သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA နဲ့ မြန်မာ့ငြိမ်းချမ်းရေး အလားအလာ


တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ NCA ပြည်လုံးကျွတ် အပစ်ရပ်စဲရေး သဘောတူညီချက်ကို မွန်ပြည်သစ်ပါတီ နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ လက်မှတ်ရေးထိုးလိုက်ခြင်းဟာ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဘယ်လောက်အရေးပါ ပါသလဲ။ တိုင်းရင်းသားရေးရာတွေကို တောက်လျှောက်လေ့လာသုံးသပ်နေတဲ့ ရန်ကုန်အခြေစိုက် VOA သတင်းထောက် ကိုမိုးဇော် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ NCA လို့ခေါ်တဲ့ ပြည်လုံးကျွတ် အပစ်ရပ်စဲရေး သဘောတူညီချက်ကို မွန်ပြည်သစ်ပါတီ နဲ့ လားဟူအဖွဲ့တို့ လက်မှတ်ရေးထိုးကြပါတယ်။ ဒါဟာ တိုင်းရင်းသားတွေနဲ့ ဖြစ်လာတဲ့ ပြည်တွင်းစစ်အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဘယ်လောက်အထိ အလားအလာ ကောင်းတယ်လို့ အကြမ်းမျဉ်း သုံးသပ်လိုပါလဲ။

ကိုမိုးဇော် ။ ။ အခု မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ လက်မှတ်ရေးထိုးတာဆိုရင် NLD အစိုးရလက်ထက် (၂) နှစ်အတွင်းမှာ ပထမဦးဆုံး ပါဝင်လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေလို့ ပြောရမှာ ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက NCA ဖြစ်ပေါ်ဖို့အတွက်ကို အဖွဲ့ (၁၆) ဖွဲ့လောက် ပါဝင်ဆွေးနွေးခဲ့ကြတယ်။ နောက်ပိုင်း ဆွေးနွေးတဲ့အထဲမှာ မပါဝင်ခဲ့တဲ့ ‘ဝ’ တို့ အပါအဝင် ဒီ (၁၅) ဖွဲ့လောက်ကို လက်မှတ်ရေးထိုးဖို့ ဖိတ်ခေါ်ခဲ့တယ်။ တကယ်တမ်းကြတော့ (၈) ဖွဲ့ပဲ ထိုးခဲ့တယ်။ အဲဒီအနေအထားကနေ အခု NLD အစိုးရအဖွဲ့မှာ နောက်ထပ်နှစ်ဖွဲ့ ပထမဦးဆုံး ပါဝင်လာတယ်ဆိုတော့ ဒါက မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အလားအလာ ပိုကောင်းလာတယ်လို့ ပြောလို့ရနိုင်မယ် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ NCA လက်မှတ်ရေးထိုးတဲ့အဖွဲ့၊ မထိုးတဲ့အဖွဲ့ဆိုပြီး နှစ်ဖွဲ့ကွဲလွဲတဲ့သဘော အစကတည်းက ရှိနေခဲ့ပါတယ်။ ဆိုတော့ အခုအခါမှာ မွန်ပြည်သစ်တို့က ဒီဘက်မှာ ထိုးလိုက်တော့ NCA လက်မှတ် ထိုးမထိုးဆိုတဲ့ အဲဒီနှစ်ဖွဲ့ကြားမှာ ကွဲလွဲမှု ပိုပြီးတော့ ပြင်းထန်လာတယ်လို့ သုံးသပ်ရင် ရမလား။

ကိုမိုးဇော် ။ ။ အဲဒီဟာကတော့ သူတို့ ဒီလက်မှတ်ရေးထိုးတဲ့အချိန်မှာတော့ တဖွဲ့ချင်းဆီရဲ့ သဘောထားနဲ့ ဆုံးဖြတ်ဖို့ဆိုတာမျိုးတွေ သူတို့ကြားထဲမှာ ညှိနှိုင်းထားတာတွေ ရှိပါတယ်။ အဲဒီလိုမျိုးကြီး ပြောဖို့ထက် တချို့ဟာတွေမှာတော့ အစိုးရဘက်က မူဝါဒနဲ့ သက်ဆိုင်သလို၊ တဖွဲ့ချင်းဆီရဲ့ အယူအဆနဲ့လည်း သက်ဆိုင်မယ်လို့ ထင်ပါတယ်။ သူတို့အဖွဲ့တွေ အတွင်းထဲမှာက ဒီ NCA လက်မှတ်ရေးထိုးခြင်းဟာ တဖွဲ့ချင်းဆီရဲ့ ဆုံးဖြတ်ချက်နဲ့ သွားမယ်ဆိုတဲ့ မူဝါဒ ရှိပြီသားဆိုတော့ ဟိုလိုမျိုး လမ်းကြောင်းကြီး သိသိသာသာ ကွဲထွက်နေတယ်လို့တော့ ပြောလို့မရဘူးလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ လက်မှတ်ရေးထိုးရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ လုပ်ထုံးလုပ်နည်းနဲ့ ပြဿနာကတော့ ထားလိုက်ပါတော့။ အဲဒါကို ညှိနှိုင်းလို့ရတယ် ထားအုံးတော့။ မူဝါဒနဲ့ ပတ်သက်ပြီး ကွဲလွဲချက်ကြတော့ ညှိလို့ရနိုင်ပါ့မလား။ အဓိက ကွဲလွဲတဲ့ မူဝါဒက ဘာလဲ။

ကိုမိုးဇော် ။ ။ အဓိက ကွဲလွဲတဲ့ မူဝါဒကတော့ အစောပိုင်းကတော့ အားလုံးပါဝင်ရေး ဖြစ်စဉ်အပေါ်မှာ အားလုံးမပါဝင်တာ။ အာလုံးကို မဖိတ်ခေါ်ဘူးဆိုတာ ပလောင်း၊ ကိုးကန့်၊ AA တို့ကို လက်မှတ်ရေးထိုးဖို့ မဖိတ်ခေါ်ဘူး။ အခု လားဟူအဖွဲ့အစည်းတို့ ANC နဲ့ အရင်တုန်းကရှိခဲ့တဲ့ D… အဖွဲ့တွေက လက်မှတ်ရေးထိုးစရာ မလိုဘူး။ ပါဝင်တော့မှ နိုင်ငံရေးဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခွင့် ရတယ်ဆိုတော့မှဆိုတဲ့ ပြောဆိုခဲ့တာတွေ ရှိခဲ့တယ်။ အဲဒီလို အနေအထားနဲ့ စပြီးမှ မူဝါဒတွေက အရင်တုန်းက အဲဒီလိုရှိတယ်။ ရှိတယ်ဆိုတော့ အားလုံးပါဝင်လာရေးအတွက်ဆိုရင်တော့ အစိုးရဘက်ကတော့ မူဝါဒတရပ်ကို အားလုံးလက်ခံနိုင်တဲ့ဟာမျိုးကို ရေးဆွဲဖော်ဆောင်ဖို့တော့ လိုမယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ တချို့အဖွဲ့ လက်မှတ်မထိုးသေးတဲ့ မြောက်ပိုင်းဘက်က အဖွဲ့တချို့က ပြောကြတာကတော့ အစိုးရရဲ့ သဘောထား။ အထူးသဖြင့် တပ်မတော်ရဲ့ သဘောထားက သူတို့ကို လက်နက် အရင်စွန့်ခိုင်းပြီးမှ သဘောတူညီမှု ရယူမယ်ဆိုတဲ့ သဘောထားမျိုး အမြဲတမ်း ရှိနေတယ်လို့ ပြောကြတယ်။ အဲဒီလို ကြားရပါတယ်။ အဲဒါ ဘယ်လောက်မှန်ပါလဲ။ အဲဒီအချက်က ဘယ်လောက် အရေးကြီးပါလဲ။

ကိုမိုးဇော် ။ ။ အဲဒီဟာတွေကတော့ ကျနော်တို့ လေ့လာထားသလောက်၊ သိထားသလောက်ဆိုရင်တော့ အခု (၂၁) ရာစု ပင်လုံကိစ္စတွေထဲမှာ သူတို့ ဆက်လက်ဆွေးနွေးမယ့်အထဲမှာ အဲဒီအပိုင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေထဲမှာပဲ အကြေအလည် ဆွေးနွေးပြီးတော့မှ ဆုံးဖြတ်ကြမယ်ဆိုတဲ့ အနေအထားမျိုးကို သိရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီနိုင်ငံရေး ဆွေးနွေးပွဲကို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တက်ရောက်မယ့် အလားအလာ ရှိပါလား။

ကိုမိုးဇော် ။ ။ ပြီးခဲ့တဲ့ ဒုတိယပင်လုံ ဆွေးနွေးပွဲမှာဆိုရင်တော့ သူတို့ကို အစိုးရဘက်ကလည်း ဖိတ်တယ်။ နောက်ပိုင်းမှာတော့ သူတို့တွေက တဖွဲ့ချင်းဆီအနေနဲ့ ဖိတ်တာမျိုးကို လက်မခံဘူး။ သူတို့ (၇) ဖွဲ့ ပေါင်းစည်းထားတဲ့ FPNCC အနေနဲ့ ဖိတ်တယ်ဆိုရင် သူတို့အနေနဲ့ စဉ်းစားမယ်ဆိုတာမျိုး၊ တက်ရောက်မယ်ဆိုတာမျိုး ရှိခဲ့ပါတယ်။ နောက်ပိုင်း အစည်းအဝေးစတဲ့အချိန်မှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရတော့ တက်ရောက်လာတာတွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ သူတို့အနေနဲ့ ပါဝင်ဆွေးနွေးဖို့၊ ဆုံးဖြတ်ချက်ချတဲ့ အပိုင်းတွေ ပါဝင်တဲ့ဟာမျိုးတွေ မြင်ရတဲ့အချိန်မှာ သူတို့တွေက (၂၁) ရာစု ပင်လုံ ဖွင့်ပွဲပြီးတဲ့နောက်မှာ ဆက်လက်မတက်ဘဲနဲ့ ပြန်သွားတဲ့ အနေအထားတွေ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါကြောင့် လာမယ့်အစည်းအဝေးမှာ အဲဒီထက် တိုးတက်တဲ့ အခြေအနေ တိုးတက်ကောင်းမွန်ပြီးတော့ တက်လာမယ့် အလားအလာကို မြင်ပါလား။

ကိုမိုးဇော် ။ ။ အဲဒီဟာကတော့ လောလောဆယ် အနေအထားအရဆိုရင်တော့ အစိုးရဘက်က ငြိမ်းချမ်းရေးကော်မရှင်က NCA ကို လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ တောက်လျှောက်ထိတွေ့ ဆက်ဆံဆွေးနွေးနေတဲ့ အနေအထားတွေ ရှိပါတယ်။ နောက် တချိန်တည်းမှာပဲ တရုတ်နိုင်ငံဘက်ကလည်း တရုတ်နယ်စပ် အခြေစိုက်အဖွဲ့အစည်းတွေနဲ့ အစိုးရကြားမှာ ငြိမ်းချမ်းရေး ပြေလည်မှုရအောင် ကြားဝင်စေ့စပ်နေတဲ့ အနေအထားတွေ ရှိပါတယ်။ ရှိတော့ အဲဒီဆွေးနွေးမှုတွေပေါ် မူတည်ပြီးတော့မှ ပါဝင်တက်ရောက်မယ်၊ မတက်ရောက်ဘူးဆိုတာ သူတို့ နှစ်ဘက်ကြား ဆွေးနွေးကြတဲ့ဟာတွေ ပြေလည်မှု ရှိမရှိပေါ်မှာပဲ မူတည်ပြီး ပြောလို့ရမယ်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု လက်မှတ်ရေးထိုးတဲ့ လားဟူ၊ မွန်ပြည်သစ်ပါတီတို့ - ဒီအဖွဲ့တွေဟာ အင်အားဆိုတာထက် အထူးသဖြင့် မွန်ပြည်သစ်ပါတီဆိုရင် တောင်ပိုင်းလှုပ်ရှားတဲ့ အဖွဲ့တွေထဲမှာ KNU တို့က အစိုးရနဲ့ ပြေလည်သွားရင် သူတို့ အထိကျန် ရပ်တည်နေလို့ မရတော့ဘူး။ Domino Effect တယောက်လဲရင် အကုန်လုံး လိုက်လဲတဲ့သဘောမျိုး။ အဲဒါကြောင့်မို့ မလွှဲမသွေ လက်မှတ်ရေးထိုးရတယ်ဆိုတဲ့ သဘောမျိုးလို့ သုံးသပ်ကြတာ ရှိပါတယ်။ လားဟူဆိုတာလည်း သိပ်ပြီးတော့ မဖြစ်စလောက်ဘူးဆိုပြီး တချို့က တွက်ကြတာ ရှိပါတယ်။ ဆိုတော့ အခု ဒီအဖွဲ့နှစ်ဖွဲ့ လက်မှတ်ရေးထိုးတာ တကယ်ကော သိပ်ထိထိရောက်ရောက် အရေးပါသလား။ သူတို့တွေကို ဝေဖန်ကြတာ မှန်ပါသလား။

ကိုမိုးဇော် ။ ။ လက်နက်ကိုင်အင်အားတွေ အနေနဲ့အရ တွက်ဆမယ်ဆိုရင်လဲ တချို့က အဲဒီလို ဝေဖန်တဲ့ဟာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ တဘက်က ကြည့်မယ်ဆိုရင်တော့ ဒီတိုင်းရင်းသားလူမျိုးတွေအားလုံးကို တန်းတူသတ်မှတ်မယ်ဆိုရင်တော့ သူတို့အဖွဲ့အစည်းတွေ ရှိနေတဲ့အပေါ်မှာ တန်းတူညီမျှမှုအရ ဖိတ်ခေါ်သင့်တယ်လို့ အဲဒီလိုမျိုး ပြောရမှာ ဖြစ်ပါတယ်။ နောက်တချက်အနေနဲ့တော့ NCA လက်မှတ်ရေးထိုးပြီးနောက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ သူတို့ လူမျိုးစုတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာမယ်ဆိုရင် ကိုယ်သွားနေတဲ့လမ်းကြောင်း ဒီ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆေက်ရေး လမ်းကြောင်းမှာဆိုရင် သူတို့အတွက်က လက်မှတ်မထိုးဘဲ ရပ်တည်နေတဲ့ အနေအထားထက် လက်မှတ်ထိုးပြီးတော့မှ နိုင်ငံရေးလမ်းကြောင်းမှာ ပါဝင်လာမယ်ဆိုရင်တော့ အင်အားတရပ်အနေနဲ့ ရှိလာနိုင်မယ်လို့ မြင်ကြည့်လို့ ရပါတယ်။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ အပြန်အလှန် ယုံကြည်စိတ်ချမှုပေါ့ - Mutual Trust ဟာ အဓိက အရေးကြီးဆုံး ဖြစ်မယ်ထင်ပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ အခြေအနေတရပ်ရပ်ကြောင့် မလွှဲသာလို့ ဒါက နည်းပရိယာရ်သုံးတဲ့ အနေနဲ့ ဒီအပစ်အခတ်ရပ်စဲရတယ်။ ဘာညာလုပ်တယ်ဆိုရင်တော့ သိပ်အဆင်ပြေမှ ပြေမှာပေါ့။ တခုခုကို လွှမ်းခြုံသုံးသပ်ရင် ကိုမိုးဇော် ဘယ်လို ပြောလိုပါလဲ။

ကိုမိုးဇော် ။ ။ တခုကတော့ အများဆုံး ပြောနေကြတာကတော့ အစိုးရမှာဆိုရင်လဲ အစိုးရနှစ်ရပ် ရှိတယ်ဆိုပြီးတော့ ဝေဖန်မှုတွေလည်း ရှိတယ်ဆိုတော့ တော်တော်များများကလည်း အဲဒီအချက်ပေါ် ကြည့်နေခဲ့တာ ရှိပါတယ်။ နောက်တချက်ကလဲ ၂၀၀၈ ဖွဲ့စည်းပုံအရ ပေးထားတဲ့ ဘောင်အတွင်းကနေ လှုပ်ရှားနေရတဲ့၊ လုပ်ကိုင်ဆောင်ရွက်နေရတဲ့ အနေအထားတွေဆိုတော့ အဲဒီအပေါ်တွေလည်း ဝေဖန်ချက်တွေ ရှိပါတယ်။ အဲဒီအနေအထားတွေမှာ နိုင်ငံတကာအမြင်တွေ၊ တိုင်းရင်းသားတွေရဲ့ အမြင်တွေ ပြောင်းလဲသွားအောင် တချို့အနေအထားလေးတွေကို နိုင်ငံတော်ဘက်ကနေ ဆောင်ရွက်နိုင်မယ် ဆိုလို့ရှိရင် နောက် ၂၀၀၈ ဥပဒေနဲ့ ပတ်သက်ပြီးတော့မှ ယုံကြည်မှု မရှိတာတွေ၊ သူတို့ရဲ့ ဝေဖန်နေတဲ့ အချက်တွေကို တကယ်တမ်း ကြေကြေလည်လည် ဆွေးနွေးပြီးတော့ ပြောင်းလဲနိုင်မယ့် အနေအထားတွေ ရှိမယ်ဆိုရင်တော့ ကျနော် အခုနပြောသလိုမျိုး အပြန်အလှန် ယုံကြည်မှုတွေက ပြန်ပြီး တက်လာနိုင်မယ့် အနေအထားမျိုးတွေ ရှိလာနိုင်မယ်လို့ မြင်မိပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက် အပစ်အခတ်ရပ်စဲရေး သဘောတူတဲ့ အဖွဲ့တွေနဲ့ သဘောမတူတဲ့ အဖွဲ့တွေကို ကြည့်လိုက်မယ်ဆိုရင် ထိုင်း-မြန်မာ နယ်စပ်က အဖွဲ့တွေက သဘောတူတယ်။ တရုတ်-မြန်မာ နယ်စပ်က အဖွဲ့တွေက သဘောမတူဘူးဆိုပြီး အကြမ်းမျဉ်း သုံးသပ်စရာ ဖြစ်နေပါတယ်။ ဆိုတော့ ဒီဟာနှစ်ခုကို ကြည့်လိုက်ရင် သူတို့နိုင်ငံရဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ အပေါ်မှာ ထောက်ခံအားပေးမှု ဘယ်လိုကွာဟနေလို့များ အဲဒီလို ဖြစ်ရသလဲဆိုတာကို သုံးသပ်ပေးပါ။

ကိုမိုးဇော် ။ ။ တရုတ်ကတော့ မြန်မာပြည်နဲ့ နယ်စပ်ဒေသတွေမှာ ငြိမ်းချမ်းရေးရဖို့ကို အင်မတန် လိုလားနေတယ်လို့ သူတို့ကလည်း ပြောဆိုနေပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နံှမှုတွေ ရှိတယ်။ နောက် တောက်လျှောက်လည်း One Belt One Road ဆိုတဲ့ အစီအစဉ်မျိုးတွေ အကောင်အထည်ဖော်ဖို့တွေ ရှိနေတယ်ဆိုတဲ့ အနေအထားမျိုးတွေ။ နောက် သဘာဝဓါတ်ငွေ့ပိုက်လိုင်းတွေ၊ ရေနံပိုက်လိုင်းတွေကိုလည်း သူတို့ လုပ်ဆောင်နေတဲ့ အနေအထားမျိုးတွေပေါ်မှာ အားလုံးကို သုံးသပ်တဲ့အချိန်မှာတော့ တရုတ်ပြည်ဘက်က ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ်မှာ လိုလားတဲ့သဘောမျိုးတွေကို တွေ့ရပါတယ်။ ပိုပြီးတော့ ပါဝင်ပတ်သက်လာတဲ့ အနေအထားမျိုးတွေကိုလည်း တွေ့ရပါတယ်။ တွေ့ရပါတယ်ဆိုတော့ အဓိကအချက်အနေနဲ့တော့ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တောင်းဆိုချက်တွေနဲ့ အစိုးရနဲ့ ကြားထဲမှာ ညှိနှိုင်းနေတဲ့ အချက်တွေက တချို့ဟာတွေက လိုအပ်ချက်တွေ ရှိနေသေးတာကြောင့်မို့ ဒီလိုမျိုး ကြန့်ကြာနေသေးတယ်လို့ လက်မှတ်ပေါ်မှာ လက်မှတ်ရေးမထိုးသေးပေမယ့် သုံးသပ်ရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ မပြေလည်သေးတဲ့ အချက်တွေက တရားဝင်ထုတ်ပြန်တဲ့ အချက်မျိုးတွေ မရှိတော့ ကျနော်တို့အနေနဲ့ ဘယ်အချက် ဘယ်အချက်ဆိုတာမျိုး ထောက်ပြဖို့ကတော့ တော်တော်လေးကို ခဲယဉ်းပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု NCA လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေနဲ့ လက်မှတ်မရေးထိုးတဲ့ အဖွဲ့တွေအချင်းချင်း၊ သူတို့အချင်းချင်း ဆက်ဆံရေးကော ဘယ်လိုရှိပါလဲ။

ကိုမိုးဇော် ။ ။ အစောပိုင်းတုန်းကတော့ NCA လက်မှတ်ရေးထိုးသွားတဲ့ ရှစ်ဖွဲ့နဲ့ဆိုရင်တော့ မထိုးသေးတဲ့ အဖွဲ့တွေကြားထဲမှာ နှစ်ဘက်ညှိနှိုင်းဆွေးနွေးတာတွေ၊ ဆက်ဆံတာတွေ ရှိတယ်ဆိုတာမျိုး ရှိတယ်ဆိုတာကို သိရပါတယ်။ နောက်ပိုင်းတွေမှာဆိုရင်လဲ UNFC အဖွဲ့နဲ့ NCA ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေဆိုရင်လဲ ထိုင်းနိုင်ငံမှာ အပြန်အလှန် တွေ့ဆုံဆွေးနွေးတာတွေ၊ ညှိနှိုင်းတာတွေ ရှိတယ်ဆိုတာတွေကို သိရပါတယ်။ ဟိုလိုမျိုးကြီး ဆက်ဆံရေးပျက်ပြားသွားမှ မတွေ့ဆုံတဲ့ သဘောမျိုး။ သဘောထား တင်းမာတဲ့ အနေအထားမျိုးတွေမျိုး။ လက်မှတ်ရေးထိုးတဲ့အဖွဲ့နဲ့ မထိုးတဲ့အဖွဲ့ကြားမှာ တင်းမာတဲ့ အနေအထားမျိုးတွေတော့ အခုအချိန်အထိ ကျနော်တို့ မတွေ့မိသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ANC ရခိုင်အမျိုးသားကွန်ဂရက် - အဲဒီအဖွဲ့က NCA မှာ လက်မှတ်ရေးထိုးမယ်လို့ ပြောပြီးတော့ နောက်ဆုံးအချိန်မှာ မရေးထိုးဘူးတော့ဘူးလို့ သူက ပြောလိုက်ပါတယ်။ အဲဒါဟာကော ဘယ်လောက်အထိ ဒီဆွေးနွေးပွဲမှာ ဂယက်ရိုက်ခတ် နိုင်ပါလဲ။

ကိုမိုးဇော် ။ ။ အဲဒီဟာကတော့ ကျနော်တို့ သုံးသပ်ဖို့တော့ နည်းနည်းတော့ ခက်ပါတယ်။ သူတို့ရဲ့ ထုတ်ပြန်ချက်မှာတော့ UNFC ဘက်ကနေ တင်ပြထားတဲ့ အချက် (၈) ချက်၊ နောက်ပိုင်း (၉) ချက်လို့လည်း ပြောတယ်။ ဒီအချက် (၈) ချက်ကို အပြီးအပြတ် မဆွေးနွေးနိုင်သေးတဲ့ အနေအထားကြောင့် သူတို့ပါဝင် လက်မှတ်ရေးမထိုးနိုင်ဘူး ဆိုတဲ့ဟာမျိုးကို ထုတ်ပြန်တယ်။ နောက်တချက်က ကရင်နီတိုးတက်ရေးပါတီ (KNPP) ဘက်မှာ ပြီးခဲ့တဲ့ လပိုင်းကတည်းက ဖြစ်ပေါ်ခဲ့တဲ့ ရဲဘော် (၃) ယောက် သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ပြေပြေလည်လည် မရှင်းလင်းနိုင်သေးတဲ့ အနေအထားတရပ်ကြောင့်မို့ ပါဝင်လက်မှတ်မရေးထိုးသေးဘူးဆိုတဲ့ အနေအထားမျိုး ပြောပါတယ်။ အဲဒီအချက်တွေကို ပြေလည်အောင် ညှိနှိုင်းရင်တော့ နောက်ပိုင်းမှာ ပါဝင်လာနိုင်မယ်လို့ ပြောလို့ရနိုင်ပါတယ်။

XS
SM
MD
LG