သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှေ့နေဟောင်းသမ္မတ တရားစီရင်ရေးယိုယွင်းမှုကို ပြုပြင်နိုင်မလား


တိုက်ရိုက် လင့်ခ်

ဒီတပတ်မြန်မာ့အရေးဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ ဦဝင်းမြင့် သမ္မတဖြစ်လာတဲ့အတွက် အုပ်ချပ်ရေးယန္တရား ပိုပြီး ထိရောက် သွက်လက်လာမယ်လို့ တချို့တွက်ကြသလို၊ ဘယ်သူပဲ သမ္မတဖြစ်ဖြစ် ၂၀၀၈ ဖွဲ့စည်းပုံပါ ကန့်သတ်ချက်တွေကြောင့် သိပ်ထူးထူးခြားခြား တိုးတက်ပြောင်းလဲနိုင်မယ် မဟုတ်ဘူးလို့ သုံးသပ်သူတွေလည်း ရှိကြပါတယ်။ ဦးဝင်းမြင့်ဟာ ရှေ့နေတဦးဖြစ်ခဲ့လေတော့ လူပြောသူပြောများနေတဲ့ တရားစီရင်ရေးစနစ်ကိုကော ပြုပြင်နိုင်မယ့် အခြေအနေ ရှိပါသလား။ လူအခွင့်အရေး ရှေ့နေကြီးဦးသိန်းသန်းဦးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ ဦးစွာ ဦးသိန်းသန်းဦး သုံးသပ်ချက်က

ဖြေ ။ ။ ၂၀၀၈ အခြေခံဥပဒေအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်နဲ့ ကျန်တဲ့အဆင့်တွေမှာ တရားသူကြီးကို impeach ပြစ်တင်ရှုတ်ချပြီး ဖြုတ်နိုင်တဲ့ အခွင့်အဏာက လွှတ်တော်မှာရှိတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဆိုရင် သုံးပုံတပုံ၊ ကျန်တဲ့နေရာတွေက လေးပုံတပုံဆိုတော့ အဲဒီ ပါဝါတွေက ဘယ်သူ့လက်ထဲရှိသလဲဆိုတော့ နေရာအားလုံးမှာ တပ်မတော်က ကိုယ်စားလှယ် လေးပုံတပုံ ပါနေသေးတယ်အခါကြတော့ ကျနော်တို့ တရားစီရင်ရေးဘက်မှာတော့ စစ်တပ်ဘက်က သဘောတူဖို့ လိုနေတယ်။ အဟန့်အတားတခု ဖြစ်နေတယ်လို့ ကျနော်တို့ ပြောရမှာပါ။

မေး ။ ။ အဲဒီတော့ တရားသူကြီးသည်သာလျှင် အဓိက ပြစ်တင်စရာ အားနည်းချက် ဖြစ်နေသလား။ အခု တရားစီရင်ရေးစနစ်မှာ။ တရားသူကြီးအဆင့် မဟုတ်ဘဲနဲ့ တခြားအဆင့်တွေ၊ ကဏ္ဍတွေက ဘယ်လို ယိုယွင်းမှုတွေ ရှိနေပါလဲ။

ဖြေ ။ ။ တရားရုံးတခုထဲ အပြစ်တင်လို့ မရပါဘူး။ တရားစီရင်ရေးမှာ တရားစွဲအဖွဲ့အစည်းတွေရှိတယ်။ ကြေအေးရှိတယ်။ တရားစွဲတဲ့ ရှေ့နေချုပ်ရုံးရှိတယ်။ နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှိတယ်။ အဲဒီဟာတွေ အကုန်လုံးကလည်း စစ်တပ်ရဲ့ လက်အောက်ခံတွေ ဖြစ်နေတော့ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုမှာတော့ တရားရုံးတခုတည်းကိုပြောလို့ လုံလောက်မယ် မဟုတ်ပါဘူး။

မေး ။ ။ အဲဒီလိုဆိုတော့ အဲဒီအဖွဲ့အစည်းတွေကို အရေးယူမယ်ဆိုရင်ကော ဥပဒေအရ တားမြစ်ထားတာ ရှိပါသလား။ သို့တည်းမဟုတ် အဲဒီမှာ စစ်တပ်ရဲ့ အရှိန်အဝါကိုပဲ ငဲ့ရသလား။

ဖြေ ။ ။ ရှေ့နေချုပ်ကလည်း အတူတူပဲ။ ရှေ့နေချုပ်ရုံးကလူတွေကို Impeachment လုပ်ရင်လဲ လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ ပါဝါ အာဏာပေးထားတော့ အခုနလို လေးပုံတပုံ၊ သုံးပုံတပုံဆိုတော့ သူတို့က သုံးပုံတပုံပါပြီသာ ဖြစ်တယ်ဆိုတော့ သူတို့မကြိုက်တဲ့ တရားသူကြီးတွေ၊ ရှေ့နေချုပ်ရုံးက ပုဂ္ဂိုလ်များဟာ ဆက်လက်ရပ်တည်ဖို့ ခက်ခဲပါတယ်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကလည်း ဥပဒေသဘောအရတော့ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိပြီး၊ သမ္မတအောက်မှာ မရှိတဲ့အတွက် ထိန်းချုပ်ဖို့ ခက်ခဲတဲ့နေရာဖြစ်တယ်။ ရဲလည်း အတူတူပဲ။ အဲဒီတော့ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှု ပြောတဲ့အခါမှာ တရားသူကြီးတွေကိုပဲ အပြစ်ရှိတယ်လို့ ပြောရင် တရားမျှတမှု မရှိပါဘူး။ အကုန်လုံးခြုံ ပြောရမှာပါ။

မေး ။ ။ ဖွဲ့စည်းပုံအရ လွှတ်တော်ဥပဒေပြု အာဏာအဆင့်ဆင့်မှာ စစ်တပ်က လေးပုံတပုံ ရရှိထားတယ်ဆိုတော့လဲ ဒီတရားသူကြီးတွေကို ပြစ်တင်ရှုတ်ချပြီးတော့ အရေးယူမယ့် ကိစ္စမှာ လွှတ်တော်အဆင့်ဆင့်က မဲ ဘယ်လောက်ရရမယ်လို့ သတ်မှတ်ထားလဲ။ ဒါကို Simple majority နဲ့ ဒီကိစ္စတွေကို ဆုံးဖြတ်လို့ မရဘူးလား။

ဖြေ ။ ။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတွေကို Impeach လုပ်မယ်ဆိုရင် သုံးပုံတပုံ တောင်းဆိုရမယ်။ ပြီးနောက် Majority ဆုံးဖြတ်မှာပေါ့။ နောက် ဒုတိယအဆင့်က တိုင်းနဲ့ပြည်နယ် လုံလောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိတယ်။ ရှိတော့ ဒီအခွင့်အာဏာကို သုံးပြီးတော့ ဒီမိုကရေစီ လိုလားတဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးကိုဖြစ်စေ၊ ရှေ့နေချုပ်ကို တင်သွင်းလာရင် သူတို့က ဒီဟာနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်မှာ အခြေအတင် တင်လာနိုင်တဲ့ အနေအထား ရှိတယ်။ အဲဒီ အခွင့်အလမ်းကို ပြောတာပါ။

မေး ။ ။ ဆိုတော့ အရင်တုန်းကရော ဒီကိစ္စကို စိန်ခေါ်ခဲ့တာ၊ Challenge လုပ်ကြည့်ခဲ့တာများ ပေါ်ပေါက်ခဲ့ဖူးပါသလား။

ဖြေ ။ ။ ကျနော် သိသလောက်တော့ မရှိဘူး။ မရှိဘူးဆိုတာ ကျနော်တို့ တရားစီရင်ရေးစနစ် ၂၀၁၀ ပြည်ထောင်စု တရားစီရင်ရေးစနစ်ကြီးက ပေါ်ပေါက်လာတယ်။ အဲဒါကလဲ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာမှ စတင်ပြီးတော့ ဖွဲ့စည်းပုံအခြေခံ အသက်ဝင်ပြီးတော့ တည်ဆောက်ထားတာ။ အဲဒီလို ပြုပြင်ပြောင်းလဲလာတဲ့အခါကြတော့ သမ္မတနဲ့ တိုင်ပင်ပြီးတော့ ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးချုပ်ကို ခန့်တယ်။ ပြီးတဲ့အခါ သက်ဆိုင်ရာ တရားသူကြီးတွေကို ခန့်တယ်။ ခန့်ပြီးတဲ့အခါမှာ တိုင်းနဲ့ပြည်နယ်အသီးသီးကိုလည်း သမ္မတနဲ့ တိုင်ပင်ပြီးတော့ အသီးသီးခန့်ကြတယ်ဆိုတော့ သမ္မတဆီမှာ အခွင့်အာဏာတော့ အပ်နှင်းထားတာရှိတယ်။ သို့သော်လဲ juridical အရ ဥပဒေသဘောအရ အုပ်ချုပ်ရေးအာဏာက ဝင်ရောက်စွက်ဖက်နိုင်တဲ့ အနေအထား မရှိဘူး။ မရှိတဲ့အခါကြတော့ အခုလဲပဲ သူတို့က Institution တခုအနေနဲ့ ရပ်တည်နေတဲ့ အနေအထားမျိုးတော့ ဖြစ်နေတယ်။

မေး ။ ။ ကျနော် အဓိက ဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ အခု သမ္မတသစ်က သူကိုယ်တိုင်လည်း ဥပဒေသမားက လာခဲ့တဲ့လူ ဖြစ်တယ်။ ဆိုတော့ တရားစီရင်ရေးလောက က တော်တော်လေး နာမည်ပျက်နေတယ်လို့ ပြောရင် မှားမယ် မဟုတ်ပါဘူး။ ဆရာတို့ ပိုအသိဆုံးပေါ့။ အဲဒါကို ပြုပြင်နိုင်တဲ့ အခွင့်အလမ်း ဘယ်လောက်အထရှိမလဲ။ သမ္မတအသစ်အနေနဲ့ အဲဒါကို ကျနော်က အဓိက ဆွေးနွေးချင်တာပါ။ တရားသူကြီးတွေ၊ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်တွေကို အရေးယူဖို့ဆိုတာ အတော်လေး ခဲယဉ်းတယ်။ သို့ပေမဲ့ အောက်ခြေလက်တွေ့ ဖြစ်နေတဲ့နေရာမှာ ပြုပြင်ပြောင်းလဲရေး လုပ်နိုင်မယ့် အလားအလာ မရှိဘူးလား။

ဖြေ ။ ။ ကျနော် မြင်တာတော့ မျှော်လင့်တယ်။ ဦးဝင်းမြင့်က ရှေ့နေတယောက်အနေနဲ့ သမ္မတ ဖြစ်လာတဲ့ အနေအထား။ နောက်တခါ တရားစီရင်ရေးကို ပွင့်ပွင့်လင်းလင်း ပြောရရင် အခု အစိုးရသစ်လက်ထက် တည်ဆောက်လာပြီးတော့ (၂) နှစ်အကြာမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကလည်း မဟာဗျူဟာစီမံချက်တွေ ဖော်ဆောင်ပြီးတော့ သူတို့ဘက်ကလည်း ပြုပြင်ပြောင်းလဲလာဖို့ ကြိုးစားတာကို တွေ့ရတယ်။ မူလလို စစ်အာဏာရှင်စနစ်ကို ကာကွယ်တဲ့ တရားရုံးမျိုး မဟုတ်ဘဲနဲ့ အသစ်ပေါ်ပေါက်လာတဲ့ ပြည်သူလူထု အစိုးရအောက်မှာ တရားစီရင်ရေးကို အတတ်နိုင်ဆုံး ပြောင်းမယ်။ သူတို့ နာမည်ပျက်ခဲ့တာတွေလည်း အဖက်ဆယ်မယ်။ အများကြီး ကြိုးစားနေတာတော့ ရှေ့နေချုပ်ရုံးလည်းပါပါတယ်။ ဒါပေမဲ့ အခုန တရားဥပဒေ ထိန်းသိမ်းစောင့်ရှောက်တဲ့ ရဲ၊ ပြည်ထဲရေးဘက်ကတော့ အချိန်နဲ့တပြေညီ ပေါ်ပေါက်လာတာ မရှိသေးဘူး။ သမ္မတအနေနဲ့တော့ ကျနော်ထင်တယ် ပြည်ထောင်စုရှေ့နေရုံးကနေ လုပ်လိုက်တဲ့ Union Coordinating Body – UCB တရားမျှတမှုနဲ့ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ပေါ်ပေါက်လာတဲ့အပေါ်မှာ ဌာနအသီးသီးနဲ့ စုဆောင်းတာတော့ တကယ်လို့သာ အဲဒီအစီအစဉ်ကို စစ်စစ်မှန်မှန် အကောင်အထည် ဖော်နိုင်ရင်၊ အဲဒီ UCB အဖွဲ့ကြီး တဖွဲ့လုံးဟာ တရားစီရင်ရေးကို စောင့်ကြည်ကြည့်ရှုတဲ့ ထိန်းကွပ်တဲ့ အဖွဲ့ကြီး ဖြစ်လာလိမ့်မယ်။ အဲဒါဆိုရင်တော့ အခြေအနေ အများကြီး ကောင်းလာမယ်လို့ မျှော်လင့်တယ်။

မေး ။ ။ အဲဒါ ဘယ်အချိန်လောက် လက်တွေ့အကောင်အထည်ဖော်လာမယ်လို့ ယူဆပါလဲ။

ဖြေ ။ ။ ပြီးခဲ့တဲ့လထဲမှာပဲ ကျနော်တို့ National Justice Conference အမျိုးသားတရားစီရင်ရေးဆိုင်ရာ ကွန့်ဖရန်ကြီးတခုမှာ အားလုံးပါတဲ့ ဆွေးနွေးပွဲတခု လုပ်ကြတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ပါတယ်။ နောက်တခါ အဂတိလိုက်စားမှုကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲ စတဲ့ အဆင့်ဆင့် အဲဒါတွေ စုဆောင်းပြီးတော့ အခုပေါ်ပေါက်လာတဲ့ စီးပွားရေး၊ လူမှုရေးအခြေခံ အုတ်မြစ်တွေနဲ့ လိုက်လျောညီထွေတဲ့ တရားစီရင်ရေးစနစ်တခု၊ တရားမျှတမှု စီမံကိန်းတခု ဖော်ဆောင်ဖို့ဆိုပြီး ဝိုင်းညှိနေကြတာရှိတယ်။ ဒါက ပထမအဆင့် ခြေလှမ်းကို ကျနော်တို့ ကြိုဆိုရမယ့်ခြေလှမ်း ဖြစ်တယ်။ ကျန်တာကတော့ ရှေ့ဆက်ပြီးတော့ အကောင်အထည်ဖော်ရမယ်။ အဲဒီလို ကြည့်တဲ့အခါမှာ လက်တွေ့မြင်တွေ့နေရတာတော့ တရားရုံးချုပ်၊ ရှေ့နေချုပ်ရုံးတို့က စိတ်ပါလက်ပါ ပါနေပေမယ့် ရဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ကတော့ လှိုက်လှိုက်လဲလဲ ပါဝင်ပူးပေါင်းတာကို မတွေ့ရတဲ့အတွက် အချိန်ကတော့ အထိုက်အသင့် ကြာအုံးမယ်လို့ ကျနော်တို့ ထင်ရတယ်။

မေး ။ ။ ရဲ၊ ထွေအုပ်တို့ကို သမ္မတအနေနဲ့ တိုက်ရိုက်အမိန့်ပေးပြီးတော့ ညွှန်ကြားကိုင်တွယ်နိုင်မယ့် အခြေအနေ မရှိသေးဘူးလား။

ဖြေ ။ ။ အမှန်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရဲ၊ ထွေအုပ်တို့က ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်လုံခြုံရေးဝန်ကြီးတွေကို ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းရမယ်။ သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းပြည်ရဲ့ အထွတ်အထိပ်ပုဂ္ဂိုလ် ဖြစ်တယ်။ အဲဒီတော့ ဒီဌာနတွေကိုလည်း အမိန့်ပေးခွင့်ရှိတယ်။ ဒါက သေချာတယ်။ ကျနော်တို့က တက်လာတဲ့ သမ္မတဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ အခွင့်အရေးတွေကို သုံးပြီးတော့ ဘယ်လောက် သတ္တိဗျတ္တိ အမြော်အမြင်ရှိရှိနဲ့ လုပ်နိုင်တဲ့ပေါ် တည်တယ်လို့ ကျနော်ထင်တယ်။

မေး ။ ။ ဆရာတို့ အဲဒီလို မျှော်လင့်ပါသလား။

ဖြေ ။ ။ ကျနော် မျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးဝင်းမြင့်က ရှေ့နေတယောက် ဖြစ်ခဲ့တယ်။ သူကိုယ်တိုင် ထောင်တွေအကြိမ်ကြိမ်ကျတယ်။ လိုင်စင်အသိမ်းခံရတယ်။ ကျနော်တို့ ရှေ့နေတယောက်အနေနဲ့ Bar Council ဥပဒေကြီးက အလွန်ဆိုးတဲ့ စစ်ဘားကောင်စီဥပဒေကြီး ဖြစ်တယ်။ ရှေ့နေတွေကို ဖိနှိပ်ချုပ်ချယ်ဖို့အတွက် ၁၉၈၉ ခုနှစ်မှာ ဒုတိယစစ်အာဏာရှင်တွေက နဝတ စစ်အာဏာရှင်လက်ထက်မှာ အမျိုးမျိုးနဲ့ ကျနော်တို့ ရှေ့နေတွေကို အပြစ်ပေးအရေးယူဖို့ ဒီ ဘားကောင်စီကို ဖွဲ့ခဲ့တာ။ အဲဒီဥပဒေကြီးရဲ့ ဒဏ်ကို သူလည်းခံခဲ့ရတယ်။ အခုအချိန်အထိ သမ္မတဦးဝင်းမြင့်၊ ဒေါ်ခင်စန်းလှိုင်တို့ ဗိုလ်ချုပ်ကြီးတင်ဦး ဘယ်သူမှ လိုင်စင်မရသေးဘူး။ ကျနော်တို့သာ လိုင်စင်ပြန်ရခဲ့တာ။ အဲဒီလို တရားမျှတမှု ကင်းမဲ့တဲ့ ဥပဒေတွေကို ဖျက်သိမ်းဖို့က သူ သိတယ်။ သမ္မတဦးထင်ကျော်ထက် သူက ပိုသိနီးစပ်တယ်။ အဲဒီတော့ တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ အပိုင်းတွေကို သူက ပိုနားလည်မယ်။ ကျနော်ကတော့ သမ္မတကြီးဦးဝင်းမြင့်လက်ထက်မှာ တည်တည်ကြည်ကြည်၊ တည်တည်ငြိမ်ငြိမ်နဲ့ ရန်ငြိုရန်စ မလိုပါဘူး။ ဖြစ်ခဲ့တာဟာတွေ အကုန်လုံး မေ့နိုင်ပါတယ်။ အဲဒီအပေါ်မှာ တိုင်းပြည်ကောင်းကျိုးအတွက် ပိုပြီးတော့ လုပ်ဆောင်နိုင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။

မေး ။ ။ နောက်တခုက မြန်မာနိုင်ငံမှာ တချို့လက်သည်မပေါ်တဲ့ အမှုတွေ၊ နောက်က လက်မည်းကြီးတွေ ပါဝင်ပတ်သက်နေတယ်လို့ လူတွေ ပြောနေကြတဲ့ အမှုတွေလည်း ရှိပါတယ်။ အဲဒီလို အမှုမျိုးအတွက် ဘယ်လိုအခြေအနေ ရှိလာနိုင်မလဲ။ ဥပမာအားဖြင့် ဦးကိုနီလုပ်ကြံတဲ့အမှုမျိုး ဆိုပါတော့။

ဖြေ ။ ။ ကျနော်တို့က အဲဒါတွေကို ခြုံပြောရမှာပါ။ အဲဒါတွေမှာ လက်မည်းကြီးနဲ့ လက်အမျိုးမျိုး မြင်တွေ့နေရတယ်။ ဦးကိုနီအမှုလည်း ကျနော်တို့ မျက်ခြေမပျက် စောင့်ကြည့်နေတယ်။ ဒီမှာ ပြောရလို့ရှိရင် အခုလက်ရှိ မျက်မှောက်အခြေအနေမှာတော့ တရားစီရင်ရေး မျှတမှုကို ကျနော်တို့ တင်းပြည့်ကျပ်ပြည့် မရနိုင်သေးပါဘူး။ ဥပမာအားဖြင့် ကျနော် လိုက်ပါစောင့်ရွက်နေတဲ့ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုတွေမှာဆိုရင် ပြည်ထဲရေးက တရားလိုလုပ်တယ်။ သမ္မတရဲ့ ညွှန်ကြားချက်နဲ့ ရဲက တရားလိုလုပ်ဆွဲတဲ့ နိုင်ငံတော်ပုန်ကန်မှုတွေမှာ ဥပဒေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်တဲ့ ကိစ္စတွေကို တရားရုံးတွေက မျက်စိမှိတ်နေရတာ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထဲရေးက တရားလိုလုပ်ထားတာကြောင့် ဖြစ်တယ်။

မေး ။ ။ ပြည်ထဲရေးက တရားလိုလုပ်ပေမယ့် သမ္မတရဲ့ ညွှန်ကြားချက်နဲ့လို့ ဆရာပြောတယ်နော်။ သမ္မတရဲ့ ညွှန်ကြားချက်အရ ပြည်ထဲရေးက တရားလိုလုပ်ထားတယ် ဟုတ်တယ်နော်။

ဖြေ ။ ။ အရင်အစိုးရပါ။ အရင်သမ္မတကြီး ဦးသိန်းစိန်လက်ထက်ကနေ ညွှန်ကြားချက်အရ အကြမ်းဖက်မှုတို့၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့ တရားစွဲခံရတဲ့ အမှုတွေမှာ ကျနော်တို့ လုံးဝတရားမျှတမှု မရပါဘူး။ ဥပမာအားဖြင့် ဥပဒေက တားမြစ်ထားတဲ့ ရာဇဝတ်ကျင့်ထုံးမှု ဥပဒေပုဒ်မ ၁၆၂ - ဆိုတာ ရှိတယ်။ ရဲထွက်ဆိုချက်က တရားရုံးမှာ သက်သေခံလုံးဝမဝင်ဘူး။ ဒီသက်သေကို တိုက်ဆိုင်စစ်ဆေးမှုကလွဲပြီး သုံးလို့မရဘူး။ ဒါပေမဲ့ အဲဒီနိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုတွေမှာ တရားခံကို ရဲနဲ့ စစ်ထောက်လှမ်းရေးက စစ်ကြောထားတဲ့ စာမျက်နှာတွေ မြောက်မြားစွာတွက်ဆိုချက်တွေ၊ တနည်းအားဖြင့် ရဲထံဖြောင့်ချက်တွေကို တရားရုံးတွေမှာ သက်သေခံအဖြစ် တင်သွင်းပြီးတော့ အဲဒါတွေကို ကျနော်တို့ ကန့်ကွက်တဲ့အခါမှာလည်း ဘယ်တော့မှ မအောင်မြင်နိုင်ဘဲနဲ့ ဆက်ရှိနေတာက တရားဥပဒေ စိုးမိုးမှုအပိုင်းမှာ အင်မတန်ရုပ်ဆိုးတဲ့ အပိုင်းကြီးအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်တယ်လို့ ကျနော်အနေနဲ့ ပြောရမှာပါ။

မေး ။ ။ ရဲမှာပေးတဲ့ ဖြောင့်ချက်က သက်သေခံမဝင်ဘူးဆိုတဲ့ ကိစ္စမျိုးကို တရားဝင်လောလောဆယ်မှာ ကျင့်သုံးနေတယ်ဆိုတော့ ဥပဒေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာပေါ့။ အဲဒါမျိုးတွေကြတော့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တို့က စစ်တပ်တို့ ဘာတို့နဲ့ ဘယ်သူနဲ့မှ ညှိနှိုင်းစရာ မလိုဘဲနဲ့ သမ္မတအနေနဲ့ အမိန့်ထုတ်ပြီး ပြင်နိုင်တဲ့ အခြေအနေရှိလား။

ဖြေ ။ ။ သမ္မတကတော့ တိုင်းပြည်ရဲ့ အထွပ်အထိပ် ပုဂ္ဂိုလ် ဖြစ်တယ်။ အားလုံးကို သုံးသပ်နိုင်တဲ့ အနေအထားတွေ ရှိပါတယ်။ တရားရုံးတွေကို သမ္မတကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ အခွင့်အာဏာကို သုံးပြီးတော့ အကာအကွယ်ပေးမယ်။ ဥပဒေနဲ့အညီ ဆုံးဖြတ်ပါဆိုရင်တော့ ဖြစ်ပါတယ်။

XS
SM
MD
LG