သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကျူးကျော်မှု စစ်ကောင်စီထောက်ခံခြင်းနှင့် မြန်မာနိုင်ငံအကျိုးစီးပွား


where countries stand on the Russia - Ukraine conflict.
where countries stand on the Russia - Ukraine conflict.

ယူကရိန်းနိုင်ငံအပေါ် ရုရှားရဲ့ကျူးကျော်မှုကို မြန်မာစစ်ကောင်စီက တက်တက်ကြွကြွ ထောက်ခံနေတာဟာ မြန်မာနိုင်ငံအတွက် အကျိုးစီးပွား တစုံတရာ ဖြစ်ထွန်းနိုင်ပါသလား။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အစဉ်အလာ ဘက်မလိုက် နိုင်ငံခြားရေးဝါဒနဲ့ကော ကိုက်ညီပါသေးရဲ့လား။ အမေရိကန် ပြည်ထောင်စု ဂျော့ချ်ဝါရှင်တန် တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပါမောက္ခ၊ မြန်မာ့အရေးကျွမ်းကျင်သူ Christina Fink နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ပါမောက္ခ Christina Fink ခင်များ … ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တာနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ စစ်ကောင်စီက လှိုက်လှိုက်လှဲလှဲ ထောက်ခံကြောင်း ကြေညာပါတယ်။ ဒီလုပ်ရပ်အပေါ် Christiana အမြင်နဲ့ အံ့သြမိပါသလား။

ဖြေ ။ ။ မြန်မာစစ်အစိုးရက ရုရှားနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိတယ်။ ရုရှားဆီက လက်နက်တွေ အများအပြား ရရှိနေတယ်။ စီးပွားရေးနဲ့ ကုန်သွယ်ရေးတွေလည်း ရှိနေတယ်။ စစ်ကောင်စီက လောလောဆယ်မှာ အရမ်းအထိကျန် ဖြစ်နေပြီးတော့ တရားဝင်အစိုးရမဟုတ်တဲ့ သူတို့နဲ့ ဆက်ဆံတဲ့ နိုင်ငံတွေကလည်း သိပ်နည်းနေတယ်။ ဒီအချိန်မှာ ရုရှားက သူတို့ကို အသိအမှတ်ပြုချင်တဲ့ နိုင်ငံ ဖြစ်တဲ့အတွက် အခုလိုမျိုး ရုရှားကျူးကျော်မှုကို ထောက်ခံပြီးတော့ ပြောကြားတာကတော့ သိပ်ပြီးတော့ အံ့သြသင့်စရာ ကောင်းတယ်လို့ မထင်ပါဘူး။

မေး ။ ။ ဆိုလိုတာက စစ်ကောင်စီက ဒါကို သူတို့အကျိုးအတွက် ထောက်ခံတယ်ဆိုတဲ့ သဘောပေါ့။ ဒီလိုဆိုရင် သူတို့အကျိုးအပြင် မြန်မာနိုင်ငံ ပြည်သူတွေတရပ်လုံးအတွက် နိုင်ငံရဲ့ အကျိုးစီးပွားအတွက်ကော ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်မလဲ။ National interest အတွက်ပေါ့။

ဖြေ ။ ။ အချုပ်အခြာအာဏာပိုင် နိုင်ငံတခုအပေါ် ကျူးကျော်တဲ့ကိစ္စကို ထောက်ခံတာ မြန်မာပြည်သူတွေရဲ့ အမျိုးသားအကျိုးစီးပွားအတွက် လုံးဝမကောင်းပါဘူး။ ဆိုပါတော့ တရုတ် ဒါမှမဟုတ် အခြားနိုင်ငံတခုခုက မြန်မာနိုင်ငံကို ကျူးကျော်ရင် မြန်မာပြည်သူတွေ ဘယ်လိုခံစားရမလဲဆိုတာကိုပဲ စဉ်းစားကြည့်ပါ။ တရုတ်က ငါတို့နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး လိုအပ်ချက်အရ ကျူးကျော်တယ်လို့ပြောရင်ကော။ ကျမ ဆိုလိုတာက နိုင်ငံတခုက အချုပ်အခြာအာဏာပိုင် နိုင်ငံတခုအပေါ် ကျူးကျော်တဲ့ကိစ္စကို ထောက်ခံတယ်ဆိုတာ လုံးဝကို ရူးသွပ်မိုက်မဲတဲ့ လုပ်ရပ် ဖြစ်ပါတယ်။

မေး ။ ။ တကယ်တော့ ယူကရိန်းဟာလဲ မြန်မာနိုင်ငံစစ်တပ်ကို သံချပ်ကာလုံခြုံရေးကားတွေ ရောင်းချတယ်ဆိုပြီးတော့ အပြောအဆိုခံနေရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဆိုတော့ အခု စစ်ကောင်စီရဲ့ လုပ်ရပ်က အခုကိစ္စကိုတောင်မှ မထောက်မညှာဘူးဆိုတဲ့ သဘောပေါ့။

ဖြေ ။ ။ ဒါက သိပ်ကိုအမြင်မကျယ်တဲ့၊ ရေရှည်ကို မစဉ်းစားတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။

မေး ။ ။ နောက်တခုက မြန်မာရဲ့ နိုင်ငံခြားရေးမူဝါဒမှာ နောက်ဆုံးသုံးနှုန်းထားတာက Independent, Active, Non-aligned ဆိုပြီး သုံးထားတာကို တွေ့ရပါတယ်။ ဆိုတော့ အခု ရုရှား ကျူးကျော်မှုကို ထောက်ခံလိုက်တော့ သူတို့ပြောတဲ့ non-aligned ဘက်မလိုက်ဘူးဆိုတဲ့ သဘောတရားက ဘယ်လိုဖြစ်သွားသလဲ။

ဖြေ ။ ။ ဟုတ်ပါတယ်။ ဒီလုပ်ရပ်က မြန်မာ့အစဉ်အလာ ဘက်မလိုက် မူဝါဒနဲ့လဲ ဆန့်ကျင်နေပါတယ်။

မေး ။ ။ ဆိုတော့ သူတို့ နိုင်ငံခြားရေးမူဝါဒကိုရော ဘယ်လိုပြန်ပြီး အဓိပ္ပါယ်ဖွင့်ရတော့မလဲ။

ဖြေ ။ ။ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကတော့ ယူကရိန်းအပေါ် ကျူးကျော်မှုကို တရားမဝင်ဘူးလို့ ကြေညာထားပါတယ်။ NUG ရဲ့ သဘောထားက မြန်မာပြည်သူလူထု အများစုရဲ့ ဆန္ဒကို ကိုယ်စားပြုထင်ဟပ်တယ်လို့ ယူဆနိုင်ပါတယ်။ မြန်မာပြည်သူအများစုကလည်း ဒီကျူးကျော်မှုကို လက်မခံနိုင်ပါဘူး။

မေး ။ ။ စစ်ကောင်စီ ပြောတာကတော့ ဒီကျူးကျော်မှုက ရုရှားနိုင်ငံအတွက် အချုပ်အခြာအာဏာ ထိန်းသိမ်းရေးကို ပြသလိုက်တာဖြစ်တယ်။ အဲဒါကြောင့် လုပ်ပိုင်ခွင့် ရှိတယ်လို့ ဆိုထားပါတယ်။ ဆိုတော့ ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာဟာ ဒီနေရာမှာ တကယ်ပဲ ထိပါးနေတဲ့ အခြေအနေ ရှိလို့လား။ စစ်ကောင်စီက ဒီလို ယူဆရအောင်။

ဖြေ ။ ။ သူတို့ ဘယ်လိုတွေ တွေးနေတယ်ဆိုတာတော့ ကျမ မသိပါဘူး။ ဒါပေမဲ့ ဒီနေရာမှာ ရုရှားနဲ့ ယူကရိန်း ဆက်ဆံရေးကို နည်းနည်းရှင်းပြချင်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ယူကရိန်းက လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့ပါပြီ။ အဲဒီမတိုင်ခင်ကတော့ ဆိုဗီယက်ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆိုဗိယက်ပြည်ထောင်စုထဲ ပါခဲ့တာကလဲ သူတို့ရဲ့ ရွေးချယ်ချက်အရ ပါခဲ့တာ မဟုတ်ပါဘူး။ ရုရှားအင်အားကြီးနေတဲ့အချိန်မှာ ဆွဲသွင်းခံခဲ့ရတာပါ။ ၁၉၉၁ ခုနှစ် ဆန္ဒခံယူပွဲလုပ်တော့ ၉၀ ရာခိုင်နှုန်းကျော်က လွတ်လပ်ရေး ရယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ ယူကရိန်းက ရုရှားရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ ရုရှားက ပြောနေတာပါ။ သမိုင်းတလျှောက် ဆက်စပ်နေခဲ့တာလို့ ဆိုပါတယ်။ ပြီးတော့ ယူကရိန်းမှာလည်း ရုရှားစကားပြောတဲ့လူတွေ အများအပြား ရှိပါတယ်။ သမ္မတက Zelenskyy ကိုယ်တိုင်တောင် ရုရှားဘာသာစကားကို ပြောဆိုသူ ဖြစ်ပါတယ်။ ယူကရိန်းမှာ ဒီလိုမျိုး ရုရှားစကားပြောသူတွေ ရှိနေတယ်ဆိုပေမဲ့လဲ သူတို့ကိုယ်တိုင်လဲ ရုရှား ကျူးကျော်မှုကို ဆန့်ကျင်ကြတာပါ။ ဒါက သူတို့ရဲ့ မိခင်ရုရှားနိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းမှုလို့ မမြင်ကြပါဘူး။ သူတို့ရဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကားတယ်လို့ပဲ မြင်ကြပါတယ်။

ရုရှားရဲ့ နောက်ထပ်အကြောင်းပြချက်တခုကတော့ ယူကရိန်းက နေတိုးအဖွဲ့ထဲကိုဝင်ဖို့ လုပ်နေတာကို ဟန့်တားချင်တာလို့ ဆိုပါတယ်။ ဒါပေမဲ့လဲ ယူကရိန်းက နေတိုးကိုဝင်ဖို့ ပိုင်ဖြတ်လုပ်ဆောင်ဖို့ မရှိသေးပါဘူး။ အနာဂတ်မှာ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကနေ့ ယူကရိန်းကို ကျူးကျော်တာကတော့ လုံးဝကို အဓိပ္ပါယ် မရှိပါဘူး။

မေး ။ ။ ရုရှား ကျူးကျော်မှုကို ထောက်ခံတဲ့ ဒုတိယအကြောင်းပြချက်တခုက စစ်ကောင်စီက ဘာပြောသလဲဆိုရင် ရုရှားဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အင်အားချိန်ခွင်လျှာ ထိန်းညှိတဲ့နေရာမှာ အရေးပါတဲ့ အင်အားကြီးနိုင်ငံတခု ဖြစ်တယ်ဆိုတာကို ပြသလိုက်တယ်လို့ ဆိုပြန်ပါတယ်။

ဖြေ ။ ။ ဒီကျူးကျော်မှုကြောင့် ကမ္ဘာပေါ်မှာ စိုးရိမ်မှုတွေ လျှင်လျှင်မြန်မြန် ကြီးထွားလာနေပြီးတော့ ပူတင်ကလဲ နျူကလီးယားတပ်ဖွဲ့တွေကို အသင့်ပြင်ထားနိုင်တယ်လို့ မကြာသေးခင်ကပဲ ပြောလိုက်ပါတယ်။ ဒီတော့ စစ်ပွဲက ယူကရိန်းထက် အများကြီးကျယ်ပြန့်လာမယ့် အလားအလာ ရှိနေပါတယ်။ ပူတင်က ဒီကျူးကျော်မှုကို မလုပ်ခင်က ဘာလုံခြုံရေးပြဿနာမှ မရှိခဲ့ပါဘူး။ သူပဲ ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျမ ပြောချင်တဲ့ နောက်တချက်က ဒီလိုပါ - နိုင်ငံကြီးတခုက သူတို့လုံခြုံရေးအတွက်ဆိုပြီးတော့ အခြားနိုင်ငံတခုအပေါ် ကျူးကျော်တဲ့ လုပ်ရပ်ပါ။ ဆိုပါတော့ တရုတ်ကလဲ ငါတို့လုံခြုံရေးအတွက် ငါတို့အင်အားကို ပြချင်လို့ဆိုပြီးတော့ မြန်မာနိုင်ငံကို ကျူးကျော်ရင်ကော ဘယ်လိုရှိမလဲ။ ဒီလိုအကြောင်းပြချက်က သိပ်ကိုအန္တရာယ် ကြီးမားပါတယ်။ နိုင်ငံငယ်တခုအနေနဲ့ ဒီလိုပြောကြားလိုက်တာက အရမ်းအံ့သြစရာ ကောင်းပါတယ်။ တကယ်တော့ သူတို့နိုင်ငံကိုယ်တိုင် ဒီလိုအကြောင်းပြချက်နဲ့ ကျူးကျော်လာတဲ့ မူဝါဒရဲ့ သားကောင် ဖြစ်လာနိုင်ပါတယ်။

မေး ။ ။ ဆိုတော့ စစ်ကောင်စီက ဒါတွေကို ထည့်သွင်းမစဉ်းစားဘဲနဲ့ တောက်လျှောက် ကျူးကျော်မှုကို ဇွတ်ထောက်ခံနေတာ ဘာကြောင့်လဲ။ တချို့က သုံးသပ်ကြပါတယ် - ရုရှားရဲ့ အသိအမှတ်ပြုတာကို ခံချင်လို့ နောက်ပြီးတော့ လက်နက်ရောင်းပေးတာကို သူတို့ကျေနပ်လို့ မျက်နှာလုပ်တယ်ဆိုတဲ့ သဘောပေါ့လို့ လူတွေက သုံးသပ်ဝေဖန်ပြောနေကြပါတယ်။ Christina ဘယ်လိုသဘောရပါသလဲ။

ဖြေ ။ ။ ဒီဟာလဲ ကျမက မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စကားမပြောရတော့ သူတို့ရဲ့ စဉ်းစားချက်ကိုတော့ ကျမ အသေအချာ မသိပါဘူး။ ဒါပေမဲ့ သူတို့ အခုအချိန်အထိ ပြောဆိုထားတာကို ပြန်ပြီးတော့ စဉ်းစားဖို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ သူတို့နိုင်ငံအတွက် သမိုင်းတွင်စေမယ့် နောင်တရစရာ ဖြစ်နေပါတယ်။

မေး ။ ။ ဒီနေရာမှာ ကျနော် စဉ်းစားတာကတော့ မြန်မာစစ်ကောင်စီရဲ့ ထောက်ခံမှုကရော ရုရှားနိုင်ငံအတွက် အားထားလောက်ရဲ့လား။ ရုရှားက တကယ်ပဲ အလေးထားပါ့မလားဆိုတာပဲ ဖြစ်ပါတယ်။

ဖြေ ။ ။ ရုရှားကတော့ သူတို့လုပ်ရပ်ကို ထောက်ခံအားပေးတဲ့ နိုင်ငံတွေ များနိုင်သလောက် များစေချင်တာ သေချာပါတယ်။ ဒါပေမဲ့ ဒီကိစ္စအတွက် မြန်မာနိုင်ငံအပေါ် မှီခိုအားထားတယ်လို့တော့ မထင်ပါဘူး။ တရုတ်ရဲ့ ထောက်ခံအားပေးမှုက ပိုပြီးတော့ အရေးကြီးတယ်ဆိုတာ သေချာပါတယ်။ အခုအခါမှာ ရုရှားက ယူကရိန်း စေ့စပ်ဆွေးနွေးလာတယ်ဆိုတာကလဲ နိုင်ငံတွေ အများအပြားက လျှင်လျှင်မြန်မြန်နဲ့ ဆန့်ကျင်တုံ့ပြန်ကြတာ၊ နောက်ပြီးတော့ ဘဏ္ဍာရေးဒဏ်ခတ်မှု၊ သူတို့ရဲ့ ဝေဟင်ပျံသန်းမှု ပိတ်ပင်မှု ဒီလိုဟာတွေကို ရုရှားနိုင်ငံကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်မှာဖြစ်လို့ပါ။

မေး ။ ။ တကယ်တော့ တရုတ်၊ အိန္ဒိယတို့လို မြန်မာ့အိမ်နီးချင်းနိုင်ငံကြီးတွေ - အထူးသဖြင့် တရုတ်က ရုရှားရဲ့ ကျူးကျော်မှုကို ပြတ်ပြတ်သားသား ထောက်ခံအားပေးတာကိုတော့ မတွေ့ရပါဘူး။ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ စေ့စပ်ဆွေးနွေးအဖြေရှာဖို့သာ ပြောနေကြတာကို တွေ့ရပါတယ်။ ဆိုတော့ မြန်မာစစ်ကောင်စီက ဒီနေရာမှာ တရုတ်ထက်တောင် ပိုတက်ကြွပြီးတော့ ရုရှားကို ထောက်ခံနေပါလားဆိုတာ စဉ်းစားစရာပေါ့။

ဖြေ ။ ။ မှန်ပါတယ်။ မြန်မာစစ်ကောင်စီက ရုရှားကျူးကျော်မှုကို ထောက်ခံတဲ့နေရာမှာ ဒဲ့ဒိုးအကျဆုံး၊ အပေါ်ထင်အပြတ်သားဆုံး ဖြစ်နေပါတယ်။ တရုတ်ထက်တောင် ရှေ့တန်းရောက်နေပါတယ်။ ဒါပေမဲ့လဲ မကြာသေးချင် နှစ်တွေအတွင်းမှာ တရုတ်နဲ့ ရုရှား အထူးနီးကပ်လာတာကတော့ စိုးရိမ်စရာ ဖြစ်ပါတယ်။ ပြီးတော့ ဖေဖေါ်ဝါရီလအစောပိုင်း အိုလံပစ်ဖွင့်ပွဲမှာ ပူတင်နဲ့ ရှီကျင်ပင်တို့ တွေ့ကြတော့ နေတိုးစစ်စာချုပ်အဖွဲ့ကို ထပ်ပြီးတော့ မချဲ့ထွင်ဖို့ ရုရှားရဲ့ တောင်းဆိုချက်ကို တရုတ်က ထောက်ခံကြောင်း။ ပြီးတော့ အမေရိကန် ဦးဆောင်ပြီး ကြိုးပမ်းနေတဲ့ တခြားနိုင်ငံတွေမှာ ဒီမိုကရေစီ ထွန်းကားရေးလုပ်ရပ်ကို နှစ်နိုင်ငံ ပူးတွဲဆန့်ကျင်ဖို့ သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဆိုတော့ တရုတ်က အခု ရုရှားရဲ့ ကျူးကျော်မှုအပေါ် အပြည့်အဝ ဘဝင်မကျပေမဲ့လဲ ရုရှားနဲ့ သိပ်ပြီးတော့ ခိုင်မာတဲ့ ဆက်ဆံရေးက ရှိနေတာပါ။ အခု ရုရှားရဲ့ ကျူးကျော်မှုကို ဟန့်တားပေးဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်ကို ချဉ်းကပ်ဖို့ ကြိုးစားနေပါတယ်။ ဒါကို တရုတ်က လက်မခံဘဲနဲ့ ပယ်ချခဲ့တာပါ။ ဒါက မြန်မာပြည်သူလူထုအနေနဲ့တကွ နိုင်ငံအားလုံးအတွက် တကယ့်ကို စိုးရိမ်စရာ ဖြစ်နေပါတယ်။

မေး ။ ။ ဆိုတော့ ဒီလုပ်ရပ်က အာဆီယံအတွက်ကော တစုံတရာ ထိခိုက်နိုင်စရာ ရှိပါသလား။

ဖြေ ။ ။ သိတဲ့အတိုင်းပါပဲ တရုတ်က နယ်ပယ်ဆိုင်ရာ စိတ်ဝင်စားမှုတွေ၊ အကျိုးစီးပွားတွေ ရှိနေပါတယ်။ တခုကတော့ ထိုင်ဝမ်ကို ပြန်လည်ရရှိရေး။ တရုတ်ကွန်မြူနစ်ပါတီလက်အောက် ထားရှိရေး ဖြစ်ပါတယ်။ တခါ အိန္ဒိယနဲ့ အငြင်းပွားနယ်စပ်မှာ တိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။ ဆိုတော့ တရုတ်ရဲ့ နယ်မြေချဲ့ထွင်ရေး အလားအလာကို တွေ့ရပါတယ်။ ဆိုတော့ ဒါဟာ တရုတ်နဲ့ တောင်တရုတ်ပင်လယ်မှာ အငြင်းပွားနေတဲ့ အာဆီယံအတွက်လဲ စိုးရိမ်စရာ ဖြစ်ပါတယ်။

မေး ။ ။ Christina ကျနော် သိချင်တာက ရုရှားရဲ့ ကျူးကျော်မှု၊ မြန်မာနိုင်ငံ စစ်ကောင်စီက တက်တက်ကြွကြွ ထောက်ခံနေတဲ့ကိစ္စသည် အာဆီယံကို ဘယ်လိုရိုက်ခတ်နိုင်သလဲဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။

ဖြေ ။ ။ အာဆီယံက အားလုံးတသံတည်း ထွက်ချင်တယ်။ တညီတညွှတ်တည်း ပြောချင်တယ်လို့ ထင်ပါတယ်။ မြန်မာကတော့ extreme position အစွန်းရောက်တဲ့ ရပ်တည်မှုကို ပြသလိုက်တာပါ။ အာဆီယံနိုင်ငံ အများစုကတော့ ဘက်မလိုက်မှုကို ပြသဖို့ကို ကြိုးပမ်းကြပါတယ်။ ကျူးကျော်မှုကို မထောက်ခံကြပါဘူး။ ဆိုတော့ ဒီကိစ္စမှာ မြန်မာက ဘေးကျွံထွက်နေပါတယ်။

==Unicode===



























XS
SM
MD
LG