သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငြိမ်းချမ်းရေး တံလျှပ်


Myanmar NCA
Myanmar NCA
မြန်မာ့ငြိမ်းချမ်းရေး တံလျှပ်
please wait

No media source currently available

0:00 0:10:46 0:00
တိုက်ရိုက် လင့်ခ်





















===ZawGyi===

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကော်မီတီတွေ၊ အဖွဲ့အစည်းတွေ လုပ်ငန်းစဉ်အဆင့်ဆင့်တွေအကြောင်း သာမန်ပြည်သူတွေ နားရှုပ်အောင် ကြားနေရပေမယ့် ငြိမ်းချမ်းရေးကတော့ အကောင်အထည် ပေါ်မလာသေးပါဘူး။ ငြိမ်းချမ်းရေးကို တောင့်တရင်း ကွယ်လွန်သွားခဲ့တဲ့ မျိုးဆက်တွေ၊ အရွယ်မတိုင်ခင် အသက်ဆုံးရှုံး သွားခဲ့ရသူတွေလဲ များခဲ့ပါပြီ။ ဒါပေမဲ့ မြန်မာ့ငြိမ်းချမ်းရေးဟာ လက်တွေ့ဖြစ်မလာနိုင်တာ ဘာကြောင့်ပါလဲ၊ မြန်မာ့အရေးသုံးသပ်သူ ဦးမောင်မောင်စိုးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအလားအလာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးချင်တာ ဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို ကျနော် ရွေးလိုက်တာကတော့ ဒီတစ်ရက်၊ နှစ်ရက်အတွင်းမှာပဲ RCSS/SSA က ပြုလုပ်တဲ့ အခမ်းအနားတခုမှာ တပ်မတော်ဘက်က ထိပ်တန်း ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့တယ်။ နောက်ပြီးတော့ သဝဏ်လွှာပေးတာတွေကလည်း အလားအလာကောင်းတယ်ဆိုပြီးတော့ မီဒီယာတချို့မှာ တွေ့ရပါတယ်။ ဆိုတော့ သူတို့က ဒါကို အကောင်းသဘောနဲ့ ယူဆကြတယ်။ မျှော်လင့်ကြတယ် တွေ့ရလို့ ကောင်းတဲ့သတင်း ကြားရလိမ့်မယ်ဆိုပြီးတော့ ဆရာကို ဆက်သွယ်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာကြတော့ RCSS/SSA နဲ့လည်း တိုက်ပွဲတွေ ဖြစ်တယ်ဆိုပြီးတော့ ကြားရပြန်တယ်။ ရုတ်တရက် ဘယ်လိုဖြစ်သွားတာလဲ။ အဲဒါလေးကို နည်းနည်းရှင်းပြပေးပါ။

ဖြေ ။ ။ မနှစ်ကတည်းက အထစ်အငေါ့လေး တစ်ခါတော့ ဖြစ်တယ်။ ဗိုလ်ချုပ်ကြီးစိုင်းယွက်ဆစ်ရဲ့ ခရီးလမ်းကြောင်းကိုပိတ်လို့။ ဒါပေမဲ့ နောက်ပိုင်းမှာ ဆွေးနွေးပြေလည်ပြီးတော့ ဇန်နဝါရီလ (၈) ရက်နေ့မှာတော့ -လုပ်ဖြစ်တယ်။ နောက် ဖေဖေါ်ဝါရီလ (၇) ရက်နေ့မှာ ကျင်းပတဲ့ ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို တပ်မတော်ဘက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် သဝဏ်လွှာပို့တာတွေ၊ ထိပ်တန်းခေါင်းဆောင်တွေ တက်တာတွေ လုပ်တာကြောင့် တော်တော်ကောင်းတယ်လို့ မြင်နေကြတယ်။ အဲဒါကတော့ တပိုင်းပေါ့။ ဒါပေမဲ့ အခုရက်ပိုင်းမှာ
--- ဒေသမှာ အစိုးရတပ်ဖွဲ့က အကြောင်းကြားတာကတော့ နယ်မြေရှင်းလင်းရေးလုပ်တာ၊ ဖယ်ခိုင်းတာ မဖယ်လို့ ပြောပါတယ်။ RCSS ကတော့ သူတို့နယ်မြေလို့ ပြောတယ်။ ဒီပြဿနာမှာ ဖြစ်နေတဲ့ပြဿနာက ဘာလဲဆိုတော့ RCSS နဲ့ တပ်မတော်တို့ကြားမှာ ငြိ့နေတဲ့အချက်က ဘာလဲဆိုတော့ bilateral ရေးထိုးထားတယ်ဆိုပေမယ့် တပ်နေရာချထားရေးနဲ့ ပတ်သက်ပြီးတော့ တဘက်နဲ့တဘက် ပြေပြေလည်လည် မရှိကြဘူး။
တပ်မတော်က တပ်နေရာချထားရေးကို --- နဲ့ မုံးထနယ်မြေ ရှမ်းပြည်ထိုင်းနယ်စပ်မှာ အသိအမှတ်ပြုထားတဲ့ ရှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့နယ်ထဲမှာရှိတဲ့ RCSS တပ်တွေကို အသိအမှတ်မပြုထားဘူး။ ဒါကြောင့်မို့လို့လဲ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်တယ်လို့ ဆိုရမှာ။ ဒါပေမဲ့ ဒီရက်ပိုင်းအတွင်းမှာ ဆွေးနွေးပွဲလုပ်တဲ့အခါမှာတော့ ဒီလိုလက်နက်ကိုင် ပဋိပက္ခအသေးအဖွဲ့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖျက်မှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးကိုတော့ ဆက်သွားမယ်လို့ RCSS ဥက္ကဋ္ဌက ပြောတာကို တွေ့ရပါတယ်။

မေး ။ ။ အဲဒီတော့ အခုဖြစ်နေတာက အထက်မှာ ခေါင်းဆောင်လုပ်နေတဲ့ တပ်ချုပ်ကိုယ်တိုင်က သဝဏ်လွှာပို့ပြီးတော့ ချစ်ကြည်တဲ့အမူအရာ၊ ရင်းနှီးတဲ့အပြုအမှုတွေ ပြနေပေမယ့် အောက်ဘက်မှာ ဖြစ်နေတာကို သူက မထိန်းချုပ်နိုင်တာလား။ အခြေအနေမသိတာလားဆိုတာကို မေးစရာ ဖြစ်နေတာပေါ့။

ဖြေ ။ ။ ကျနော်ကတော့ အဲဒီလိုတော့ မထင်ဘူး။ တပ်ချုပ်က အခြေအနေမပေးတာမျိုးတော့ သုံးသပ်လို့မရဘူး။ ကျနော် အခုနပြောသလို တပ်မတော်နဲ့ RCSS ကြားမှာ bilateral ရေးထိုးထားပြီးတဲ့နောက် တပ်နေရာချထားရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု မပြတ်သေးတာ။

မေး ။ ။ အဲဒီတော့ ငြိမ်းချမ်းရေးကို တကယ်လိုချင်တဲ့ Political Will ရှိတယ်ဆိုရင် အဲဒါဟာ သိပ်ကြီးကျယ်တဲ့ကိစ္စတခု မဟုတ်ဘူးပေါ့။

ဖြေ ။ ။ အဲဒါတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အထစ်အငေါ့ ဖြစ်စေတာတော့ အမှန်ပါပဲ။ တဘက်ဘက်က ကိုယ့်သဘောထားအတိုင်း တဘက်ကို နာခံမလိုက်တဲ့အတွက်ကြောင့်မို့ ဒီကိစ္စမျိုးတွေ ဖြစ်လာတာလို့ပဲ ပြောရမှာပါ။

မေး ။ ။ အကုန်လုံး ငြိမ်းချမ်းရေးအလားအလာ လွှမ်းခြုံကြည့်မယ်ဆိုရင် တခြားဒေသတွေမှာ အထူးသဖြင့် ရခိုင်နဲ့ ဖြစ်နေတဲ့ကိစ္စတွေကော အခြေအနေ တော်တော်ဆိုးနေတယ်လို့ ကြားရပါတယ်။ အဲဒီမှာ သူတို့နှစ်ဘက် စေ့စပ်ညှိနှိုင်းပြီးတော့ နိုင်ငံရေးအားဖြင့် အဖြေရှာနိုင်မယ့်လမ်းကော ရှိပါရဲ့လား။ အဲဒီလို အဖြေမရှာရင် ဒီလိုတိုက်နေရတဲ့အတွက် တဘက်ဘက်ရဲ့ ရည်မှန်းချက်က ပေါက်မြောက်အောင်မြင်နိုင်မယ့် အလားအလာ ရှိပါသလား။

ဖြေ ။ ။ လောလောဆယ်မှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ NCA ထိုးထားတဲ့ EAO တွေ၊ အခုနပြောတဲ့ RCSS/SSA, KNU တို့အပါအဝင် အဖွဲ့ (၁၀) ဖွဲ့နဲ့ ပတ်သက်ပါတယ်။ ဒီအဖွဲ့တွေ (၁၀) ဖွဲ့ကတော့ မတ်လ (၁၀) ရက် (၁၁) ရက်လောက်မှာ UDPC နဲ့ JMC ကျင်းပဖို့ လုပ်နေတယ်။ ပြီးနောက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ပြီးတော့ စတုတ္ထအကြိမ် ညီလာခံခေါ်မယ်။ နောက်ပြီးတော့ Union Accord ပြည်ထောင်စုသဘောတူညီချက် အမှတ် (၃) ဖြစ်အောင် ထိုးမယ်ဆိုတဲ့ လုပ်ငန်းမျိုးတွေတော့ ရှိတယ်။ အခုတော့ မတ်လထဲရောက်နေပြီဆိုတော့ အချိန်တော့ အကန့်အသတ်ရှိနေတော့ ဒါကိုတော့ ကြိုးစားနေကြတယ်။ ဆိုလိုတာက နောက်ရွေးကောက်ပွဲလာမယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က မလုပ်နိုင်တော့ဘူး။ ဒါ့အပြင် ၂၀၂၁ မှာ အစိုးရသစ်တက်မယ်ဆိုရင် အစိုးရသစ်လက်ထဲကို NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကို လွှဲပြောင်းပေးဖို့ဆိုတဲ့ အပိုင်းကို ကြိုးစားနေကြတာ ဒါကအပိုင်းတပိုင်း ဖြစ်ပါတယ်။

နောက် NCA လက်မှတ်မထိုးထားတဲ့ မြောက်ပိုင်းက အဖွဲ့ (၇) ဖွဲ့နဲ့ KNPP နဲ့ပေါင်း ရှစ်ဖွဲ့ ရှိတယ်။ ဒီအဖွဲ့တွေ လက်မှတ်ထိုးဖို့ကတော့ လောလောဆယ် အရေးယူလုပ်သင့်ပါတယ်။ အဲဒီ NCA လက်မှတ်မထိုးသေးတဲ့ ရှစ်ဖွဲ့ထဲမှာ ဝ၊ မိုင်းလား၊ SSPP, KNPP (၄) ဖွဲ့ကတော့ လက်မှတ်ထိုးပြီသာပါ။ တကယ်တမ်း လက်မှတ်မထိုးရသေးတာ AA, KIA, TNLA ကိုးကန့် -- တို့ လက်မှတ်မထိုးရသေးပါဘူး။ မနှစ်က ၂၀၁၉ ခုနှစ်မှာ သူတို့နဲ့ ခြောက်ကြိမ်တွေ့ခဲ့ပေမယ့် ဘာမှသေချာတဲ့အဖြေ မရခဲ့ပါဘူး။ အခု ဇန်နဝါရီ၊ ဖေဖေါ်ဝါရီမှာတွေ့ဖို့ တရုတ်ပြည်ကကြားက စေ့စပ်ဆွေးနွေးပေးပြီး ချိန်းပေးမယ့် တရုတ်ပြည်မှာ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီလတွေမှာ ကိုရိုနားဗိုင်းရပ်စ်ကြောင့် တွေ့ဖို့မဖြစ်နိုင်ခဲ့ဘူး။ မတ်လထဲမှာ တွေ့မယ်မတွေ့နိုင်ဘူးဆိုတာလဲ မပြောနိုင်ဘူး။ ဒါ့အပြင် အခုနပြောသလိုပဲ ရခိုင်မှာတော့ တိုက်ပွဲတွေက တောက်လျှောက်ပြင်းထန်နေတယ်။ ဘူးသီးတောင်၊ ရသေ့တောင်ဒေသတွေ၊ ကျောက်တော်၊ ပလက်ဝ -- မင်းပြား၊ မြေပုံတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ နေနေသာသာ စစ်ပွဲတွေ ရပ်ဖို့တောင် အခက်အခဲ ရှိလိမ့်မယ်ထင်ပါတယ်။

မေး ။ ။ အခု တချို့ကပြောနေကြတယ်။ ဒီလူတွေက ရွေးကောက်ပွဲ နီးလာတဲ့အတွက်ကြောင့် လုပ်ပြတာဆိုတဲ့ သဘောမျိုး။ တကယ်တမ်း သူတို့ကိုယ်တိုင်က သူုတို့လုပ်ငန်းကို သူတို့ Confidence မရှိဘဲ လုပ်နေကြတယ်ဆိုတဲ့ သဘောမျိုး ပြောကြပါတယ်။ အဲဒီကိစ္စကို ဆရာ ဘယ်လိုသုံးသပ်လိုပါလဲ။ အဲဒါ ဘယ်လောက်မှန်နိုင်ပါသလဲ။ ဖြစ်နိုင်ပါသလား။

ဖြေ ။ ။ အခုအချိန်ကတော့ အခုန ကျနော်ပြောခဲ့သလိုပဲ စတုတ္ထအကြိမ် အမျိုးသားညီလာခံ ကျင်းပဖို့အတွက်ကတော့ EAO ဘက်ကရော၊ NRPC ဘက်ကရော နည်းနည်းတွန်းတွန်းတိုက်တိုက်တော့ ရှိတယ်။ စတုတ္ထအကြိမ် ဆုံးဖြတ်ချက်ကို နောက်အစိုးရဆီ သယ်ချင်တာပဲ။ ဒါကြောင့်မို့ စတုတ္ထအကြိမ် ညီလာခံ ဖြစ်ကောင်းဖြစ်နိုင်ချေတော့ ရှိပါတယ်။ ဒါပေမဲ့ ဖယ်ဒရယ်နဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေ ရေရေရာရာ ရဖို့တော့ ခဲယဉ်းလိမ့်မယ်။ နောက်အစိုးရကို carry လုပ်ဖို့အတွက်လောက်ပဲ သူတို့ ကြိုးစားနေတယ်လို့ပဲ ထင်ပါတယ်။ အခုနပြောတဲ့ AA အပါအဝင် အခြားအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲဖို့ကတော့ အလှမ်းဝေးနေအုံးမယ်လို့ ထင်ပါတယ်။

မေး ။ ။ နောက်သုံးသပ်သူတချို့က အခု ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ NLD အစိုးရလက်ထက်မှာ အရွေ့နည်းလာတယ်။ အဲဒီမတိုင်မီ ဦးသိန်းစိန်အစိုးရလက်ထက်မှာတုန်းက ပိုပြီးတော့ ထိရောက်မှု ရှိခဲ့တယ်ဆိုပြီးတော့ ဦးသိန်းစိန်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို credit ပေးကြတယ်။ ပိုပြီးတော့ သူတို့လုပ်ခဲ့တဲ့ လုပ်ငန်းတွေက ထိရောက်မှု ရှိတယ်ဆိုပြီးတော့။ အဲဒီနေရာမှာ လူ ပုဂ္ဂိုလ်နဲ့လဲ ပတ်သက်ပါတယ်။ ဦးသိန်းစိန်လက်ထက်မှာ ငြိမ်းချမ်းရေး စေ့စပ်လုပ်ခဲ့တဲ့ ပုဂ္ဂိုလ် ဦးအောင်မင်းတို့ ဘာတို့ဆိုရင် လူတွေက သူတို့လုပ်ခဲ့တာ ကောင်းတယ်ဆိုပြီးတော့ ပြောကြတဲ့သဘော တွေ့ရပါတယ်။ အဲဒါကို ဘယ်လိုနှိုင်းယှဉ်လိုပါသလဲ။

ဖြေ ။ ။ NLD အစိုးရလက်ထက်နဲ့ ပြည်ခိုင်ဖြိုးအစိုးရလက်ထက် မတူတာ တစ်ခုကတော့ ဘာလဲဆိုတော့ ပြည်ခိုင်ဖြိုးအစိုးရနဲ့ တပ်မတော်က နီးစပ်တယ်။ နီးစပ်တဲ့အပြင် ပြည်ခိုင်ဖြိုးအစိုးရစကားကို တပ်မတော်အနေနဲ့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အတော်လေးနားထောင်တယ်လို့ ယူဆရပါတယ်။ ကွာဟချက်အနေနဲ့ သူတို့ကြားမှာ ညှိနှိုင်းလို့ရတဲ့အတွက် ပိုပြီးတော့ မြန်မြန်ဆန်ဆန် လုပ်နိုင်တဲ့အချက် ရှိပါတယ်။ NLD အစိုးရလက်ထက်မှာတော့ အဲဒါ အတော်လေး အကန့်အသတ်ရှိပုံ ရပါတယ်။

ဒုတိယတချက်ကတော့ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာ တောက်လျှောက်တာဝန်ပေးခဲ့တာ ဦးအောင်မင်းဖြစ်ပြီး၊ ဦးအောင်မင်းအနေနဲ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံနိုင်တဲ့အတွက်ကြောင့် တိုင်းရင်းသားတွေနဲ့ အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ NLD အစိုးရလက်ထက်မှာ NRPP ဖွဲ့ပြီးတော့ တာဝန်ပေးတဲ့အခါမှာ ပထမ ဒေါက်တာတင်မျိုးဝင်းကို ပေးခဲ့တယ်။ ဒုတိယအပိုင်းမှာ ဦးကျော်တင့်ဆွေကို ပေးခဲ့တယ်။ အခုနောက်ပိုင်းမှာ ဦးထွန်းထွန်းဦးတက်တာ တွေ့ရတယ်။ လူလည်းမငြိမ်ဘူး။ နောက်တဘက်က ပြောမယ်ဆိုရင် EAO တွေနဲ့ ဖက်လဲှတကင်း ရင်းရင်းနှီးနှီး မရှိတာကို တွေ့ရတယ်။ ဒါက NLD အစိုးရလက်ထက်မှာ တွေ့ရတဲ့ အားနည်းချက်လို့ ပြောရမယ်။

မေး ။ ။ အဲဒါကတော့ ပုဂ္ဂိုလ်ရေးနဲ့လဲ ဆိုင်လာပြီဆိုတော့ ကျနော်အနေနဲ့ ပုဂ္ဂိုလ်ရေးကိစ္စ နောက်တခုကို မေးချင်ပါတယ်။ အဲဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စတင်ခဲ့တုန်းက တချို့က သုံးသပ်ကြတယ်။ ဘယ် ပုဂ္ဂိုလ်ကတော့ဖြစ် သူတို့အစိုးရတက်လာမှ အောင်မြင်အောင် လုပ်စေချင်လို့ အဲဒီတုန်းက အားမပေးခဲ့ဘူး။ အဲဒီလိုမျိုး သုံးသပ်ခဲ့တာ ရှိပါတယ်။ အခုဆိုရင်လဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က RCSS/SSA တို့ကို သဝဏ်လွှာ ပို့တာတို့။ မြို့ပေါ်မှာလည်း ကွဲပြားတဲ့ ဘာသာတရားအုပ်စုတွေကို ကူညီထောက်ပံ့တာတို့၊ ရင်းရင်းနှီးနှီး ဆက်ဆံတာတို့ကို တွေ့လာရတော့ ဒါလဲပဲ သူ့ရဲ့ကိုယ်ရေး Personal interest နိုင်ငံရေးအမြတ်ထုတ်ချင်လို့။ တနည်းအားဖြင့် သူ့မှာ နိုင်ငံရေးရည်မှန်းချက် ရှိနေလို့၊ နိုင်ငံတကာမှာ သူဟာ အများကြီးထိုးနှက်ခဲ့နေရလို့ စသည်ဖြင့် ဝေဖန်သုံးသပ်ကြတာတွေ ရှိပါတယ်။ ဆိုတော့ အဲဒီခေါင်းဆောင်ပိုင်တွေရဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေကရော ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လောက်ပတ်သက်မှု ရှိနေတယ်လို့ ထင်ပါလဲ။

ဖြေ ။ ။ အဲဒါလဲ ပတ်သက်မှုတော့ ရှိမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောလောဆယ်မှာတေ့ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ သူ့ရဲ့ နိုင်ငံရေးရည်မှန်းချက်အတွက် လုပ်ဆောင်နေတဲ့အပိုင်း ရှိသလို၊ ၂၀၁၅ မတိုင်မီကလဲ NCA မထိုးဖို့ NLD ဘက်က ပြောခဲ့တာတွေလည်း ရှိပါတယ်။ ဒီပြဿနာတွေကလဲ ငြိမ်းချမ်ေးရးလုပ်ငန်းစဉ်ကိုတော့ ထိခိုက်တာတော့ မှန်ပါတယ်။

မေး ။ ။ အဲဒီတော့ ကျနော်တို့ အရှေ့ကိုမျှော်ကြည့်မယ်ဆိုရင် ပြည်ထောင်စု ငြိမ်းချမ်းရေးအလားအလာအတွက် အကောင်းဆုံး ငြိမ်းချမ်းရေးကို အမှန်တကယ် တိုင်းပြည်အကျိုးအတွက် လိုချင်တယ်ဆိုတဲ့သဘောနဲ့ သူတို့ဆွေးနွေးဖြစ်လာအောင် အဓိကအားဖြင့် ဘာတွေအတားအဆီးဖြစ်နေတယ် ထင်ပါသလဲ။ ဘယ်အဆင့်တွေကို ကျော်လွှာဖို့ လိုပါသလဲ။

ဖြေ ။ ။ ပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင်တော့ ဖယ်ဒရယ်မူဘောင်နဲ့ ပတ်သက်ပြီးတော့ အခြေခံဥပဒေကို ပြင်ပေးဖို့လိုတယ်။ တိုင်းရင်းသားတွေကို အခွင့်အရေးပေးဖို့ လိုတယ်။ ဒါတွေကို ကျနော်တို့က NLD အစိုးရဖြစ်စေ၊ တပ်မတော်ဖြစ်စေ ဒါတွေကို ဇောင်းပေးပြီးတော့လုပ်ဖို့လိုတယ်။ ဖယ်ဒရယ်တိုင်းရင်းသားတွေကို ဖယ်ဒရယ်အခွင့်အရေးပေးတာ၊ အာဏာခွဲဝေပေးတာမျိုးတွေကို မလုပ်နိုင်သရွေ့တော့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်သူက ဆက်လုပ်လုပ် အောင်မြင်ဖို့ကတော့ ခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ကောက်နုတ်ချက် - သောတရှင်များခင်များ -- ပြည်တွင်းစစ်ဒဏ်ကြောင့် အသက်လုထွက်ပြေးရတာ၊ ချစ်ခင်သူတွေနဲ့ ကွေကွင်းခဲ့ရတာ၊ ဆင်းရဲတွင်းနက်ရတာဆိုတဲ့ ဒုက္ခတွေနဲ့ ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးကို ဆယ်စုနှစ်ပေါင်းများစွာ တောင့်တခဲ့ကြပါတယ်။ ဘိုးဘွားမိဘတွေလည်း ငြိမ်းချမ်းရေးကို မျှော်လင့်ရင် လက်တွေ့မခံစားရဘဲ၊ ကွယ်လွန်သွားခဲ့ကြပါပြီ။ ဒါပေမဲ့ ငြိမ်းချမ်းရေးဟာ တကယ်တမ်း ဖြစ်မလာနိုင်တဲ့ လိုက်လေဝေးလေ တံလျှပ်ပမာ ထင်ယောင်ထင်မှားအရာသာ ဖြစ်နေသေးတယ်လို့ဆိုရင် အဆိုးမြင်တတ်လွန်တယ်လို့ ဆိုချင်ကြပါသလား။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG