သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်မခံရဲကြတဲ့ စာသင်ကျောင်းပစ်ခတ်မှု


တိုက်ရိုက် လင့်ခ်



















==ZawGyi==

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ခမွေချောင်းကျေးရွာ မူလွန်စာသင်ကျောင်း လက်နက်ကြီးထိ မှန်ပြီး ကျောင်းသားလေးတွေ ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်ရပ်အတွက် အဲဒီနေရာမှာတိုက်ပွဲ ဖြစ်နေတဲ့ ၂ ဘက်စလုံးက သူတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားကြပါတယ်။ တာဝန်ရှိတဲ့ အာဏာပိုင်တွေဘက်ကလည်း ဘယ်သူလက်ချက်ဆိုတာ စုံစမ်းဖော်ထုတ်ဖို့ ကြိုးပမ်းမှုမရှိသေးပါဘူး။ တချိန်တည်းမှာပဲ အဲဒီဒေသမှာ အင်တာနက် ဆက်သွယ်ရေးလိုင်းတွေ ပိတ်လိုက်တော့ နောက်အလားတူကိစ္စများ ဖြစ်လာခဲ့ရင် ပြည်သူလူထု သိရှိခွင့်တောင် ရနိုင်ပါအုံးမလား၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ရမ်းဗြဲမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ရာမှာ ဒေါ်ထုမေက အခုလိုစပြောပါတယ်။

ဖြေ ။ ။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ကျမတို့ လေ့လာမိသလောက်ဆိုရင်တော့ စာသင်ကျောင်းပေါ်ကို လက်နက်ကြီးတွေ ကျရောက်တယ်။ ကလေး (၂၁) ယောက် ဒဏ်ရာရရှိတယ်။ ဒီအပေါ်မှာ ရခိုင်ပြည်မှာ အခုလောလောဆယ် တိုက်ပွဲတွေ ဖြစ်ပွားနေကြတဲ့ မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်တော် နှစ်ဘက်လုံးက ငြင်းဆိုနေတာနဲ့ ပတ်သက်ပြီးတော့ ကျမတို့ အင်မတန်စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါက မဖြစ်သင့်တဲ့ကိစ္စတွေလို့ပဲ ကျမ ယူဆပါတယ်။

မေး ။ ။ ဆိုတော့ ဒီဟာက သူတို့လက်ချက် ဖြစ်တယ်လို့ ဘယ်ဘက်ကမှ တာဝန်မယူဘူးပေါ့။ ဆိုတော့ ဒီဖြစ်ပွားတဲ့နေရာကို သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေက သွားရောက်စုံစမ်းစစ်ဆေးပြီးတော့ အမှန်တရားဖော်ထုတ်တဲ့ ကြိုးပမ်းမှုကော အာဏာပိုင်တွေက တစုံတရာ ရှိပါသလား။

ဖြေ ။ ။ ဒါတွေကိုတော့ လောလောဆယ်အချိန်အထိတော့ လုံးဝမတွေ့ရှိရသေးပါဘူး။ ဒီမတိုင်ခင် ပြည်ထောင်စုလွှတ်တော်မှာ ကျမအနေနဲ့ ပဋိပက္ခဖြစ်တဲ့ ဒေသမှာ အထူးသဖြင့် စစ်မက်ဖြစ်ပွားနေတဲ့ဒေသရှိ ကလေးသူငယ် အခွင့်အရေးတွေကို ကာကွယ်ပေးဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးအဆိုကို တင်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုလွှတ်တော်ကတော့ အရေးကြီးအဆိုကော၊ ရိုးရိုးအဆိုကိုရော ပယ်ချပြီးတော့ အမျိုးသားလွှတ်တော်ကို ပြောင်းပါတယ်။ အမျိုးသားလွှတ်တော်ကလည်း ဒါကို ဥပဒေ၊ နည်းဥပဒေနဲ့ မညီပါဘူးဆိုပြီး အကြောင်းပြချက် ဂဃနဏ သေသေချာချာ မရှိဘဲနဲ့ ဒီအဆိုကို ပယ်ချပါတယ်။ အခုလက်ရှိအချိန်အထိ ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဒီလိုမျိုး မဖြစ်ပွားဖို့၊ ဖြစ်ပွားခဲ့တဲ့ အရာတွေပေါ်မှာလည်း သက်ဆိုင်ရာက၊ အထူးသဖြင့် အစိုးရက ဒါတွေကို စောင့်ကြည့်ဖို့၊ လေ့လာဖို့၊ တားဆီးဖို့ ကျမတို့ အကြိမ်ကြိမ် လွှတ်တော်ဘက်ပိုင်းမှာ ပြောဆိုခဲ့ပေမယ့် ယနေ့အချိန်အထိ ပျက်ကွက်ဆဲ ဖြစ်ပါတယ်။

အခု ဒီဟာကို အရေးကြီးအဆိုတင်သွင်းပြီးနောက်ပိုင်းမှာလဲ အခုလိုမျိုး စာသင်ကျောင်းက ကလေးတွေဆီကို လက်နက်ကြီးငယ်တွေ ကျရောက်တာနဲ့ ပတ်သက်ပြီး ယနေ့အချိန်အထိ ကျောင်းသားတွေနဲ့ သက်ဆိုင်တဲ့ ပညာရေးဝန်ကြီးဌာန၊ ကာကွယ်ရေး၊ ပြည်ထဲရေးအပါအဝင် နိုင်ငံတော်မှာရှိတဲ့ အကြီးအကဲများလည်း၊ နိုင်ငံတော်မှာရှိတဲ့ အစိုးရဘက်က တစုံတရာဝမ်းနည်းကြောင်း ဒါကိုလေ့လာစုံစမ်းမယ်ဆိုတဲ့အရာကို စိတ်ဝင်စားပုံတောင် မရပါဘူး။

မေး ။ ။ ဒီနေရာမှာ ကျနော်မေးချင်တာက ဒီလွှတ်တော်ကို တချိန်တုန်းက လက်ညှိုးထောင်၊ ခေါင်းငြိမ့်ပဲ Rubber-stamp Parliament ဆိုတဲ့သဘောမျိုး လူတွေပြောဖူးပါတယ်။ အဲဒီတုန်းကတင်မကဘူး၊ အခု NLD အစိုးရတက်လာပြီးနောက်ပိုင်း လွှတ်တော်တောင်မှပဲ ဒါကိုဆွေးနွေးပိုင်ခွင့် မရဘူးဆိုရင် လွှတ်တော်ရဲ့အခန်းကဏ္ဍ ဘယ်လောက်အရေးပါသလဲ၊ လူထုအကျိုးစီးပွား၊ ပြည်သူ့အကျိုးစီးပွားကို အမှန်တကယ် ရပ်တည်ဖော်ဆောင်နေပြီလဲဆိုတာကို သိပ်မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ပြောရမှာပေါ့။

ဖြေ ။ ။ ဟုတ်ကဲ့ပါ။ ကျမတို့ ဒီလိုပဲ တထစ်ချပြောလို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာအားဖြင့် ကျမ အမျိုးသားလွှတ်တော်မှာ မြောက်ဦးမှာ စစ်မက်မဖြစ်ပွားဖို့လဲ ကျမ အဆိုတင်ခဲ့ပါတယ်။ ဒီအဆိုမှာ စစ်မက်ဇုန်ဆိုတဲ့ ဝေါဟာရကို သုံးလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံမှာ စစ်မက်ဇုန်ဆိုတာ မရှိတဲ့အတွက် ဒီအဆိုကို တင်လို့မရပါဘူးဆိုပြီး လွှတ်တော်ဥက္ကဋ္ဌက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့တာလည်း ရှိပါတယ်။ ဒီစကားလုံးတွေကို ပြုပြင်ပြောင်းလဲပြီးတော့ ရိုးရိုးအဆိုတင်သွင်းထားတာလဲ အခုထိ ဥပက္ခာပြုခြင်း ခံရပါတယ်။ ဒါကြောင့်မို့ လွှတ်တော်သည် ဘယ်လောက်အထိ လွတ်လပ်နေသလဲ။ ဘယ်လောက်အထိ သီးခြားဖြစ်နေသလဲဆိုတဲ့ အရာကို ကျမတို့ အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ဒါတွေကို ပြန်ပြီးတော့ Review လုပ်ဖို့၊ လေ့လာသုံးသပ်ဖို့ လိုအပ်နေတဲ့ အခြေအနေတရပ်ကို ရောက်ရှိနေပါပြီ။

မေး ။ ။ Separation of powers လို့ ခေါ်တာပေါ့ - အာဏာ (၃) ရပ်ဟာ တစ်ခုအပေါ်တစ်ခု လွှမ်းမိုးမှုမရှိရဘူးဆိုတာ။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံထဲမှာတော့ အဲဒီလို အသုံးအနှုန်းတော့ရှိမယ် ထင်ပါတယ်။ သို့သော်လဲပဲ ဖွဲ့စည်းပုံမှာ (၂၅) ရာခိုင်နှုန်းဟာ တပ်မတော်ကိုယ်စားလှယ်တွေ ပါနေတယ်ဆိုတော့ အဆုံးအဖြတ်လုပ်တဲ့နေရာမှာ သူတို့ ပယ်ချနိုင်တဲ့အပိုင်းတော့ ရှိမှာပေါ့။ သို့သော်လဲပဲ အခုအခါမှာ အဆုံးအဖြတ်လုပ်ဖို့ နေနေသာသာ ဒီဟာကို အဆိုတင်သွင်း ဆွေးနွေးဖို့ကိုတောင် ပယ်ချနေတယ်ဆိုတာ - အဲဒီပယ်ချတယ်၊ မပယ်ချဘူးဆိုတဲ့ ကိစ္စမှာတော့ တပ်မတော်ရဲ့ အဆုံးအဖြတ်၊ သြဇာတစုံတရာ မပါဘူးလို့ထင်ရတာပဲ။ ဘာဖြစ်လို့ လွှတ်တော်က ဒါကိုလက်မခံရသလဲဆိုတာများ စဉ်းစားမိပါသလား။

ဖြေ ။ ။ လွှတ်တော်မှာ ဆောင်ရွက်တဲ့ကိစ္စတွေမှာတော့ အပြည့်အဝတာဝန်ရှိတာ လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေမှာ လွှတ်တော်ဥက္ကဋ္ဌပဲ တာဝန်ရှိပါတယ်။ ဒီလွှတ်တော်ဥက္ကဋ္ဌကို လွှမ်းမိုးနိုင်တာကတော့ ပါတီ ဖြစ်နိုင်ပါတယ်။ ဒီအပေါ်မှာနေပြီးတော့ အဆိုတရပ်ကို တင်သွင်းတာကို ပယ်ချတာတို့၊ ဆွေးနွေးခွင့်မပြုတာတို့က တပ်မတော်အခန်းကဏ္ဍနဲ့ မဆိုင်သလို၊ --နဲ့လည်း မဆိုင်ပါဘူး။ ဒါက လက်ရှိအာဏာရပါတီရဲ့ နိုင်ငံရေးစိတ်ဆန္ဒနဲ့ပဲ သက်ဆိုင်ပါတယ်။ ဒါကြောင့်မို့ အဆိုတရပ်ကို ပယ်ချတယ်ဆိုတာ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ မဆိုင်သလို၊ Ruling party နဲ့ အတိအကျဆိုင်ပါတယ်။ သူတို့ ဘာကိုစိုးရိမ်မှန်းတော့ မသိဘူး။ စိုးရိမ်စိတ်တွေ ပိုများနေတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို မေးခွန်းထုတ်လာကြတယ်။

မေး ။ ။ သူတို့ ဘာကိုစိုးရိမ်နေမှန်းမသိဘူး။ Ruling Party က ဆိုတော့ ကျနော် သူတို့ကိုယ်စား စိုးရိမ်ပေးကြည့်ချင်ပါတယ်။ တပ်မတော်နဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဟာ သိပ်အရေးကြီးနေတယ်ဆိုတော့ သူတို့ငြိုငြင်မယ့်ကိစ္စကို မပြောရဲဘူးလားလို့ သူတို့ဘက်က လိုက်လျောတွေးကြည့်လို့ ရမလား။ ခပ်တိုတိုလေး ပြန်ပြောပါအုံး။

ဖြေ ။ ။ ဒီလိုလဲ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တကယ်လို့သာ လက်ရှိအာဏာရပါတီအနေနဲ့ တပ်မတော်နဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက်နေတယ် ဆိုလို့ရှိရင် ဒီအချိန်မှာ အတိုင်းအတာတခုအထိ ခရီးပေါက်ရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကိုလဲ ကျမတို့ မမြင်ပါဘူး။ ဥပမာပေးရမယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံကို ဆွေးနွေးကြတဲ့အခါမှာ တပ်ဘက်က ကန့်ကွက်တာရှိသလို၊ NLD ဘက်က ကန့်ကွက်တာလည်း ရှိပါတယ်။ ဒီအခြေအနေတွေကို ကြည့်လိုက်ခြင်းအားဖြင့် အပေါ်မှာ ခေါင်းဆောင်များဟာ ဘာမှညှိနှိုင်းထားမှု မရှိသလို၊ ဒီမှာအပြန်ပြန်အလှန်လှန် အငြင်းပွားနေတာကို တိုင်းရင်းသားတွေက လက်ပိုက်ကြည့်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တပ်မတော်က တစုံတရာ ငြိုငြင်တာ။ နောက်တခုက အမျိုးသားရင်ကြားစေ့ရေးကို အကောင်အထည်ဖော်ချင်တာ ဒါတွေကို မဖြစ်နိုင်ဘူးလို့ ကျမတို့ သုံးသပ်ပါတယ်။

မေး ။ ။ နောက်တခု ပြန်ပြီးတော့ ကောက်ချင်တာကတော့ စာသင်ကျောင်းကို ပစ်ခတ်ပြီးတော့ ကလေးတွေ ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပါတယ်။ အဲဒီဟာကိုကြည့်ရင် ကလေးတွေ ကျောင်းတက်နေတဲ့အချိန်ဆိုရင်တော့ ရှင်းရှင်းလင်းလင်း မြင်နေရတဲ့ကာလမှာ ပစ်ကြတာဖြစ်တယ်ဆိုတာ သေချာပါတယ်။ ဒီလိုပစ်ခတ်တဲ့နေရာမှာ ဘယ်ဘက်က ပစ်တယ်ဆိုတာကို တာဝန်မယူကြဘူးဆိုတဲ့ ကိစ္စတရပ်နဲ့ ပတ်သက်ပြီးတော့ တာဝန်မယူရဲကြဘူးဆိုတာ ရဲစွမ်းသတ္တိနဲ့ ပတ်သက်ပြီး ထည့်ပြောချင်ပါတယ်။ သူတို့က တိုက်တော့တိုက်နေကြတယ်။ လက်နက်ကိုင်ပြီးတော့ ပစ်တော့ပစ်ရဲတယ်။ သတ်တော့သတ်ရဲတယ်။ ဒါပေမဲ့လဲ သူတို့မှားပစ်လို့ အပစ်မဲ့ကလေးတွေ။ သိပ်ရင်နာစရာကောင်းတဲ့ ဖြစ်ရပ်။ ကလေးတွေ ထိခိုက်သွားတယ်။ စာသင်ကျောင်းကို ထိခိုက်တယ်ဆိုတော့ မှားပါတယ်ဆိုတာကို ဝန်မခံရဲကြဘူးလို့ ကျနော်က ယူဆပါတယ်။

ဖြေ ။ ။ အခု ရခိုင်ပြည်နယ်မှာဆိုရင် မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်တော်က ဒီတပ်နှစ်ခုက အပြန်အလှန် ပစ်ခတ်နေကြပါတယ်။ နိုင်ငံရေးသဘောတရားကြတော့ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲဖို့အတွက် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းတာကလဲ ပြည်သူတွေကို ကာကွယ်ဖို့၊ ပြည်သူတွေကောင်းစားရေးကို လုပ်ဆောင်ကြဖို့ဆိုပြီး ကျမတို့က ယုံကြည်ထားပါတယ်။ ပြည်သူတွေကို ကာကွယ်ဖို့ဆောင်ရွက်ကြတဲ့ ဘယ် ပုဂ္ဂိုလ်မဆို မိမိမှားခဲ့တယ်ဆိုရင် မိမိမှားခဲ့တာကို ဝန်ခံရမှာ ဖြစ်ပါတယ်။ အခုအချိန်က ဘယ်ဘက်ကမှ ဝန်မခံတာသည် ကျမတို့ နှစ်ဘက်စလုံးကို မေးခွန်းထုတ်စရာတွေ ရှိပါတယ်။ ဘယ်လိုအခြေအနေ ရှိခဲ့တယ်ဆိုတဲ့အရာကို အစိုးရအနေနဲ့ ဒီအပေါ်မှာ မြေပြင်ဆင်းစစ်ဆေးမှုတွေ ဆောင်ရွက်သင့်ပါတယ်။ ဒါပေမဲ့ အစိုးရကြီးပဲ ဆောင်ရွက်တယ်ဆိုလို့ရှိရင် ဘက်လိုက်မှုတွေ ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ တတ်သိပညာရှင်များနဲ့ တကယ့်မြန်မာ့အရေးကို ဆောင်ရွက်နေကြတဲ့ နှစ်ဘက်က လက်ခံနိုင်ဖွယ်ရှိမယ့် ပုဂ္ဂိုလ်တွေက ဒီနေရာမှာ မြေပြင်စစ်ဆေးသင့်တယ်လို့ ကျမအနေနဲ့ ထင်မြင်မိပါတယ်။

မေး ။ ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ဦးဆောင်ပြီးတော့ ဒေါ်ထုမေတို့လို လူတွေက ဦးဆောင်ပြီးတော့ ဒါကို စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး လုပ်မယ်ဆိုရင်ကော လုပ်ပိုင်ခွင့် ရှိပါသလား။ အခုမြန်မာနိုင်ငံအခြေအနေအရ။

ဖြေ ။ ။ လုပ်ပိုင်ခွင့် ရှိသလားဆိုလို့ရှိရင်တော့ ကျမတို့ကတော့ ပြည်သူထိခိုက်တာနဲ့ ပတ်သက်ပြီးတော့ လုပ်ရဲတဲ့ သတ္တိတော့ ရှိပါတယ်။ ဒါပေမဲ့ တဘက်ကကြည့်မယ်ဆိုလို့ရှိရင် ဒီလွှတ်တော်ကိုယ်စားလှယ်များ ဆောင်ရွက်သည့်တိုင် အခုလက်ရှိမှာ ကျမတို့ မြေပြင်ကို မပြောပါနဲ့ တကယ်တမ်း ပြည်သူကို ကိုယ်စားပြုပြီး ဆွေးနွေးရမယ့် လွှတ်တော်မှာတောင်မှ ဒီလိုမေးခွန်းမျိုးတွေနဲ့ ပတ်သက်ပြီးတော့ ပယ်ချမှုတွေ၊ ဂရုမစိုက်မှုတွေ။ နောက်တခုက ရခိုင်ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်ထောင်စုအပါအဝင် ကျမတို့ သက်ဆိုင်ရာလွှတ်တော်တွေက အသိအမှတ်မပြုတဲ့ ပုံစံတွေ ဖြစ်နေတဲ့အခါမှာ လွှတ်တော်ကလို့ ပြောလိုက်လို့ရှိရင် အခုအချိန်မှာ ပြည်သူများသည် လွှတ်တော်ကို အယုံအကြည်အားနည်းလာနေပါတယ်။ ဒါကြောင့်မို့ ဖြစ်နိုင်လားလို့ ပြောလိုက်ရင် ပြည်သူတွေ လက်ခံတဲ့ ပုဂ္ဂိုလ်တွေ ဒီကိစ္စကို ဆောင်ရွက်မယ်ဆိုရင် အတိုင်းအတာတခုအထိ ဆောင်ရွက်နိုင်မယ့် အခြေအနေ ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဆောင်ရွက်ဖို့ ခက်ခဲပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာသည် တကယ်တမ်းကြတော့ စစ်မက်ဖြစ်ပွားနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီစစ်မက်ဖြစ်ပွားနေတဲ့ အခြေအနေကို လွှတ်တော်မှာတောင် တိုက်ပွဲလို့ပဲ သုံးရတယ်။ စစ်ပွဲလို့ သုံးခွင့်မရှိတဲ့ အခြေအနေ ဖြစ်နေပါတယ်။

မေး ။ ။ နောက်တခုက အခုလောလောဆယ်မှာလဲ ရခိုင်ဘက်မှာ အင်တာနက်လိုင်းတွေကို ပိတ်တယ်။ သုံးခွင့်မပေးဘူးဆိုပြီးတော့ ကြားရပါတယ်။ ဆိုတော့ ဒီလိုမှားယွင်းပစ်ခတ်တာပဲဖြစ်ဖြစ်၊ တမင်တကာ ရည်စူးပြီး ပစ်ခတ်တာပဲဖြစ်ဖြစ် မဖြစ်သင့်တဲ့ကိစ္စတွေ၊ အရပ်သားပြည်သူတွေ နစ်နာရမယ့်ကိစ္စတွေက ဖြစ်လာခဲ့ရင်တောင်မှပဲ သတင်းမှန်ကို လူတွေသိခွင့်မရတော့ဘူး။ သူတို့ထင်ရာ လုပ်သွားလိမ့်မယ်ဆိုတဲ့ သဘောမျိုး စိုးရိမ်စရာတွေ ပိုဖြစ်လာနိုင်ပါတယ်။

ဖြေ ။ ။ ဟုတ်ပါတယ်။ အထူးသဖြင့် အခုစစ်မက်ဖြစ်ပွားနေတဲ့ နေရာတွေမှာ အဓိက အရေးကြီးတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ထားခြင်းသည် တကယ်တမ်းကြလို့ရှိရင် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပြည်သူတွေကို ထိခိုက်အနာတရဖြစ်အောင် ဆောင်ရွက်ခြင်းကို မျက်ကွယ်ပြုတယ်၊ ထိန်းချန်ဖို့အတွက် ဆောင်ရွက်တာတွေ အများကြီးဖြစ်နိုင်ပါတယ်။ ဒါက လုံခြုံရေးကို အကြောင်းပြပြီးတော့ အင်တာနက်ဖြတ်တောက်ထားမှု စဉ်းစားချက်သည် အင်မတန်မှ လွဲမှားတဲ့ စဉ်းစားချက် ဖြစ်ပါတယ်။ နောက်တခါ ကျမတို့ အင်မတန်မှာ စိုးရိမ်တဲ့အကြောင်းအရာ ရှိပါတယ်။ အဲဒါ ဘာလဲဆိုလို့ရှိရင် ရခိုင်ပြည်နယ်ကို တိုက်ပွဲစပြီးတော့ ဆင်နွှဲမယ်ဆိုပြီးတော့ သမ္မတရုံးက ကြေညာကတည်းက အမြတ်ဖြတ်ချေမှုန်းဖို့ဆိုတဲ့ စကားလုံးတွေ သိမ်းထားပါတယ်။ ဒါကြောင့်မို့ အခုလက်ရှိအခြေအနေမှာ အင်တာနက်တွေကို တဖန်ဖြတ်တောက်တယ်။ နောက်တခုက အင်တာနက်ပေးမထားတဲ့ တခြားမြို့နယ်တွေကိုလည်း ဆက်လက်ပြီးတော့ အင်တာနက်ပိတ်ထားတယ်။ ဒီအကြောင်းအရာပေါ်မှာ ကျမတို့ နေ့စဉ်နဲ့အမျှ သောကတွေဖြစ်တယ်။ စိုးရိမ်မကင်းတွေ ဖြစ်ပါတယ်။ တကယ်တမ်း အင်တာနက်ရတဲ့ နေရာတွေမှာတောင်မှ သံသယနဲ့ ဖမ်းဆီးပြီးတော့ နှိပ်စက်မှုတွေရှိတယ်။ သေဆုံးသွားတဲ့လူတွေ ရှိတယ်။ အခုလိုမျိုး အင်တာနက်မရတဲ့ နေရာတွေမှာ ဒုက္ခမျိုးစုံ ဖြစ်နိုင်သလို၊ မှားယွင်းပစ်ခတ်မှုတာပဲဖြစ်ဖြစ် ပြည်သူတွေကို ဘယ်လိုနှိပ်စက်တယ်။ ဘယ်သူက ဘယ်လိုနှိပ်စက်တယ်ဆိုတဲ့အရာကို လုံးဝမသိနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ နောက်တခုက ပြည်သူများရဲ့ တကယ့်ဒီမိုကရေစီမှာ အခြေခံရပိုင်ခွင့်ကို ချိုးဖောက်တာဟာ ဒါက ဒီမိုကရေစီနဲ့ လုံးဝမကိုက်ညီသလို၊ ဒီမိုကရေစီ စံချိန်စံညွှန်းတွေကိုလည်း အားပျော့အောင်၊ ဒါမှမဟုတ် လုံးဝမရှိအောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ အင်တာနက် ဖြတ်တောက်ခြင်းဆိုတဲ့ စဉ်းစားပုံစဉ်းစားနည်းက လုံခြုံရေးအရ စဉ်းစားတာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲ စဉ်းစားစဉ်းစား လွဲမှားတဲ့ စဉ်းစားမှု ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့က ဒီအင်တာနက်ကို ဖြတ်တောက်ထားလို့ ဘယ်လောက်များ ငြိမ်းချမ်းရေးရနေသလဲဆိုတာကို မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG