ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့အတူ ဆယ်စုနှစ်ပေါင်းများစွာ ယိုယွင်း ပျောက်ကွယ်နေခဲ့တဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား ပြန်လည်တည်ဆောက်ရေးဟာ NLD အစိုးရသစ်အတွက် အဓိက စိန်ခေါ်မှုကြီးတရပ် ဖြစ်လာပါလိမ့်မယ်။ ဒီပြုပြင်ရေးအတွက် အခက်အခဲနဲ့ အလားအလာတွေကို ဘယ်လိုရှိပါသလဲ။ ၁၉၉၀ပြည့် ရွေးကောက်ပွဲ အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာတင့်ဆွေ နဲ့ ဦကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ လူတွေ အရေးတကြီး စိတ်ဝင်တစားရှိကြတဲ့ ကိစ္စကတော့ အာဏာလွှဲပြောင်းရေးကိစ္စ ဖြစ်ပါတယ်။ အာဏာလွှဲပြောင်းတဲ့နေရာမှာ စစ်တပ်က ဘယ်လောက်အထိ ချုပ်ကိုင်ထားလိမ့်မလဲ။ တိုင်းရင်းသားတွေနဲ့ ဘယ်လို ခွဲဝေမလဲ ဆိုတာကို အဓိက စိတ်ဝင်စားကြပါတယ်။ အဲဒီ ကိစ္စတွေက စိတ်ဝင်စားစရာလဲကောင်းတယ်။ အရေးကြီးတယ်ဆိုတာလဲ မှန်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကျနော် စဉ်းစားမိတာက မြန်မာနိုင်ငံမှာ ခိုင်မာတဲ့၊ ကောင်းမွန်တဲ့ ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရား တည်ဆောက်နိုင်ဖို့လည်း သိပ်အရေးကြီးတယ်လို့ ထင်ပါတယ်။ ဆိုတော့ အာဏာလွှဲပြောင်းရေးကြီးကိုပဲ သိပ်အာရုံစိုက်နေကြပြီး နိုင်ငံရေးကိစ္စမှာ သိပ်လောနေကြသလား။ အခုနပြောတဲ့ အုပ်ချုပ်ရေး ယန္တရား Good Governance အဲဒီ တည်ဆောက်ရေးကို ဘယ်လောက် အလေးပြုထားပြီးတော့ ဆောင်ရွက်နေကြတယ်လို့ ဆရာ မြင်ပါသလဲ။
ဒေါက်တာတင့်ဆွေ ။ ။ ဒီ မေးခွန်းကို ကျနော် သဘောတူပါတယ်။ ခန့်မှန်းကြတယ်။ ပြောဆိုကြတယ်။ လုပ်နေကြတယ်။ အစိုးရ ပြောင်းလဲရေး ဘယ်သူ ဘာဖြစ်မလဲဆိုတာ။ ဒါတွေက ခန့်မှန်းချက်တွေ ပြောတယ်။ တာဝန်ရှိသူတွေက သူဘာသာသူ လုပ်သွားကြမှာပါ။ ကျနော်တို့အားလုံးနဲ့ ဆိုင်တာက မြန်မာပြည်ကြီးတခုလုံး ပိုပြီးတော့ကောင်းလာအောင်၊ မှားတာတွေ ဖယ်လာအောင်၊ ပိုကောင်းလာအောင် လုပ်ဖို့ရှိတော့ အခု ဗျူရိုကရေစီလို့ပြောမယ့် အစိုးရဝန်ထမ်းတွေ စီမံခန့်ခွဲမှု ယန္တရားကြီးက ပြင်ဆင်ဖို့က အတော်ကိုလိုပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ ပြင်စရာတွေထဲမှာ နိုင်ငံရေးစနစ်၊ တိုင်းရင်းသားအရေးအပြင် တကယ်တမ်း စီမံခန့်ခွဲမှုကြီးက ချို့ယွင်းလာတာ တော်တော်ကိုကြာပြီ။ အပြစ်ပြောရင်လဲ စစ်အာဏာသိမ်းကတည်းက ပြောရမှာ။ ဖဆပလခေတ်မှာ ဗြိတိသျှအုပ်ချုပ်ရေးနောက် ဆက်ခံလာတဲ့ ဗမာနိုင်ငံ အုပ်ချုပ်ရေးစနစ်ဟာ တော်တော်လေး စနစ်ကျခဲ့ပြီးတော့ အရှေ့တောင်အာရှ၊ တောင်အာရှမှာ နာမည်ရခဲ့တဲ့ အဆင့်ကနေ အုပ်ချုပ်ရေးစနစ်၊ နိုင်ငံရေးစနစ် ပြောင်းတဲ့အခါမှာ ဗျူရိုကရေစီယန္တရားကြီးလည်း ပျက်စီးသွားတာ ဖြစ်တဲ့အတွက် ကျနော်တို့ ပြင်စရာတွေထဲမှာ အဲဒါကြီးလဲ အရေးတကြီးပြင်ဖို့ ကြီးကြီးကျယ်ကျယ်နဲ့ ကျနော်တို့ ခေါင်းကြီးကြီးနဲ့ပြင်ဖို့ လိုတယ်လို့ ကျနော် သဘောတူပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာ စောစောက စစ်အာဏာသိမ်းတဲ့ကိစ္စကိုပဲ အပြစ်ပြောရမယ်ဆိုတော့ တကယ်တော့ သမိုင်းမှာ ရှိနေတာပဲ။ ဒါကိုပဲ ကျနော် စဉ်းစားမိပါတယ်။ ထိုင်းမှာဆို စစ်အာဏာသိမ်းတဲ့ အကြိမ်ပေါင်း မြောက်မြားစွာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီ စစ်ဗိုလ်တွေဟာ နိုင်ငံရေးကိစ္စကို သူတို့ ဆောင်ရွက်တယ်။ အုပ်ချုပ်ရေးယန္တရား၊ ဗျူရိုကရေစီယန္တရားမှာ သူတို့ မဆောင်ရွက်ဘူးဆိုတော့ ဗျူရိုကရေစီ ဆက်လက်ပြီး ခိုင်မာနေတယ်။ အဲဒါကြောင့် နိုင်ငံရေး အပြောင်းအလဲ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ဟာ မြန်မာနိုင်ငံလို ချွတ်ခြုံ ကျမသွားတဲ့အချိန်တွေကို တွေ့ရမယ် ထင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလို အာဏာသိမ်းပြီးတော့ ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်မှာ အုပ်ချုပ်ရေးယန္တရားကိုပါ ဖျက်ခဲ့တယ်။ ကျနော် စဉ်းစားမိတာ ဗိုလ်ချုပ်ကြီးနေဝင်း ဘာကြောင့် ဖျက်လဲ။ ရွေးကောက်ခံပြီး တက်လာတဲ့ လူမဟုတ်တဲ့အတွက်ကြောင့် သူ့ legitimacy တည်ဆောက်ဖို့အတွက် အုပ်ချုပ်ရေးယန္တရားကို ကောင်းအောင်လုပ်တယ်ဆိုပြီး ရည်ရွယ်ခဲ့လေသလား။
ဒေါက်တာတင့်ဆွေ ။ ။ ဗိုလ်ချုပ်နေဝင်း က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုပြီး လုပ်ပြီးတော့ ဆိုရှယ်လစ်စနစ်ပါ နာမည်ပျက်အောင် လုပ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ အုပ်ချုပ်ရေးယန္တရားထဲက လူတွေအပါအဝင် အကုန်လုံး အုပ်ချုပ်ရေးတင်မက ကျောင်းဆရာ၊ ဆရာမ၊ စာရေးစာချီကစပြီးတော့ ပါတီဝင်ဖြစ်မှသာ အရည်အချင်းလို့ သတ်မှတ်တယ်။ လုပ်ရည်ကိုင်ရည်၊ လုပ်နိုင်စွမ်းတွေကို ဘေးဖယ်ပြီးတော့ ပါတီဝင်ဆိုတဲ့ ပေတံကြီးတခုနဲ့ တိုင်းခဲ့တဲ့အတွက် ရစရာမရှိအောင် ပျက်စီးသွားတယ်လို့ မြင်ပါတယ်။ မှန်ပါတယ်။ စစ်အာဏာသိမ်းမှုတွေရှိတဲ့ နိုင်ငံတိုင်းမှာ ကျနော်တို့ ဗမာပြည်မက အုပ်ချုပ်ရေးယန္တရားလောက် ပျက်စီးသလောက် မပျက်ဘူးဆိုတာကတော့ အမှန်ပါ။
ဦးကျော်ဇံသာ ။ ။ ဗျူရိုကရေစီကို စီမံခန့်ခွဲဖို့အတွက် အဲဒီတုန်းက ဗိုလ်ချုပ်နေဝင်း က စစ်ဗိုလ်တွေ၊ နောက်ပြီးတော့ နိုင်ငံရေးဇာတ်ပျက်တွေ - ပြောရင် တချို့က ကြိုက်ချင်မှကြိုက်မယ်။ အဲဒီလူတွေကို အသုံးချပြီးတော့ လုပ်ခဲ့တယ်။
ဒေါက်တာတင့်ဆွေ ။ ။ ဗိုလ်ချုပ်နေဝင်းက မဆလပါတီဝင်ဖြစ်မှ၊ အဲဒီပါတီထဲဝင်တောင် တင်းပြည့်မှ လုပ်သလို၊ အလားတူပဲ တပ်မတော်ထဲက အရာရှိတွေကို ယူနီဖောင်းနဲ့ဖြစ်ဖြစ်၊ ယူနီဖောင်းချွတ်ပြီးတော့ဖြစ်ဖြစ် ရာထူးအမျိုးစုံ တီထွင်ပြီးတော့ အထူးအရာရှိ၊ ညွှန်ချုပ်စသဖြင့် တာဝန်ခံဖြစ်ဖြစ် လုပ်ပြီးတော့ ပေးခဲ့တော့ တပ်မတော်အရာရှိ အရာခံတွေက တပ်ထဲမှာတော့ တကယ့်ကို စည်းကမ်းနဲ့ ရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေလို့ ကျနော် မငြင်းပါဘူး။ သို့သော် အရပ်ဖက်အုပ်ချုပ်ရေးမှာ သူတို့က ငါ့နောက်မှာ စစ်တပ်ရှိတယ်၊ ငါ့မှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ လွဲမှားတဲ့ မာနနဲ့ အရပ်ဖက်အုပ်ချုပ်ရေး လုပ်တဲ့အခါမှာ အစစအရာရာ ပျက်စီးသွားတယ်။ စစ်ယူနီဖောင်း ဝတ်ထားရင်၊ စစ်ယူနီဖောင်း ရာဇဝင်ရှိရင် သူက အလွန်ကိုတော်တဲ့ မိုးကျရွှေကိုယ်ပေါ့။ အခုထိပါပဲ ဖြစ်နေကြတော့ တနည်းအားဖြင့် ရှိသင့်ရှိအပ်တဲ့ အစိုးရဝန်ထမ်း အရာရှိအရာထမ်းတွေလို မဟုတ်တဲ့ စဉ်းစားမှုတွေနဲ့ တကယ့် အများပြည်သူ အုပ်ချုပ်ရေးနယ်ပယ်မှာ ပျက်စီးချင်းမက ပျက်စီးလာတာ ဖြစ်တဲ့အတွက် အဲဒီဟာကြီးက ပြင်ရမယ့် အခြေအနေလို့ ကျနော် သဘောတူပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အရှေ့ကို ပြင်နိုင်မယ့် အလားအလာ စဉ်းစားမိတော့လဲ တော်တော်လေး ရင်လေးစရာလို့ ဆိုရမလား။ ဘာကြောင့်လဲဆိုတော့ အခု စစ်တပ်က ချုပ်ကိုင်ထားတဲ့ ဌာနတွေက အင်မတန် အရေးကြီးတယ်။ ပြည်ထဲရေးတို့ကအစ။ နောက်တခါ စစ်တပ်က မကြာခင် အာဏာလွှဲပေးရတော့မယ်ဆိုတော့ အတွင်းဝန်တွေ ဌာနတိုင်းမှာ ခန့်လိုက်တာ။
ဒေါက်တာတင့်ဆွေ ။ ။ အခုနောက်ဆုံး သမ္မတကြီး ဦးသိန်းစိန် က မထွက်ခင်မှာ ဒီဟာတွေလုပ်သွားတော့ အမြဲတမ်း အတွင်းဝန်ဆိုတာ။ အမှန်က ဥပမာ ပေးရရင် ဗမာနိုင်ငံလို ဗြိတိသျှလက်က လွတ်လပ်ရေးရတဲ့ အိန္ဒိယနိုင်ငံမှာ ကြည့်လိုက်လို့ရှိရင် အိန္ဒိယနိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီအရ အစိုးရတွေက ပြောင်းပြောင်းသွားပြီး တချို့အစိုးရတွေက မတည်ငြိမ်ဘူး။ တချို့ဆို (၁) နှစ်၊ (၂) နှစ်လောက်နဲ့ထွက်ပြီး ပြောင်းရတာတွေရှိတယ်။ (၄) နှစ်တိတိ၊ (၅) နှစ်တိတိနေတဲ့ အစိုးရရှားတယ်။ ဒါပေမဲ့ သူမှာ အင်မတန်မှ ခိုင်မာအားကောင်းတဲ့ ဗျူရိုကရေစီယန္တရားကြီးက ရှိနေတုန်း။ အဲဒါကို ဘယ်သူမှလဲ ထိလို့မရဘူး။ အင်မတန်မှတော်တဲ့ အရာရှိကြီးငယ်တွေ အများကြီးရှိတယ်။ အဲဒီ အရာရှိကြီးတွေနဲ့ တိုင်းပြည်ရဲ့အုပ်ချုပ်ရေးမဏ္ဍိုင်ကို တည့်အောင်လုပ်ထားတယ်။ ဟိုထိပ်က နိုင်ငံရေးစနစ် ပြောင်းရုံနဲ့ အဲဒီမဏ္ဍိုင်က ပြောင်းမှာမဟုတ်ဘူး။ အဲဒီတော့ အိန္ဒိယနိုင်ငံကို နမူနာကြည့်ရင် ကျနော်တို့ ဗမာနိုင်ငံမှာ မျိုးဆက်ပျက်သလို ဖြစ်သွားတော့ သင်တန်းတွေလဲလိုတယ်။ နောက်တခုက ခြစားလာဘ်စားမှုတွေက အကြီးအကျယ် နှစ်ပေါင်းမြောက်မြားစွာ ဖြစ်ထားတဲ့ စိတ်ဓါတ်အပိုင်းကလဲ ပြောင်းရမှာဖြစ်တဲ့အတွက် ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးစနစ်၊ အစိုးရ ပြောင်းပြီးရင် အဲဒီ မဏ္ဍိုင်ကြီးအတွက် လူသစ်တွေကို မွေးထုတ်ပေးရအုံးမယ်။ မွေးထုတ်ဖို့က ကြာမှာဆိုတော့ လူဟောင်းတွေကိုပဲ ရသလောက် ပြင်ဖို့ပြင်ရတော့မှာပေါ့။ ဒါအတွက်လဲ တော်တော်ခက်ပါတယ်။ ခက်တဲ့အတွက် အစိုးရမှာ အင်မတန်မှ ခေါင်းကြီးပြီးတော့ နှလုံးသားလည်းဖြူစင်တဲ့ အစိုးရမျိုး ရမှာသာ နှစ်တိုတိုနဲ့ ပြင်နိုင်မယ်လို့ ယူဆပါတယ်။
ဦးကျော်ဇံသာ ။ ။ စစ်တပ်၊ တပ်မတော် - သူတို့ဘက်က အာဏာကြီးစိုးနေတာ၊ သူတို့ဘက်ကလူတွေ ပါဝင်နေတဲ့အပြင် နောက် ကျနော် စဉ်းစားမိတာ တချက်က ဗျူရိုကရေစီယန္တရားထဲက ပုဂ္ဂိုလ်တွေဟာ ပါတီသံယောဇဉ်၊ လူပုဂ္ဂိုလ် သံယောဇဉ် ဒါတွေလဲ ကင်းဖို့ လိုတယ်လို့ ထင်ပါတယ်။ ဒီမိုကရေစီ ဖြစ်လာရင်တော့ ပါတီတွေ အပြောင်းအလဲ ဖြစ်လာရမှာပေါ့။ အဲဒီအခါမှာလဲ ဆရာ စောစောကပြောသလို မယိမ်းမယိုင် ဆက်ပြီးတော့ ဒီယန္တရားကို ထိန်းနိုင်တဲ့လူမျိုး လုပ်သင့်တယ်ထင်တယ်။
ဒေါက်တာတင့်ဆွေ ။ ။ အဲဒီအချက်ကလဲ အတော်အရေးကြီးတယ်။ အစိုးရဝန်ထမ်း ပါတီနိုင်ငံရေး မလုပ်ရဆိုတဲ့ဟာမျိုး။ အစိုးရဝန်ထမ်း မဟုတ်ဘူး၊ အခုတော့ သမ္မတ လုပ်ရင်တောင် ပါတီနိုင်ငံရေး မလုပ်ရဘူးလို့ ဖွဲ့စည်းပုံကြီးက လုပ်ထားတယ်။ တော်တော်ကို ကမောက်ကမကြီး။ ဥပဒေနဲ့ပြောရင် လူတိုင်းမှာ သမ္မတဖြစ်ဖြစ်၊ လမ်းပေါ်ဈေးရောင်းတဲ့လူပဲဖြစ်ဖြစ် နိုင်ငံရေး အသိအမြင်ကတော့ ရှိနေကြတာပဲ။ ညွှန်ကြားရေးမှူးချုပ်ကြီးဖြစ်ဖြစ်၊ အမြဲတမ်း အတွင်းဝန်ဖြစ်ဖြစ် သူဟာသူတော့ ရှိကြတယ်။ မရှိရဘူးလို့ ပြောတာကတော့ ဒါသက်သက် မဖြစ်နိုင်တာကို အမိန့်ပေးတဲ့ စည်းကမ်းကြီးတခု။ သို့သော်လဲပဲ စနစ်ကလဲ ကောင်းမယ်။ ဘေးကမဏ္ဍိုင်တွေကလဲ တည့်မတ်တယ်ဆိုရင် ဒီအုပ်ချုပ်ရေးယန္တရားထဲက ပုဂ္ဂိုလ်တွေလည်း မှန်ကန်တဲ့ အုပ်ချုပ်ရေးလမ်းကြောင်းသက်သက်ကို ဘယ်အစိုးရတက်တက်ဆိုတဲ့ မူပေါ့ - သူ့မှာ စိတ်ထဲရှိတာတပိုင်း၊ တကယ်တမ်း လက်တွေ့ လုပ်နိုင်လာလိမ့်မယ်။ သို့သော် အဲဒီအစဉ်အလာကြီးက ပျက်ထားတော့ တော်တော်ကိုတော့ လုပ်ယူရလိမ့်မယ်။ ကျနော်ထင်တယ် အင်မတန်မှတော်တဲ့ အရာရှိကြီးတွေ၊ စိတ်ရင်းကောင်းတဲ့ အရာရှိကြီးတွေ အများကြီးရှိတယ်လို့တော့ ကျနော် ယုံကြည်ပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေကို စံပြထားပြီးတော့၊ နမူနာထားပြီးတော့ ပြင်ကြရလိမ့်မယ်။ ခက်တာကတော့ ခက်တယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက လောလောဆယ်မှာ ဗျူရိုကရေစီယန္တရားကောင်းကောင်းနဲ့ ရှေ့ကို အသက်ဆက်ရေးပေါ့။ လက်ရှိ ပုဂ္ဂိုလ်တွေက။ နောက်လာမယ့် မျိုးဆက်သစ်တွေ ဗျူရိုကရေစီယန္တရားကို ထိန်းမယ်။ မျိုးဆက်သစ်တွေ မွေးထုတ်တဲ့နေရာမှာ။ ပညာရေးစနစ်လည်း သိပ်အရေးကြီးတယ် ထင်ပါတယ်။ အိန္ဒိယမှာကြတော့ ပညာရေးစနစ်က မွေးထုတ်တဲ့လူတွေက ခေတ်သစ် ဗျူရိုကရေစီယန္တရားထဲမှာ ဘယ်လောက် အံဝင်ခွင်ကျ ဖြစ်ကြလဲ။
ဒေါက်တာတင့်ဆွေ ။ ။ အိန္ဒိယ နမူနာကိုပဲ ဥပမာပေးရင် ယူတာမယူတာကတပိုင်း။ သူတို့ဆီမှာ အရင်တုန်းက ဗမာပြည်မှာ ICS လိုဟာမျိုး အရာရှိကြီးတွေကို ဗြိတိသျှလက်ထက်ကတည်းက မွေးထုတ်ထားတဲ့ အစဉ်အလာ အခုထိ တောက်လျှောက် ရှိနေတယ်။ အဲဒီလမ်းကို ရောက်သွားတယ်၊ အဲဒီ အသက်မွေးဝမ်းကြောင်း ရောက်သွားတဲ့ အရာရှိငယ်တွေ၊ အရာရှိကြီးတွေက တကယ်ကိုပဲ သူ့မှာလဲ လုပ်ထုံးလုပ်နည်း ဥပဒေစည်းမျဉ်းကလဲ ခိုင်ခိုင်မာမာ ရှိတယ်။ ရှိတဲ့အတိုင်း သွားလို့လုပ်လို့ရတယ်။ ဗမာပြည်မှာက အဲဒီ ဥပဒေပိုင်းကလဲ ကျနော်တို့ လုပ်ရအုံးမယ်။ ဆိုတော့ သူတို့မှာ လေးစားလောက်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်လာကြတယ်။ အင်မတန် တန်းဖိုးထားကြတယ်။ ဗမာပြည်မှာ ယူနီဖောင်း ဝတ်ထားမှ၊ မဆလ ဝင်မှ၊ ကြံ့ခိုင်ရေး ဝင်မှ စသဖြင့် အထင်ကြီးရအောင် လုပ်ထားတဲ့ အစဉ်အလာကြီးကိုလဲ ပြောင်းရမှာ။ ကိုယ်ပိုင်အရည်အချင်းတွေရှိအောင် လေ့ကျင့်မွေးထုတ်ပေးဖို့ လိုတယ်။ ဒါပေမဲ့ ဦးကျော်ဇံသာ ဆွေးနွေးသလိုပဲ ပညာရေးစနစ် - အောက်ခြေပညာရေးစနစ်သာမက secondary ပညာရေးမှာပါ လိုက်ပြီးတော့ ပြင်ရလိမ့်မယ်။ သို့သော်လဲ လူငယ်တွေဟာ တက်ကြွတဲ့စိတ်နဲ့ ကောင်းချင်စိတ်တွေနဲ့ အားတက်မှုတွေ ရှိနေတော့ကာ အဲဒီ အားတွေကို သုံးရင်တော့ ကျနော်တို့ မြန်ဆန်နိုင်အောင် ကြိုးစားနိုင်ကောင်းရယ်လို့ ကျနော် မျှော်လင့်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံး မေးချင်တာက သောတရှင်တွေရဲ့ ရှုထောင့်ကကြည့်ပြီးတော့ - ကျနော် နဲ့ ဆရာတို့ ဆွေးနွေးချက်ကို လွှတ်လိုက်ပြီးနောက်မှ သောတရှင်တွေက ပြောကောင်းပြောလာမယ်။ အိန္ဒိယနိုင်ငံဟာ ခြစာပျက်စီးမှု သိပ်ရှိတာပဲ။ အဲဒါကို ဥပမာ ပေးတာကိုက သိပ်မဟုတ်ဘူးလို့ ပြောတဲ့လူလဲ ရှိကောင်းရှိနိုင်မယ်။ အဲဒါကို ဘယ်လို ပြန်ပြောကြမလဲ။
ဒေါက်တာတင့်ဆွေ ။ ။ မှန်ပါတယ်။ အဲဒီအချက်အလက်ကို ကျနော်တို့ ငြင်းလို့မရဘူး။ ကျနော်လည်း မငြင်းပါဘူး။ သို့သော် တကမ္ဘာလုံး အိမ်နီးချင်း တရုတ်ပြည်ကြီးလည်း ဒီအတိုင်းပဲ။ နောက်တခါ ရှေ့ဆုံးက ရောက်နေတဲ့ အမေရိကန်ပြည်ထောင်စု ကြည့်ရင်လဲ ပြောစရာတော့ ရှိတယ်။ သို့သော် အဲဒီလို နိုင်ငံကြီးတွေမှာ သူ့စနစ်တွေက လူ့အသိုင်းအဝိုင်းကနေ လက်ခံနိုင်လောက်တဲ့ အဆင့်ကောင်းကောင်းတခုကို ရောက်နေကြတယ်လို့ ကျနော် မြင်ပါတယ်။ အားနည်းချက်တော့ ရှိတာပေါ့။ အဲဒီတော့ ဗမာပြည်လဲ အဆင့်တစုံတရာ တက်လာအောင်တော့ ကျနော်တို့ ဝိုင်းဝန်းကြိုးစားကြရမယ်လို့ ယူဆပါတယ်။