုင်းရင်းသားတွေ ထောက်ခံမှုရအောင် လုပ်တယ်လို့ ထင်ပါတယ်။ ဆိုတော့ အဓိကအားဖြင့် ရှမ်းတိုင်းရင်းသားတွေရဲ့ သဘောထားက ဘယ်လို ရှိနိုင်ပါလဲ။ ဘယ်လို တွေ့ရပါလဲ ဒီမှာ။

ခွန်ဥက္ကာ ။ ။ ဒီမှာတော့ သိသာထင်ရှားတဲ့ ကွဲပြားမှုတော့ မရှိပါဘူး။ ပြည်နယ်အဆင့်အတန်း ရထိုက်တဲ့ တိုင်းရင်းသားလူမျိုးတွေက ပြည်နယ်အဆင့်အတန်း ရနိုင်ဖို့အတွက် ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မှာကို။ နောက်ပြီး ဖယ်ဒရယ်ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရမယ်ဆိုတော့ အဲဒီ ဥပဒေပေါ် မူတည်ပြီးတော့ State Reorganizing Process ဆိုတာလည်း ရှိလာမှာပါ။ အဲဒီ State Reorganizing Process ထဲမှာ “ဝ” ပြည်နယ်ဟာ တရားဝင် ပေါ်ပေါက်ရေးအတွက် နည်းလမ်းရှိလာမယ်။ ဒါကိုလဲ ကျန်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ လူမျိုးတွေ သိသိသာသာ ကန့်ကွက်တဲ့ကိစ္စမျိုးတော့ ဒီပွဲမှာ မတွေ့ရပါဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ “ဝ” တိုင်းရင်းသားတွေက ပြည်နယ် လုပ်လာကြမယ်ဆိုရင် အလားတူပဲ “ဝ” လိုပဲ အထူးဒေသ အုပ်ချုပ်ရေးဒေသကြီးအဖြစ်နဲ့ ပြည်နယ်ရရှိထားတဲ့ ပအို့၊ ပလောင်း နဲ့ နာဂ တို့ စသဖြင့် အဲဒီ တိုင်းရင်းသားတွေရဲ့ အခြေအနေ ဘယ်လို ဖြစ်လာနိုင်ပါလဲ။

ခွန်ဥက္ကာ ။ ။ အဲဒီ အားလုံးကတော့ လာမယ့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲအဆင့် (၂) မှာ ဆက်လက်ဆွေးနွေးသွားမယ့် ကိစ္စတွေ ဖြစ်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ နိဂုံးချုပ်ဖြစ်တဲ့ ပြည်ထောင်စု သဘောတူညီချက် ပြည်ထောင်စု Accord ထဲမှာတော့ ညှိနှိုင်းအဖြေရှာနိုင်မယ်လို့ ကျနော်တို့က ယူဆတာပေါ့။

ဦးကျော်ဇံသာ ။ ။ ကိုအောင်သူငြိမ်း ဘယ်လို သဘောရပါလဲ။ အခု တိုင်းရင်းသားတွေ ဆွေးနွေးနေတဲ့အထဲမှာ ကျနော် စောစောက ခွန်ဥက္ကာကို မေးတဲ့ကိစ္စလို “ဝ” တွေက ပြည်နယ်လိုချင်ရင် ကျန်တဲ့ အထူးဒေသဖြစ်နေတာတွေက ပြည်နယ်လိုချင်လာမယ်ဆိုတော့ မူလ ပြည်နယ်ကြီးက လူတွေက ဒီကိစ္စကို ခွဲမယ့်ပြဿနာတွေ အများကြီးတော့ ရှိအုံးမယ် ထင်ပါတယ်။ ဒီအခြေအနေကို ကြည့်ရင် ဒီညီလာခံဟာ တကယ် အဖြေပေါ်ထွက်လာနိုင်တဲ့ ညီလာခံလို့ သတ်မှတ်လို့ရမယ် ထင်ပါလား။

ကိုအောင်သူငြိမ်း ။ ။ အခု တိုင်းရင်းသားတွေ ကျင်းပနေတဲ့ ညီလာခံက တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားအတွက် ဦးတည်ဆွေးနွေးကြမယ်။ နောက်တခါ တိုင်းပြည်အတွင်းမှာရှိတဲ့ ပြဿနာတွေ ဆွေးနွေးမယ်ဆိုတာတော့ သံသယ မရှိပါဘူး။ ဒါပေမဲ့လဲ အခု ဒီညီလာခံကနေ ကျနော့်အမြင်အနေနဲ့ စဉ်းစားမိတာက ပိုပြီးတော့ မေးခွန်းတွေ ဖြစ်လာနိုင်စရာ ရှိသလားလို့ ကျနော် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မကြာသေးခင်ကပဲ အစိုးရနဲ့ NCCT တိုင်းရင်းသားတွေဘက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းကို လက်မှတ်ထိုးခဲ့တာ ရှိပါတယ်။ အဲဒီမှာတော့ တချို့ကိစ္စတွေကို နောက်ကို ပို့ထားတယ်။ တပ်ပိုင်းဆိုင်ရာကိစ္စတွေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စတွေက မပါပါဘူး။ ဒါပေမဲ့ ပြင်ပမီဒီယာ သတင်းတွေမှာ တွေ့ရတာက ဒီညီလာခံမှာတော့ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေး မရှိဘူးဆိုရင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့တောင် နောက်ကျနိုင်တယ်ဆိုတဲ့ဟာမျိုးတွေ။ အဲဒီတော့ တချို့မေးခွန်းတွေများ ပိုဖြစ်လာနိုင်မလား။ နောက်တခုကတော့ ကျနော် ယူဆချက်ကတော့ ဒီညီလာခံက “ဝ” ပြည် သွေးစည်းညီညွှတ်ရေးပါတီရဲ့ ဦးဆောင်မှုကို လိုချင်လို့လည်း လုပ်တယ်လို့ ကျနော် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ခွန်ဥက္ကာ … ကိုအောင်သူငြိမ်း မေးတဲ့အထဲမှာ အရေးကြီးတဲ့အချက်ကို နောက်ပို့ထားတဲ့အတွက်ကြောင့် အပေါ်ယံအားဖြင့် ခွန်ဥက္ကာတို့က ညီညွှတ်နေပါတယ်လို့ ပြောနိုင်တာများ မဖြစ်နိုင်ဘူးလား။

ခွန်ဥက္ကာ ။ ။ ဒီလို မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ NCCT မူကြမ်းပေါ်မှာ ကြည့်လိုက်ရင် NCCT က မူရင်းအဓိပ္ပါယ်ကတော့ အပစ်အခတ်ရပ်စဲရေး ကိစ္စပါ။ သို့သော် NCCT ထဲမှာပဲ အခန်း (၁) နဲ့ အခန်း (၂) က အခြေခံမူများ၊ နောက် NCCT ရဲ့ နိုင်ငံရေးဦးတည်ချက်တွေကို ထည့်ထားတော့ ဒါတွေအားလုံးက နိုင်ငံရေးဆွေးနွေးပွဲအတွက် သယ်ဆောင်သွားမယ့် အခြေခံ Guideline တွေ ဖြစ်နေတယ်။ ဒါကြောင့် အဲဒီအခြေခံ Guideline တွေကို နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်လာမယ့် အဖွဲ့အစည်းအသီးသီးက ဒီ Guideline တွေနဲ့သွားဖို့ ရှိပါတယ်။ NCCT မှာ အဖွဲ့ဝင် မဟုတ်သော်လဲ နိုင်ငံရေး ဆွေးနွေးပွဲကြရင် အပြည့်အဝ ပါဝင်လာမယ့် အဖွဲ့အစည်းတွေလည်း နဂို ညီလာခံမှာ တက်ရောက်နေပါတယ်။ ဒါကြောင့် လုပ်နည်းလုပ်ဟန်ပိုင်းလေး၊ ချဉ်းကပ်ပုံချဉ်းကပ်နည်းလေး ကွာခြားနိုင်ပေမယ့် ဆုံချက်ကတော့ အတူတူပဲ - အတူတကွ ပူးပေါင်းဆောင်ရွက်ရေးဆိုတာကို ကျနော်တို့ ရဲရဲပြောရဲပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အခု တိုင်းရင်းသားတွေဆိုပြီး ပြည်ထောင်စုအရေးကို ဆွေးနွေးကြတယ်။ ဖယ်ဒရယ်အရေးကို ဆွေးနွေးကြတဲ့အခါမှာ ဗမာတိုင်းရင်းသားကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း မပါတာ တွေ့ရပါတယ်။ ဒါက လက်နက်ကိုင် အင်အားစု မရှိလို့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါဖြင့် အစိုးရကိုယ်စားလှယ်လည်း မပါဘူး။ ဒီအချက်က အားနည်းမှုတရပ်လို့ ဆိုရင် ဖြစ်နိုင်ပါလား။

ခွန်ဥက္ကာ ။ ။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်က ဘက်တဘက် ဖြစ်နေတော့ အဲဒီ ဘက်တဘက်က သူ့အချိတ်အဆက်နဲ့သူ အင်အားကောင်းကောင်းနဲ့ ထိန်းညှိထားပြီးဖြစ်တော့ အဲဒီ ဘက်တဘက်ကတော့ ကျစ်လစ်မှုရှိတယ်။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများဘက်ကတော့ ကျစ်လစ်မှု မရှိသေးဘူး။ UNFC မှာ (၁၂) ဖွဲ့၊ NCCT မှာ (၁၆) ဖွဲ့ .. သို့သော်လဲ အဲဒီ (၁၆) ဖွဲ့မှာ မပါတဲ့ အဖွဲ့အစည်းကြီးတွေလည်း ကျန်သေးတယ်။ ဒါကြောင့် ဒါတွေအားလုံး ကျစ်ကျစ်လစ်လစ် ဖြစ်ရေးကတော့ ဘက်တဘက်ကတော့ ပြင်ဆင်ဖို့ လိုတာပေါ့။ ပြင်ဆင်ပြီးတဲ့အချိန်ကြရင်တော့ အစိုးရဘက်နဲ့ ဆက်လက်ညှိနှိုင်းသွားဖို့တော့ ရှိပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေအချင်းချင်း ပြင်ဆင်တဲ့နေရာမှာ အစိုးရဘက်က ထည့်လိုက်လို့ရှိရင် ကျနော်တို့အတွက် အဆင်မပြေဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဘက်က ပြင်ဆင်မှုတွေမှာ ကျနော်တို့ကို ခေါ်ထည့်တာ တခါမှ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ကိုအောင်သူငြိမ်း ဒီကိစ္စကို ဘယ်လို သဘောရပါလဲ။

ကိုအောင်သူငြိမ်း ။ ။ ကျနော် မြင်တာကတော့ အခု ပန်းဆန် ညီလာခံက All Inclusive အင်အားစုအားလုံး ပါနိုင်ရဲ့လားဆိုတဲ့ မေးခွန်းတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ချင်း CNF တို့ ဘာတို့ဆိုရင် ချင်းအဖွဲ့တို့က ပြောနေဆိုနေကြတာလဲ ကျနော်တို့ ကြားပါတယ်။ သူတို့ကို မဖိတ်လို့။ တချို့ အဖွဲ့တွေလည်း မဖိတ်ဘဲ ကျန်ခဲ့တာတော့ ရှိပါတယ်။ နောက်တခုက ကျနော့်အမြင်က ငြိမ်းချမ်းရေး တည်ဆောက်တဲ့အခါမှာ တိုင်းရင်းသားတွေဘက်ကြီးပဲ မဟုတ်ဘူး မြန်မာအစိုးရဘက်ကလည်း အရေးကြီးတာပေါ့။ အဲဒီမှာ ဒီညီလာခံကတော့ အစိုးရဘက်က ကန့်ကွက်ရက်နဲ့ ကိုးကန့်အဖွဲ့တွေကို ဖိတ်တယ်ဆိုတဲ့ အနေအထားမှာ ဒါက ဆက်ဆံရေးအနေနဲ့ နည်းနည်းလေး အခက်အခဲ ဖြစ်မလား။ ဒါကိုလဲ ကျနော် စဉ်းစားမိပါတယ်။

ဦးကျော်ဇံသာ ။ ။ အစိုးရရဲ့ ရပ်တည်ချက်၊ တပ်မတော်ရဲ့ ရပ်တည်ချက်၊ အဲဒီ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားအချင်းချင်း သုံးသပ်တဲ့အခါမှာ တူညီတဲ့ သုံးသပ်မှုမျိုး ပေါ်ထွက်ပါလား။

ခွန်ဥက္ကာ ။ ။ ဒါကိုတော့ ဖြေဖို့ နည်းနည်းစောသေးတယ်။ မနက်ဖြန် ထွက်လာမယ့် ကျနော်တို့ရဲ့ သဘောထား ထုတ်ပြန်ချက်မှာတော့ အချက်အလက်တွေ ပါနိုင်ပါတယ်။ အခု ကျနော်အနေနဲ့ ဒီဟာကို ကြိုပြီးတော့ comment ပေးမယ်ဆိုရင် မသင့်တော်သေးပါဘူးလို့ တင်ပြချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ခွန်ဥက္ကာက အစည်းအဝေးကို တက်ရောက်နေတဲ့သူဆိုတော့ အဲဒီထဲက ကိစ္စကို ပြောလို့မရဘူးဆိုတာ လက်ခံပါတယ်။ အပြင်က သုံးသပ်သူ ကိုအောင်သူငြိမ်းက ဘယ်လို မြင်ပါလဲ။ အဲဒီ ကိစ္စကို။

ကိုအောင်သူငြိမ်း ။ ။ အစိုးရဘက်ကတော့ လက်ရှိ သဘောတူထားတဲ့ NCCT မူကြမ်း … ဒီကနေ နိုင်ငံရေး ဆွေးနွေးပွဲတွေကို သူတို့က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် စချင်တဲ့သဘော ရှိပါတယ်။ ဒါပေမဲ့ အခု တိုင်းရင်းသား ဆွေးနွေးပွဲတွေမှာ ကျနော်တို့ အတိအကျတော့ မသိပါဘူး။ အပြင် မီဒီယာတွေက ကြားတဲ့အနေအထား ဆိုရင်တော့ အစိုးရဘက်က မှန်းထားတဲ့ အခြေအနေထက် ပိုပြီး အချိန်ယူရမယ့် သဘောထားရှိနေတယ်လို့ ကျနော် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံကိစ္စ ပြောလာတာတွေ။ နောက်တခါကြတော့ တခြားတိုင်းရင်းသားတွေဘက်က အခုန ဦးခွန်ဥက္ကာပြောတဲ့ ပြင်ဆင်မှုတွေ ရှိလာမယ်ဆိုတော့ ကျနော်ထင်တယ် အချိန်ဇယားမှာတော့ နှစ်ခုကွဲလွဲမှုတွေ ရှိမယ်လို့တော့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီနေ့ပဲ သတင်းထဲမှာ ဖတ်မိတယ်။ သမ္မတဦးသိန်းစိန်က အဆင်သင့်ပဲ အပစ်အခတ်ရပ်စဲရေး တနိုင်ငံလုံး လုပ်ဖို့အတွက် တိုင်းရင်းသားတွေရဲ့ ဆွေးနွေးပွဲရလဒ်ကိုပဲ စောင့်နေတယ်လို့ ဆိုပါတယ်။ ခွန်ဥက္ကာ ဘယ်လောက် အယုံအကြည် ရှိပါလဲ။

ခွန်ဥက္ကာ ။ ။ ကျနော်တို့ကတော့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုသွားမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေး အဲဒီကတဆင့် နိုင်ငံရေးဆွေးနွေးရေး မူဘောင်ရေးဆွဲရေး။ မူဘောင်သဘောတူပြီးတဲ့နောက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ရေး။ အဲဒီ သဘောတူပြီးသာ လမ်းပြမြေပုံအတိုင်းပဲ ကျနော်တို့က သွားကြမှာဖြစ်တယ်။ သို့သော်လဲ လမ်းပြမြေပုံရဲ့ ဘယ်အဖွဲ့အစည်းကတော့ ဘယ်အဆင့်မှာ ပါဝင်နိုင်လဲ။ သူ့ရဲ့ အနေအထား၊ ထူးခြားချက်၊ သူ့ရဲ့နယ်မြေ၊ အင်အားပေါ် ကြည့်ပြီးတော့ အဲဒါကိုတော့ တပြေညီမဖြစ်ဘူးဆိုလဲ ကိစ္စတော့ မရှိပါဘူး။ လမ်းပြမြေပုံထဲမှာပဲ အားလုံးအတူတကွ ပါဝင်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲ ပြီးတဲ့အထိ ငြိမ်းချမ်းရေးစာချုပ်ပဲခေါ်ခေါ် ပြည်ထောင်စုစာချုပ်ပဲခေါ်ခေါ် ချုပ်ဆိုနိုင်တဲ့အထိကတော့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ အခြေခံရရှိပြီသာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး သိချင်တာက မနက်ဖြန် ပေါ်ထွက်လာမယ့် ကြေညာချက်က ဦးသိန်းစိန် ပြောသလို အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ပြီးတော့ လုပ်သွားနိုင်မယ့် လမ်းကြောင်းမျိုး ဖွင့်ပေးနိုင်လိမ့်မယ်လို့ ထင်ပါလား။

ခွန်ဥက္ကာ ။ ။ ဒီလမ်းကြောင်းပဲ ရှိတာပဲ။ အဖွဲ့အစည်းတိုင်းကတော့ ပြဿနာတွေကို အတူတကွ ဖြေရှင်းမယ်။ အဲဒီလို အတူတကွ စုပေါင်းပြီးတော ဖြေရှင်းတဲ့နေရာမှာ ဘယ်သူကို ချန်ထား၊ ဘယ်သူကို ဘယ်ဖယ်ဆိုတာ မဟုတ်ဘဲနဲ့ အားလုံး ပါဝင်ဖို့လိုတယ်။ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်ကို တည်ထောင်မယ်ဆိုရင်လဲ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်ဆင်ဖို့ လိုအပ်နေတယ်။ အဲဒီလို တူညီချက်တွေတော့ ပေါ်ထွန်းလာမယ်။ အဲဒါကြောင့် သွားနေတဲ့ လမ်းကြောင်းကိုတော့ အနှောက်အယှက် အဟန့်အတားဖြစ်တဲ့ ဖြစ်လာမယ့် အခြေအနေမျိုးကိုတော့ မတွေ့ရဘူးလို့ နိဂုံးချုပ် တင်ပြချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်သူငြိမ်းကိုလည်း နိဂုံးချုပ် မေးချင်ပါတယ်။ အဲဒီ မူကို လက်ခံကြတယ်ဆိုတာ ဒါက အပြောလွယ်တယ်။ တကယ့် လက်တွေ့မှာတော့ တပ်မတော်က ဘယ်လိုဖြစ်တယ်လို့။ အခြေအနေ မကြိုက်ဘူး။ လက်မခံနိုင်ဘူး။ အယုံအကြည် မရှိဘူးဆိုတဲ့ စကားတွေကို အမြဲတမ်း ကြားနေရတယ်။ ကိုအောင်သူငြိမ်းရဲ့ နောက်ဆုံးသုံးသပ်ချက်က ဘယ်လို ပြောလိုပါလဲ။

ကိုအောင်သူငြိမ်း ။ ။ အခုအနေအထားမှာတော့ အင်အားစု အကုန်လုံး အစိုးရအပါအဝင် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းကိုပဲ ရွေးကြပါတယ်။ ဒါကတော့ ဝမ်းသာစရာကောင်းတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အခုန ဦးခွန်ဥက္ကာ ဆွေးနွေးသလို တဘက်နဲ့တဘက် နည်းနာတွေကတော့ ကွဲလွဲမှု ရှိအုံးမှာပေါ့။ အဲဒီ အနေအထားအောက်မှာပဲ အကောင်းဆုံး အဖြေရှာနိုင်ရင်တော့ ကောင်းမယ်လို့တော့ ထင်ပါတယ်။

XS
SM
MD
LG