သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုအပ်နေသော NLD-ANP သင့်မြတ်ရေး


Diplomats visit Northern Rakhine
Diplomats visit Northern Rakhine
လိုအပ်နေသော NLD-ANP သင့်မြတ်ရေး
please wait

No media source currently available

0:00 0:11:43 0:00
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ရခိုင်မြောက်ပိုင်း ပြဿနာဟာ ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာ၊ ပြည်ထောင်စုလုံခြုံရေးတို့နဲ့ ပတ်သက်နေတယ်ဆိုတာ အားလုံးလက်ခံထားကြပေမယ့် ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းမယ့် နေရာမှာတော့ အထူးသဖြင့် NLD အစိုးရနဲ့ ရခိုင်အမျိုးသားပါတီတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာ နည်းပါနေပါတယ်။ တိုင်းပြည်အတွက် အရေးကြီးတဲ့ ဒီပြဿနာမှာ နှစ်ဘက်ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာ ဘယ်လောက်ရှိပါသလဲ။ ANP (Arakan National Party) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အမျိုးသားလွှတ်တော်ဆိုင်ရာ ရသေ့တောင်မြို့နယ် လူထုကိုယ်စားလှယ် ဒေါ်ခင်စောဝေ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံအနောက်ဘက် ပြဿနာဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်တယ်။ အကြမ်းဖက်မှုနဲ့ ပတ်သက်နေတယ်။ ဒါကို အလေးထားဖို့အတွက် ဆရာမတို့ရဲ့ ANP ပါတီက လွှတ်တော်မှာ မကြာခဏ တင်ပြခဲ့ပါတယ်။ ဒါကို အစိုးရကကော၊ NLD ပါတီကို ကိုယ်စားပြုတဲ့ လွှတ်တော်ပါတီဥက္ကဋ္ဌအပါအဝင် သူတို့က လက်မခံကြဘူး။ အမြဲတမ်း ပယ်ချခဲ့တယ်။ အခုအခါမှာတော့ NLD အစိုးရက ဒါကို လက်ခံလိုက်ပါပြီ။ ဒီတိုက်ခိုက်မှုဟာ အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်တယ်။ ဒီလူတွေဟာ အကြမ်းဖက်သမားတွေလို့ သူတို့က အသိအမှတ်ပြုလိုက်ပါပြီ။ ဆိုတော့ တနည်းအားဖြင့် ပြောရရင် ANP ပါတီက ဖြစ်စေချင်တဲ့အတိုင်းတော့ ဖြစ်လာပြီလို့ ဆိုရပါလိမ့်မယ်။ ဆိုတော့ ANP အနေနဲ့ ဒီအရေးမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာ ဘယ်လောက်ရှိလာပြီလဲလို့ မေးချင်ပါတယ်။

ဒေါ်ခင်စောဝေ ။ ။ ကျမတို့အနေနဲ့လည်း ပြည်သူက တင်မြှောက်လိုက်တဲ့ အစိုးရနဲ့ ကျမတို့ ပူးပေါင်းဆောင်ရွက်ဖို့ လိုလိုလားလား ရှိပါတယ်။ ဒါပေမဲ့ ကျမတို့ အရင်တုန်းကတည်းက ဖွဲ့စည်းပုံအခြေအနေအရ ဝန်ကြီးချုပ်ကို ပေးကတည်းက ကျမတို့က ကြေညာချက်တစောင် ထုတ်ခဲ့တဲ့အပေါ်နဲ့ ပတ်သက်ပြီးတော့ ကျမတို့ တော်တော်များများ အတိုက်အခံလုပ်မယ်ဆိုပြီး ပြောပါတယ်။ ဒါပေမဲ့ ကျမတို့ အတိုက်အခံ လုပ်တာသည် ကိုယ့်ရဲ့အမျိုးသား အကျိုးစီးပွားအတွက်သာ ကျမတို့ တူညီခဲ့ရင် ပူးပေါင်းလုပ်ဖို့ အဆင်သင့် ရှိနေကြပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် အဓိက သိချင်တာက အခုအခါမှာ လုံခြုံရေး တိုးမြှင့်ချထားမှုတွေ ရှိပါလား။ မရှိဘူးလား။

ဒေါ်ခင်စောဝေ ။ ။ အခုအချိန်မှာတော့ လုံခြုံရေးတော့ လောလောဆယ်မှာ ရှိနေပါတယ်။ ဒါပေမဲ့လဲ တချို့သော ဘင်္ဂလီတွေက ပြောင်းနေကြပါတယ်။ အဲဒီအတွက်ကြောင့် အဲဒီ ဘင်္ဂလီတွေက ကျမတို့ ရခိုင်တိုင်းရင်းသားဘက်တွေကို ပြန်လည်တိုက်ခိုက်ဖို့ အခြေအနေရှိတယ်လို့ သုံးသပ်တဲ့အတွက် အခုဆိုရင် လုံခြုံရေးတွေ တော်တော်များများ ပြန်လည်ချထားတာကိုတော့ ကျမတို့ သိရှိရပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ လုံခြုံရေး ချထားပြီဆိုတော့ ရှေ့ကို ပူးပေါင်းနိုင်မယ့် အလားအလာကို အဓိက သိချင်တာ ဖြစ်ပါတယ်။ ဘာပဲပြောပြော အဆိုကို သူတို့ လက်မခံခဲ့ပေမယ့် လက်တွေ့အခြေအနေအရ သူတို့ဘက်က လုံခြုံရေး တိုးမြှင့်ချထားလာရပြီ။ ဆရာမတို့ဘက်က ဒါကို လိုချင်တယ်။ အဲဒီတော့ အခုလောလောဆယ်မှာ အဲဒီကိစ္စအပြင် တခြား ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ NLD နဲ့ ANP ကြား ရှိလာပါလဲ။

ဒေါ်ခင်စောဝေ ။ ။ NLD အစိုးရကတော့ ကျမတို့နဲ့ ပူးပေါင်းဆောင်ရွက်မှု အရမ်းအားနည်းပါတယ်။ အခုအချိန်အထိ။ အခုဆိုရင် ကျမတို့ ရခိုင်ပြည်နယ်မှာ ပြည်သူလူထုက အားပေးထောက်ခံထားတဲ့ ANP ပါတီ ရှိပါတယ်။ ရခိုင်လူမှု့အဖွဲ့အစည်းတွေ အများကြီး ဖွဲ့စည်းထားတာ ရှိပါတယ်။ ရခိုင်ဆရာတော်ကြီးတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ NLD အစိုးရဘက်က လာပြီးတော့ ကျမတို့နဲ့ ပူးပေါင်းပြီး လုပ်ဆောင်တယ်ဆိုတဲ့အသံဟာ ဒီနေ့အချိန်အထိ တိတ်ဆိတ်နေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ ဒီပြဿနာတွေ ဖြစ်တဲ့အပေါ်မှာ ရခိုင်တိုင်းရင်းသား အများစု ခံစားချက်၊ နာကျည်းချက်တွေဟာ တော်တော်များပါတယ်။ အဲဒီတော့ မြေပြင်အခြေအနေကို အဓိက သိတာကတော့ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ အခုနကပြောတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ဒီကိစ္စတွေက အခုကတော့ တော်တော်လေး ငြိမ်သွားပါပြီ။ ဘင်္ဂလီတွေက ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတာ သူတို့ပြောဆိုချက်အရ ငါးသိန်းကျော် ရှိတယ်လို့ ပြောပါတယ်။ အဲဒီအတွက်ကြောင့် သူတို့ကို စီစစ်ပြီးတော့ ဒီမှာပြန်နေရာချထားဖို့ဆိုရင် ကျမတို့ ရခိုင်တိုင်းရင်းသားတွေရဲ့ အသံကို နားထောင်ဖို့ လိုပါတယ်။ ပြီးတော့ ကျမတို့တွေနဲ့ မြေပြင်အခြေအနေကို အကုန်လုံး ပူးပေါင်းပြီး လုပ်ဆောင်မှ အောင်မြင်လိမ့်မယ်လို့ ကျမအနေနဲ့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဓိက ပူးပေါင်းဆောင်ရွက်စေချင်တာကတော့ ပြန်လည်လက်ခံမယ့်ကိစ္စမှာ ရခိုင်တိုင်းရင်းသားတွေရဲ့အမြင်၊ ရခိုင်တိုင်းရင်းသားတွေရဲ့ အသံကို နားထောင်ဖို့ လိုအပ်တယ်ပေါ့။ အဲဒီအချက်က အဓိက ပူးပေါင်းဆောင်ရွက်မှုပေါ့။

ဒေါ်ခင်စောဝေ ။ ။ နောက်တခုက မောင်းတော၊ ဘူးသီးတောင်မှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ လုံခြုံရေးတွေ။ နောက်တခါ … မှာလုပ်ဆောင်မယ့် အနာဂတ် စီးပွားရေးအတွက် အစိုးရအနေနဲ့ ဘယ်လို အာမခံချက်တွေ ပေးမလဲဆိုတာကို တိတိကျကျ ပြည်သူတွေကို ပြောပြဖို့သင့်ပါတယ်။ အဲဒါမှလဲ ပြည်သူတွေက ကိုယ့်နေရာမှာကိုယ် ပြန်နေဖို့ အားရှိလာမယ်။ နောက်တခါ ရခိုင်လူထုအသံကို ဒီအစိုးရအနေနဲ့လည်း အလေးအနက်ထားပြီး နားထောင်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးတခုက ရွေးကောက်ပွဲနောက်ပိုင်းမှာ ပြည်နယ်အစိုးရ ခန့်ထားတဲ့ကိစ္စ။ ပြည်နယ်ဝန်ကြီးချုပ် ရွေးချယ်တဲ့ကိစ္စက စတယ်လို့ ထင်ပါတယ်။ ကျနော် စဉ်းစားမိတာကို ပြောတာပါ။ ငါတို့က ပြည်နယ်အစိုးရ ခန့်ထားပြီးပြီ။ ဒီအစိုးရနဲ့ ဘာကြောင့် ပူးပေါင်းမဆောင်ရွက်သလဲ သဘောများ သူတို့ဆီမှာ ရှိနေသလား။

ဒေါ်ခင်စောဝေ ။ ။ ဝန်ကြီးချုပ် မပေးလို့ ဒီကိစ္စတွေဖြစ်တာ မဟုတ်ပါဘူး။ အစကတည်းက ဝန်ကြီးချုပ် ခန့်သည်ဖြစ်စေ၊ မခန့်သည်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်တွေ အများဆုံးနိုင်တဲ့ ကျမတို့ ရခိုင်ပါတီနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့အတွက် ကျမတို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အဲဒါကို သူတို့အနေနဲ့ ကျမတို့ ၁/၂၀၁၆ ထုတ်လိုက်တဲ့ဟာကို သူတို့နားလည်မှု လွဲကုန်တာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု ကျနော် သိချင်တာက ဆရာမတို့ အမျိုးသားလွှတ်တော်မှာ၊ နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ဖြစ် လွှတ်တော်ရပ်နားတဲ့အချိန်မှာ ပြည်သူ့ကိုယ်စားလှယ်အချင်းချင်း အလွတ်သဘောတွေ့တဲ့အခါမှာ NLD ကိုယ်စားလှယ်တွေနဲ့ စားရင်သောက်ရင်ဖြစ်ဖြစ် တွေ့ဆုံပြီးတော့ အလွတ်သဘော ပြောကြတာတွေ ရှိပါသလား။ အဲဒီလိုရှိရင် ဒီကိစ္စကို ဆွေးနွေးကြလား။

ဒေါ်ခင်စောဝေ ။ ။ ရှိပါတယ်။ ကျမတို့တွေကတော့ အပြင်မှာ အကုန်လုံး ခင်ခင်မင်မင်ပါပဲ။ ကျမတို့ရဲ့ ခံယူချက်ကတော့[z1] NLD လွှတ်တော်ကိုယ်စားလှယ်များသည်လည်း နိုင်ငံတော်အကျိုးစီးပွားအတွက် ကိုယ့်မြန်မာနိုင်ငံ ကောင်းစားဖို့အတွက် လာတဲ့လူပါပဲ။ ကျမတို့ ရခိုင်ပြည်နယ်က တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ခံယူချက်ချင်း တူညီကြပါတယ်။ အဲဒီအတွက်ကြောင့် လွှတ်တော်အတွင်းမှာ သူတို့ ကန့်ကွက်တယ်ဆိုပေမယ့် သူတို့က ဒါဟာ မြေပြင်အခြေအနေကို အဓိက နားမလည်လို့ ဒီလိုဖြစ်တယ်လို့ပဲ ကျမတို့ ခံယူပါတယ်။

နောက်တခါ သူတို့ တိုင်းရင်းသားတွေရဲ့ စိတ်ခံစားချက်ကို နားလည်ပုံ မရှိပါဘူး။ နောက်တခါ ကျမတို့ ဘူးသီးတောင်၊ မောင်းတောမှာ ဘင်္ဂလီတွေ လူဦးရေ ဒီလိုများနေတယ်။ ဘင်္ဂလီတွေရဲ့ အခြေအနေ၊ ဘင်္ဂလီတွေရဲ့ လူဦးရေ ပေါက်ဖွားမှုကို သူတို့က တိတိကျကျ မသိပါဘူး။ အဲဒီအတွက်ကြောင့်လဲ ကျမတို့ရဲ့ ANP ပါတီက ဆရာဦးလှစော က သူတို့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို မောင်းတောအခြေအနေကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်မှုလည်း ရှိပါတယ်။ အဲဒီတော့ ဆရာဦးကျော်ဇံသာ မေးသလိုပါပဲ ကျမတို့က အချင်းချင်း ဆွေးနွေးမှုတွေ ရှိပါတယ်။ မောင်းတော အခြေအနေတွေကိုလည်း ပြောပြပါတယ်။ တချို့တွေကတော့ နားလည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးလှစောတို့ ဖိတ်ခေါ်ပြီးတော့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ လာကြည့်ပါဆိုတာကို သူတို့ဘက်က လက်ခံပါလား။

ဒေါ်ခင်စောဝေ ။ ။ ဒီနေ့အချိန်အထိတော့ ဦးအေးသာအောင် - လွှတ်တော်ဒုတိယဥက္ကဋ္ဌ ခေါင်းဆောင်တဲ့အဖွဲ့လောက်ပဲ နေရပ်စွန့်ခွါတဲ့ လူတွေကို အားပေးကူညီမှုတွေ လာလုပ်တာတော့ တွေ့ပါတယ်။ နိုင်ငံတော်သမ္မတကြီးတို့၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့၊ လွှတ်တော်ဥက္ကဋ္ဌတို့ကတော့ ဒီနေ့အချိန်အထိ လာရောက်အားပေးမှုတွေ မရှိပါဘူး။ ဒါပေမဲ့ အဲဒါက လုံခြုံမှုကိုများ သူတို့ ကြောက်နေလို့များ ကျမတို့ဘက်ကို မလာရဲတာလားလို့ ကျမတို့ တွေးမိပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု NLD ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ နိုင်ငံတကာ မျက်နာစာမှာ ဒီအရေးနဲ့ ပတ်သက်လို့ ပြောတာတွေဟာ တော်တော်များများ တချို့ရဲ့ ဝေဖန်သံတွေဟာ ငြိမ်သက်သွားတယ်။ နှုတ်ဆိတ်သွားစေတယ် ဆိုပြီးတော့ သုံးသပ်ကြတာ ရှိပါတယ်။ အဲဒီကိစ္စတွေကို ဆရာမတို့အနေနဲ့ ဘယ်လို ပြောလိုပါလဲ။

ဒေါ်ခင်စောဝေ ။ ။ သူကတော့ သံတမန်ဆန်ဆန် ပြောသွားတာတွေတော့ ရှိပါတယ်။ နောက်ပြီးတော့ သူ့အနေနဲ့ ပြောသွားတာတွေကလည်း နိုင်ငံတကာကို ဖိတ်ခေါ်ပြီးတော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ဟာသည် နိုင်ငံတကာက တင်ပြထားတဲ့ဟာနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။ ကွဲလွဲချက်တွေ ရှိနေပါတယ်။ အဲဒီအတွက်ကြောင့် မြန်မာနိုင်ငံကို လာပြီးတော့ကြည့်ဖို့ ရခိုင်ပြည်နယ်ကို သူတို့အနေနဲ့ လိုက်ပို့ဖို့ဆိုပြီး ဖိတ်ခေါ်ချက်တွေ ရှိပါတယ်။ အဲဒီအတွက်ကြောင့်လဲ ဟိုတလောက သံတမန်တွေ ရောက်တာတွေ့ပါတယ်။ နိုင်ငံခြားက ကုလသမဂ္ဂက လာတာတွေ တွေ့ပါတယ်။ ရခိုင်ပြည်နယ်တွေကို သွားပြီလေ့လာတာတွေ ရှိပါတယ်။ အဲဒီအတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ ဘာပဲဖြစ်ဖြစ်ပါ နိုင်ငံတကာရဲ့ ထောက်ခံချက်ကိုတော့ တော်တော်များများ ရတယ်လို့ ကျမအနေနဲ့ ပြောချင်ပါတယ်။ လက်ရှိ ကျမတို့မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ဟာနဲ့ သူတို့ ကုလသမဂ္ဂ ပြောနေတဲ့ဟာတွေနဲ့တော့ ပြောင်းပြန်ဖြစ်နေတာကိုတော့ ကျမတို့ တွေ့နေရပါတယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံတကာက ပြောင်းပြန်ဖြစ်နေတာကို ဒေါ်အောင်ဆန်းစုကြည်က တည့်မတ်ပေးဖို့ ကြိုးစားတဲ့သဘောလို့ သုံးသပ်ကြပါတယ်။

ဒေါ်ခင်စောဝေ ။ ။ ဟုတ်ကဲ့ပါ။ သူ့အနေနဲ့ တည့်မတ်ပေးဖို့ ကြိုးစားတယ်ဆိုတာကို လက်ခံပါတယ်။ တည့်မတ်ပေးဖို့ ပြောတယ်ဆိုတာကိုလည်း ကျမတို့ ယုံကြည်ပါတယ်။ ဒါပေမဲ့လဲ ကျမတို့ ရခိုင်တိုင်းရင်းသားတွေရဲ့ ခံစားချက်ကိုတော့ ဒေါ်အောင်ဆန်းစုကြည် နားလည်ဖို့ လိုပါတယ်။ အခု နေရပ်စွန့်ခွါတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ အသံကို ထည့်ထည့်ဝင်ဝင် နားထောင်ဖို့ လိုပါတယ်။ ကျမတို့နဲ့ မဆွေးနွေးပဲနဲ့တော့ ဒီကိစ္စ အောင်မြင်လိမ့်မယ် မဟုတ်ဘူးဆိုတာကိုတော့ ကျမ ရဲရဲကြီး ပြောလိုပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးခွန်းတခု မေးပါရစေ။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေတွေကို နိုင်ငံတကာက အမြင်စောင်းနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က တတ်နိုင်သလောက် တည့်မတ်ပေးတယ်။ ကြိုးစားတယ်။ နိုင်ငံတကာ စာမျက်နှာမှာ ဒါကို ဆရာမတို့လည်း လက်ခံကြတယ်။ လူတွေကလည်း လက်ခံကြပါတယ်။ အဲဒီ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ရဲ့ အခြေအနေမှန်ကို နားမလည်ဘူး။ ရခိုင်တွေနဲ့ မတွေ့ဘူးလို့ ခံစားချက် ရှိနေရင် အဲဒီနိုင်ငံတကာ ကိုယ်စားလှယ်တွေနဲ့ ရခိုင်တွေက ဘာကြောင့်တိုက်ရိုက် မတွေ့နိုင်ရတာလဲ။ ANP ပါတီက Kofi Annanတို့လိုလူတွေ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်တွေ့ပြီးတော့ ပြောလိုက်ပါလား။ အဲဒီလို ဘာကြောင့် မတွေ့ဖြစ်တာလဲ။

ဒေါ်ခင်စောဝေ ။ ။ မဟုတ်ပါဘူးရှင့်။ ကျမတို့ Kofi Annan ကော်မရှင် ဖွဲ့စည်းတုန်းကလည်း ပြည်သူ့လွှတ်တော်မှာ ကျမ ကန့်ကွက်ခဲ့ပါတယ်။ နောက်တခါ ကျမတို့က ရခိုင်ပြည်နယ် လွှတ်တော်မှာလည်း Kofi Annan ဖွဲ့တဲ့ဟာကို ကျမတို့ ကန့်ကွက်ခဲ့ပါတယ်။ အဲဒီအဆိုသည် ဒီနေ့လွှတ်တော်မှာ အောင်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်မှာတော့ ဒီအဆို ရှုံးခဲ့ပါတယ်။ Kofi Annan နဲ့ တွေ့စရာအကြောင်းကို မရှိတော့ဘူးလို့ ကျမတို့ သတ်မှတ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ Kofi Annan ကော်မရှင်နဲ့ အဲဒီတော့ NLD အစိုးရကတဆင့် သွားမနေနဲ့ ကိုယ်တို့ကိုယ်တိုင် တွေ့ပြီးတော့ ရှင်းလိုက်ရင် ပိုပြီးတော့ မရှင်းဘူးလား။ သူတို့ ပိုပြီးတော့ သဘောမပေါက်နိုင်ဘူးလားလို့ ကျနော် စဉ်းစားကြည့်တာပါ။

ဒေါ်ခင်စောဝေ ။ ။ Kofi Annan နဲ့ ရှင်းတာထက် ကိုယ့်အစိုးရ NLD အစိုးရသည် ပြည်သူတွေ တင်မြှောက်ထားတဲ့ အစိုးရ - ကျမတို့ကိုယ်တိုင်လည်း လိုလိုလားလား ရှိပါတယ်။ ဒီ NLD အစိုးရ တက်လာလို့ရှိရင် ကျမတို့ မျှော်လင့်ချက်တွေလည်း အများကြီးထားခဲ့ကြပါတယ်။ အဲဒီအတွက်ကြောင့် ဒီအစိုးရနဲ့ ပူးပေါင်းပြီးတော့မှ ကျမတို့က နောက်တဆင့် တွေ့တာဟာ ပိုကောင်းလိမ့်မယ်လို့ သတ်မှတ်ပါတယ်။ အဲဒီအတွက်ကြောင့် ဒီအစိုးရကမှ ကျမတို့ကို ဒီလောက်အထိ အသိအမှတ်မပြုဘူးဆိုလို့ရှိရင် Kofi Annan နဲ့ တွေ့လို့ကော ကျမတို့ ဘာထူးမလဲပေါ့။ အခုလည်း ကျမတို့လည်း အမေရိကန်သံရုံးတွေက လာတွေ့တာလည်း ရှိပါတယ်။ ကျမတို့ အကုန်လုံး ဖြစ်ကြောင်းကုန်စင် မောင်းတောမှာ ဖြစ်တဲ့ဟာတွေကို ပြောပြပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့တော့ ကျမတို့ အရမ်းကြီး ယုံကြည်မှု အားနည်းတာတွေ တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ပြောတာသည် မှန်ကန်တဲ့စကားလို့ သူတို့အနေနဲ့ မသုံးသပ်ဘူး။ အဲဒါကြောင့် ကျမတို့အနေနဲ့ အစိုးရနဲ့ တသဘောထဲ ဖြစ်ပြီးမှ ဒီလို နိုင်ငံတကာကလာတဲ့ လူတွေနဲ့ ဆွေးနွေးတာကမှ ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တခု ကျနော် ထောက်ပြချင်တာကတော့ အမေရိကန်ကိုယ်စားလှယ်တွေဆိုတဲ့ နေရာမှာ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်ပြီး မကြာသေးခင်ကမှ ပြန်လည်ရောက်ရှိလာတဲ့ Derek Mitchell သူဟာ ကျနော် ထင်ပါတယ် နိုင်ငံတကာ သံတမန်တွေကြားထဲမှာ ရခိုင်ပြည်နယ်အရေး၊ ရခိုင်တိုင်းရင်းသားတွေ ခံစားချက်ကို သဘောအပေါက်ဆုံးလူဟာ သူလို့ထင်ပါတယ်။ ဆရာမတို့ ဘယ်လို သဘောရလဲ။ Derrick Michell ရဲ့ ပြောဆိုချက်တွေကို။

ဒေါ်ခင်စောဝေ ။ ။ Derek Mitchell နဲ့လည်း ကျမတို့ တော်တော်များများ တွေ့ဖြစ်ပါတယ်။ သူလည်း တော်တော်များများ ရခိုင်အရေးကို တော်တော်လေး လေ့လာပါတယ်။ ကျမတို့နဲ့ တွေ့တိုင်းလည်း သူကို ပြောပြဖြစ်ပါတယ်။ သူလည်း လက်ခံတာတွေ များပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါကြောင့်ပြောတာ သူလိုပဲ တခြားလူတွေ Kofi Annan တို့ကိုလည်း တွေ့နိုင်ရင် မကောင်းဘူးလားလို့ စဉ်းစားမိတာပါ။

ဒေါ်ခင်စောဝေ ။ ။ အဲဒါကတော့ ကျမတယောက်ထဲသဘောတော့ မဟုတ်ဘူးပေါ့။ ကျမတို့ အကုန်လုံး ANP ပါတီမှာရှိတဲ့ ခေါင်းဆောင်ပိုင်းတွေက စဉ်းစားပြီး တွေ့မယ်ဆိုတော့လည်း တမျိုးပေါ့။

XS
SM
MD
LG