သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရလက်ထက် တိုင်းရင်းသားပြဿနာ ပြေလည်ရေး


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုငံမှာ NLD အစိုးရက ပြည်နယ်တချို့မှာ ဝန်ကြီးချုပ် ရာထူးခန့်အပ်တဲ့ကိစ္စ၊ တိုင်းရင်းသားတချို့ကို အရေးကြီးတဲ့ နိုင်ငံရေးရာထူးခန့်ထားတဲ့အခါ သက်ဆိုင်ရာပါတီတွေနဲ့ ကြိုတင်မညှိနိုင်းခဲ့တဲ့ ကိစ္စတွေကြောင့် တိုင်းရင်းသာပါတီတွေဘက်က အမြင်မကြည်လင်မှုတွေ ရှိနေတွေ့ရပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသားနယ်မြေတချို့မှာလဲ အစိုးရစစ်တပ်ထိုးစစ်တွေ ပြင်းထန်လာနေပါတယ်။ ဒီဖြစ်ထွန်းမှု နှစ်ခု ဘယ်လို ဆက်စပ်မှု ရှိပါလဲ။ တိုရင်းသားပြသနာ ပြေလည်ရေးအတွက် ဘယ်လိုဆောင်ရွက်သင့်ပါသလဲ။ ငြိမ်းချမ်းရေး စေ့စပ်မှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူ၊ တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ခွန်ဥက္ကာ၊ ရခိုင်အမျိုးသားကောင်စီ (ANC) အတွင်းရေးမှူး ဦးထွန်းဇော်တို့ နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ NLD အစိုးရ မတက်ခင်တုန်းက ပြည်သူတွေ၊ တိုင်းရင်းသားတွေအားလုံးက မျှော်လင့်ခဲ့ကြပါတယ်။ NLD အစိုးရ တက်လာတဲ့အခါ တိုင်းရင်းသားပြဿနာ ပြေလည်နိုင်တဲ့ အလားအလာ ပိုရှိလာမယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့လဲ အခုလောလောဆယ်မှာ သေနတ်သံတွေ ပိုထွက်လာတယ်။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး အခြေအနေက ပိုပြီးတော့ ဆိုးလာတယ်လို့ အကြမ်းအားဖြင့် သတ်မှတ်နိုင်တယ်လို့ ကျနော် ထင်ပါတယ်။ ခွန်ဥက္ကာ ဘယ်လို သဘောရပါလဲ။

ခွန်ဥက္ကာ ။ ။ ကျနော်တို့ အပစ်အခတ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကတော့ မူလပထမကတော့ သမ္မတဦးသိန်းစိန်နဲ့ တပ်မတော်တို့ လုပ်ဆောင်ခဲ့တဲ့ တာဝန်တွေဖြစ်တော့ အဲဒီလုပ်ငန်းအဆက်ကို အခုလက်ရှိ NLD အစိုးရက ဆက်လက်ပြီး ဆောင်ရွက်ရမှာ ဖြစ်တာပေါ့။ ဒါကြောင့် အကူးအပြောင်းကာလမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ ဆက်သွားရမယ့်လမ်းကြောင်းက မရှင်းသေးတဲ့အခါကြတော့ ဒီလို ရှုပ်ထွေးမှုတွေ ရှိတယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ရှုပ်ထွေးမှုတွေ ရှိတယ်ဆိုတာ တဘက်က တမင်တကာ ရှုပ်ထွေးအောင် လုပ်လာသလား။ NLD အစိုးရအတွက်တော့ ပိုပြီးတော့ ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်လာတာပေါ့။ အခုလောလောဆယ် ကျနော်တို့ သတင်းတွေအရတော့ တပ်မတော်ဘက်က ထိုးစစ်တွေဆင်တယ်။ တိုင်းရင်းသားဒေသတချို့မှာ။ အထူးသဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထဲမှာ မပါဝင်ထားတဲ့ တိုင်းရင်းသားအင်အားစုတွေကို အတင်းအင်အားသုံး လက်လိမ်ချိုးပြီးတော့ လိုက်နှိမ်နင်းနေတယ်လို့ သုံးသပ်တာတွေလည်း ရှိပါတယ်။

ခွန်ဥက္ကာ ။ ။ ကျနော် တွက်တာကတော့ အာဏာရ NLD အစိုးရနဲ့ အစဉ်အလာအရ ထိန်းသိမ်းနေတဲ့ တပ်မတော်နဲ့ကြားမှာ နားလည်မှု အပြည့်အဝရဖို့က အရင်အဓိကကျတယ်လို့ ယူဆတယ်။ ဒီ အင်အားစုကြီးနှစ်ခုကြားမှာ နားလည်မှု အပြည့်အဝရတဲ့အပေါ်မှာ ကျန်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းအပါအဝင် အပစ်အခတ်ရပ်စဲရေးတွေအားလုံး ဆက်လက်သယ်ဆောင်နိုင်လိမ့်မယ်လို့ ယူဆတယ်။ ဒါကြောင့် ကျနော်တို့ ဘာမှဝင်ရောက်စွက်ဖက်လို့ မရတဲ့ အခြေအနေမျိုးမှာ လက်ရှိ NLD အစိုးရနဲ့ တပ်မတော်နဲ့ကြားမှာ အပြန်အလှန် လေးစားမှု၊ နားလည်မှု အမြင့်ဆုံးရဖို့ကိုပဲ ကျနော်တို့က တိုက်တွန်းအားပေးဖို့လိုတယ်။

ဦးကျော်ဇံသာ ။ ။ ဒီနေ့ပဲ ကြေညာချက် တွေ့ပါတယ်။ PNLA, AA, MMDAA တို့က ထုတ်ပြန်တဲ့ ကြေညာချက်။ သူတို့ဟာ ငြိမ်းချမ်းရေးကြေညာချက် ဖော်ဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ အလွတ်သဘော တွေ့ပြီးတော့ ညှိမယ်ဆိုတာကိုတောင်မှ လက်မခံတော့ဘူးဆိုပြီး ကြေညာချက်ထုတ်တာ တွေ့ရပါတယ်။ ကိုထွန်းဇော် ကို မေးချင်ပါတယ်။ ဘယ်လိုသဘောရပါလဲ။ ဒီဟာကို တိုင်းရင်းသားတွေဘက်ကလဲ ပိုပြီးတင်းမာမှုကို ပြန်လည်ပြသတဲ့သဘောလို့ ယူဆရမလား။

ဦးထွန်းဇော် ။ ။ အဲဒီလိုတော့ မဟုတ်ပါဘူး။ ကျနော်တို့ ဆွေးနွေးဖို့အတွက် ကမ်းလှမ်းတဲ့ပုံစံက နည်းလမ်းမကျဘူးပေါ့။ အဓိကတော့ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ပြောရမှာပေါ့။ NLD အစိုးရ တက်လာပြီ။ NLD အစိုးရကနေ ဖိတ်ခေါ်မှု ကမ်းလှမ်းမှုလည်း မရှိဘူး။ နောက်ပြီးတော့ အခုသွားနေတဲ့ ဖြစ်စဉ်က NLD အစိုးရကနေ တစုံတရာ ပြောဖို့လိုတယ်။ ဒါက လက်ရှိ အစိုးရကနေ ခင်းကျင်းလိုက်တဲ့ ငြိမ်းချမ်းရေး Process ဖြစ်တယ်ဆိုတဲ့ အဓိကတော့ Legitimacy ပေါ့။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ သက်တမ်းမှာ အလုပ်သဘော တွေ့ဆုံမှုတွေ မြောက်မြားစွာ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ လက်တွေ့မှာ အဲဒီမြောက်မြားစွာ လုပ်ခဲ့တဲ့ အလုပ်သဘော တွေ့ဆုံဆွေးနွေးမှုတွေက တချို့နေရာတွေမှာ တဘက်ရဲ့ အစိုးရရဲ့ တလွှဲအသုံးချမှုတွေ ဖြစ်သွားစေခဲ့တယ်။ အဲဒါကို ဒီဘက်ကလဲ သတိကြီးစွာနဲ့ ချဉ်းကပ်နေတဲ့ သဘောရှိတယ်။ NLD အစိုးရဘက်က လက်ရှိ အနေအထားမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖော်ဆောင်ဖို့အတွက် အဆင်သင့် မဖြစ်သေးဘူးဆိုတဲ့ အနေအထားမှာ ရှိနေတယ်။ အဲဒါကြောင့် ဒီအနေအထားမှာ တပ်ဘက်က လာပြီးတော့မှ တကယ် ချဉ်းကပ်တာလား။ သို့မဟုတ်ရင် ဒီဘက်မှာ လာပြီးတော့မှ တခြားနည်းလမ်းနဲ့ စမ်းသပ်မှု လုပ်မှာလား။ သံသယတွေ၊ မယုံကြည်မှုတွေပေါ့။ ဒီမယုံကြည်မှုတွေ တိုးပွားနေတဲ့အခါမှာ ဒီလိုဖြစ်တယ်လို့ပဲ အဲဒီလို နားလည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ခွန်ဥက္ကာကတော့ စောစောက ပြောသွားပါတယ်။ NLD အစိုးရနဲ့ တပ်မတော်ကြားမှာ နားလည်မှု မရသေးဘူးလို့ သူက သုံးသပ်ပါတယ်။ ကိုထွန်းဇော် အဲဒီလိုပဲ ထင်သလား။

ဦးထွန်းဇော် ။ ။ ဟုတ်ပါတယ်။ အဓိကတော့ အစိုးရသစ် ဖွဲ့လိုက်ပြီ။ ဒါပေမဲ့ တပ်မတော်ကနေ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု မပြဘူး။ ဥပမာ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူးဆိုတဲ့ အနေအထားမှာ တွေ့နေရတယ်။ အထူးသဖြင့် အဓိက သက်သေပြနေတာက မြေပြင်မှာ စစ်တပ်က သူလုပ်ချင်တဲ့ကိစ္စကို လုပ်မြဲတိုင်း လုပ်နေတယ်။ ထိုးစစ်တွေကို စဉ်ဆက်မပြတ် လုပ်နေတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ NLD အစိုးရကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု မလုပ်သေးဘူး။ NLD အစိုးရက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးမှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်ဖွဲ့မယ်ဆိုပြီးတော့ ကျနော်တို့ ကြားတယ်။ ဒီဥစ္စာတွေ နှောင်နှေးကြန့်ကြာနေမှုကလဲ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြားမှာ အပေးအယူမတည့်ဘူးဆိုတဲ့ အနေအထားကို အကဲဖြတ်လို့ရတယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအပြင် မြေပေါ်မှာ တရားဝင်ရှိနေတဲ့ တိုင်းရင်းသားပါတီတွေနဲ့ NLD ဆက်ဆံရေးကိုလည်း ကျနော် နည်းနည်းမေးချင်ပါတယ်။ တချို့တိုင်းရင်းသားတွေကို အရေးပါတဲ့နေရာ၊ ရာထူးတွေမှာ ခန့်အပ်ပါတယ်။ ဒါကို ကြိုဆိုကြပါတယ်။ ဒါပေမဲ့လဲ ပါတီကို အသိအမှတ်ပြုပြီးတော့ ပါတီချင်း မဆွေးနွေးဘဲနဲ့ အဲဒီပါတီကလူကို ကြိုက်ရာလူကို ခေါင်းခေါက်ပြီး ခန့်တယ်ဆိုပြီးတော့ တချို့တိုင်းရင်းသားပါတီတွေက မကျေနပ်မှုတွေလည်း ရှိနေပါတယ်။ တကယ်တော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တကယ်ဖြစ်သင့်တာက ပါတီကို အသိအမှတ်ပြုတဲ့အနေနဲ့ မဆွေးနွေးခဲ့သင့်ဘူးလား။

ခွန်ဥက္ကာ ။ ။ ဒါကတော့ ပြည်တွင်းနိုင်ငံရေးပါတီတွေကြားမှာ ရှိနေတဲ့ ပြဿနာပေါ့။ အဲဒါကို ကျနော်က ဝင်ရောက်ပြီးတော့ သဘောထားပေးဖို့ ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းမှာ NLD ပါတီနဲ့ တိုင်းရင်းသားပါတီတွေက အတိုက်အခံဘဝတုန်းက အတူလက်တွဲပြီးတော့ စစ်အာဏာရှင်အစိုးရကို အမျိုးမျိုးဆန့်ကျင်ခဲ့ကြတာ။ တပူးတပေါင်းတည်း လုပ်ခဲ့ကြတယ်။ အခုအခြေအနေမှာ NLD လူထုရဲ့ ဆန္ဒအရ အစိုးရ ဖြစ်လာတဲ့အချိန်မှာ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဖက် တိုင်းရင်းသားနိုင်ငံရေးပါတီတွေအပေါ်မှာ ထားတဲ့သဘောထားကတော့ နည်းနည်းပြန်သုံးသပ်ဖို့တော့ လိုတယ်။ တိုင်းရင်းသားနိုင်ငံရေးပါတီများအနေနဲ့လဲ အပြန်အလှန် အသိအမှတ်ပြုပြီးတော့ လက်ရှိ အနေအထားအရ တာဝန်ကျနေတဲ့ NLD နဲ့ အစိုးရအပေါ် ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲဆိုတာဟာ။ အဓိကတော့ တိုင်းပြည်ရဲ့ ရှေ့ရေးကို ပူးပေါင်းဆောင်ရွက်ဖို့၊ သယ်ဆောင်ဖို့ ဝိုင်းဝန်းကြိုးစားရင်တော့ ပိုကောင်းတယ်လို့ ကျနော် ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် မေးရတာက မြေပေါ်မှာရှိတဲ့ တိုင်းရင်းသားပါတီတွေနဲ့ အစိုးရနဲ့ ဆက်ဆံရေး ပြေလည်ခြင်းဟာ လက်နက်ကိုင်တော်လှန်နေကြတဲ့ တိုင်းရင်းသားအင်အားစုတွေနဲ့ ဆက်ဆံရေးမှာလဲ အထောက်အပံ့ ဖြစ်မယ်လို့ ယူဆလို့ပါ။ အထူးသဖြင့် ရခိုင်မှာ ကြည့်မယ်ဆိုရင် မဲအများစုနိုင်ခဲ့တဲ့ ANP နဲ့ NLD ဆက်ဆံရေး ကတောက်ကဆ ဖြစ်တာကို တွေ့ရပါတယ်။ တချိန်တည်းမှာ တိုက်ဆိုင်မှုဆိုဆို၊ AA နဲ့လည်း အစိုးရတပ်နဲ့ကြားမှာ တိုက်ပွဲတွေ ပြင်းထန်လာနေပါတယ်။ အဲဒါကြောင့် ဒီမေးခွန်းကို မေးရတာပါ။ ဒီနှစ်ခုဟာ တခုနဲ့တခု ဆက်စပ်နေတယ်လို့ မယူဆနိုင်ဘူးလား။ ကိုထွန်းဇော် ပြောပါ။

ဦးထွန်းဇော် ။ ။ ဆက်စပ်နေပါတယ်။ အဓိက NLD အနေနဲ့ ကျနော်မြင်တာက သူက ပါတီအချင်းချင်း ဆက်ဆံရေး လုပ်သင့်တယ်လို့ ကျနော် မြင်ပါတယ်။ နောက်ပြီးတော့ NLD ဖက်ကိုလည်း နားလည်မှု တခုပေးဖို့ လိုတာက ဘာလဲဆိုတော့ သူတို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ခွဲထားတဲ့ မှတ်ပုံတင်ထားတဲ့ တရားဝင်နိုင်ငံရေးပါတီပေါင်း (၉၀) ကျော် ရှိပါတယ်။ ကျနော်တို့ သိရသလောက်။ အဲဒီ (၉၀) ကျော်ထဲမှာ တိုင်းရင်းသားနိုင်ငံရေးပါတီပေါင်း (၆၀) ကျော်လောက် ရှိတယ်လို့ သိရပါတယ်။ ဆိုတော့ ပါတီအချင်းချင်း ဆက်ဆံဖို့က NLD မှာ အဲဒီ (၆၀) ကျော် နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံဖို့က သူ့အနေနဲ့ မလွယ်ဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ NLD အနေနဲ့ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီတွေကိတောင် သူက ပါတီအချင်းချင်း ဆက်ဆံရေး၊ တန်းတူရည်တူပေါ့။ ပထမတဆင့် အဲဒီလို လုပ်သင့်တယ်။ အဲဒါပြီးမှ သူ့ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံတဲ့ Unity Government သို့မဟုတ် National Reconciliation Governemnt အမျိုးသားပြန်လည်သင့်မြတ်ရေး အစိုးရလိုမျိုး သူဖွဲ့သွားတာ တွေ့တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး အစိုးရ ဖွဲ့မယ့်ပုံစံတွေကို အနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေကို ချပြခဲ့သင့်တယ်။ အဲဒီလို အဆင့်ဆင့် သူလုပ်ခဲ့မယ်ဆိုရင် ဒီလို အခုလိုမျိုး အဖုအထစ်တွေ မရှိဘူးပေါ့။ ကျနော် အဲဒီလိုမျိုးတော့ မြင်ကြည့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု ကျနော် စဉ်းစားကြည့်တာက မြေပေါ်မှာရှိနေတဲ့ တရားဝင် နိုင်ငံရေးပါတီတွေနဲ့ ပြေလည်မှုရတယ်ဆိုရင် ဒေသခံပြည်သူတွေအနေနဲ့ ဗဟိုအစိုးရအပေါ်မှာ အမြင်တော့ တမျိုးတမြည် ပိုပြီးတော့ ပျော့ပျောင်းတဲ့သဘောထား ရှိမယ်ထင်ပါတယ်။ အခုတော့ နိုင်ငံရေးပါတီအချင်းချင်းလဲ မတည်ဘူး။ တချိန်တည်းမှာပဲ လက်နက်ကိုင်အင်အားစုတွေကို သူတို့ဒေသထဲ လာပြီးတော့ အပြင်းအထန် တိုက်နေတယ်။ ထိုးစစ်ဆင်နေတယ်။ စစ်ပြေးဒုက္ခသည်တွေ အများကြီး ဖြစ်လာနေတယ်။ ဒီနှစ်ခု အဲဒီလို ဆက်စပ်မှုကို ဘယ်လို မြင်ပါလဲ။ ဆက်ပြီးတော့ ပြောပါ။

ဦးထွန်းဇော် ။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အောက်မှာ ဒီလို ဖြစ်နေတာတော့ မဆန်းဘူးလို့ ကျနော် မြင်တယ်။ အဲဒါကြောင့် အခုလောလောဆယ်မှာ ဘာလုပ်ရမလဲဆိုတော့ NLD အစိုးရအနေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေကို အတိုင်းအတာတခုအထိ သူ့ရဲ့လမ်းစဉ်တွေ၊ မူဝါဒတွေကို ချပြရမယ်။ ပါတီအချင်းချင်း ဆက်ဆံရေးကို တိုးမြှင့်ပြီး လုပ်ဖို့လိုတယ်။ ပြီးတော့ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ ပတ်သက်ပြီးတော့ အသေးစိတ် တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ချပြနိုင်မယ်ဆိုရင်တော့ ကျနော်တို့အားလုံး ပူးပေါင်းဆောင်ရွက်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းစဉ်ကြီးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကြီးကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ အဲဒီလိုမျိုး သုံးသပ်မိပါတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကိစ္စ၊ တိုင်းရင်းသားပြဿနာ ပြေလည်ဖို့က သိပ်အရေးကြီးတဲ့ ကိစ္စပါ။ တိုင်းပြည်ဒီမိုကရေစီ ဖော်ဆောင်ဖို့ ရှေ့တိုးဖို့ဆိုတာ အင်မတန် ခက်ပါလိမ့်မယ်။ မအောင်မြင်ခဲ့ရင်။ ဆိုတော့ ဒီဟာကို အောင်မြင်အောင်၊ စစ်တပ်နဲ့ NLD ဆက်ဆံရေး တခုတည်းလား။ သို့မဟုတ် သူတို့ရဲ့ သဘောထား attitude တွေကို ပြင်ဖို့ လိုအပ်နေလား စသဖြင့် ခွန်ဥက္ကာရဲ့ ရှေ့ရေးအမြင်၊ ဘယ်လို လုပ်သင့်တယ်ဆိုတာကို ပြောပါအုံး။

ခွန်ဥက္ကာ ။ ။ ပြည်တွင်းမှာရှိတဲ့ NLD ပါတီနဲ့ တိုင်းရင်းသားပါတီတွေရဲ့ ဆက်ဆံရေး အခုနကပြောတာ ရခိုင် ဥပမာ ပေးခဲ့တယ်။ ကျနော် ပိုပေးချင်တာက ရှမ်းပြည် ဥပမာ။ ရှမ်းပြည်မှာ SNLD ပါတီကြီးကလည်း NLD နဲ့ မဟာမိတ် ဖြစ်နေတယ်ကြားထဲမှာ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကို ခန့်အပ်တဲ့ကိစ္စမှာတော့ NLD က ကိုယ့်သဘောနဲ့ကိုယ် လုပ်ဆောင်သွားတဲ့သဘော တွေ့ရတော့ ရှမ်းပြည်နယ်ဘက်ကကြည့်ရင် စိတ်မကောင်းစရာ ဖြစ်မယ်။ အခု ရှမ်းပြည်နယ် နိုင်ငံရေးပါတီတွေက ဦးဆောင်နေတဲ့ UNA လို နိုင်ငံရေးပါတီများ အစုအဖွဲ့ကလည်း တစုံတရာ စဉ်းစားစရာ ဖြစ်လာနိုင်တယ်။ ဒါကြောင့် UNA လို ပါတီတွေနဲ့ ပါတီအစုအဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ NLD မှာလည်း သဘောထား ချမှတ်ပြီးတော့ မဟာမိတ် ပူးပေါင်းဆက်သွယ်ရေးနဲ့ Power Sharing တော့ စဉ်းစားဖို့ လိုတယ်လို့တော့ ကျနော် ယူဆတယ်။ အဲဒါ တချက်ပေါ့။ နောက်တခုကတော့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ အားလုံးက ကျပ်တည်းနေတာဆိုတော့ မှန်ပေမယ့်၊ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို ကြိုးစားပြီးတော့ ဘယ်လို ပုဒ်မတွေ၊ အခန်းကဏ္ဍတွေ စပြင်သွားမလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ပါပြီသားဖြစ်တဲ့အခါကြတော့ ကျနော်တို့ အဲဒီနှစ်ခုရဲ့ Balance ချိန်ခွင်လျှာကိုတော့ တချက် စောင့်ကြည့်နေရတဲ့သဘောတော့ ရှိတာပေါ့။

XS
SM
MD
LG