သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ တိုင်းရင်းသားပြဿနာနှင့် အိန္ဒိယ နမူနာ


State Counsellor meets with President of India (Photo- Myanmar State Counsellor Office)
State Counsellor meets with President of India (Photo- Myanmar State Counsellor Office)
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ ပြည်ထောင်စုအစိုးရအကြား ပဋိပက္ခတွေ ဘာကြောင့် ပိုမိုကျယ်ပြန့်လာရပါသလဲ၊ လူမျိုးရေးနဲ့ ဘာသာစကားအရ မတူကွဲပြားမှုတွေ များပြားလွန်းတဲ့ အိန္ဒိယနိုင်ငံမှာ အလားတူ ပဋိပက္ခတွေ ဘာကြောင့် နည်းပါးရသလဲ ဆိုတာတွေကို ၁၉၉၀ ပြည့်ရွေးကောက်ပွဲ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာတင့်ဆွေနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဟာ ပြည်သူတွေ - ပြည်သူတွေဆိုတဲ့နေရာမှာ တိုင်းရင်းသားတွေ လေးစားအားကိုးအားထားပြုရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာပြီးတဲ့နောက်မှာ ငြိမ်းချမ်းရေး အလားအလာဟာ ပိုပြီးကောင်းမွန်လာလိမ့်မယ်လို့ လူတိုင်းက မျှော်လင့်ခဲ့ကြမယ် ထင်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ အဲဒီလောက်အထိ တိုးတက်မလာသေးဘူးလို့ဆိုရင် မှားမယ်မဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်။ ဆရာ ဘယ်လိုသုံးသပ်လိုပါလဲ - လက်ရှိအခြေအနေနဲ့ တိုင်းရင်းသားတွေ၊ ပြည်သူတွေ အရင်မျှော်လင့်ခဲ့တဲ့ မျှော်လင့်ချက်အတိုင်း ငြိမ်းချမ်းရေးက ဖြစ်လာပါရဲ့လား။

ဖြေ ။ ။ စိတ်မကောင်းစွာဘဲ ပြောရမှာပေါ့ - ဒီနေ့အခြေအနေကို ကြည့်လိုက်လို့ရှိရင် ငြိမ်းချမ်းရေးအလားအလာ ကောင်းတယ်လို့ ပြောလို့မရသလို၊ တိုက်ပွဲတွေလည်း ပိုဖြစ်နေတယ်လို့ ကျနော်တို့ မြင်ပါတယ်။ အဲဒီလိုဖြစ်တာ ဘာကြောင့်လဲ။ အဲဒီလိုလဲ ကျနော်တို့ ဆက်စဉ်းစားရပါလိမ့်မယ်။

ပထမတချက်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးကို နည်းအသစ်နဲ့ ဒီအစိုးရလက်ထက်မှာ စတင်ခဲ့တယ်။ အဲဒီလို စတဲ့အခါမှာ အရင်က ပြောလို့ဆိုလို့ မရတဲ့ဟာတွေ၊ တိုင်းရင်းသားတွေဘက်က ပွင့်ပွင့်လင်းလင်း ပြောလို့ဆိုလို့ ရလာခဲ့တယ်။ ရတဲ့အတွက် ပြဿနာအခက်အခဲတွေကို လူထုက ပိုမိုသိခွင့်ရတဲ့ တချက်။ ဒါကတော့ အပြစ်တင်စရာ မရှိပါဘူး။

နောက်တချက်က တိုက်ပွဲတွေ ဘာကြောင့်ပိုများလာသလဲ။ ဘာကြောင့် ငြိမ်းချမ်းရေးအလားအလာဟာ ပိုမှိန်လာသလဲဆိုတာ နှစ်ချက်ရှိတယ်။ တစ်အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရမှာ ဒီကိစ္စတွေအတွက် အရည်အသွေး ညံ့လို့လားဆိုတဲ့ အချက်။ ဒုတိယတချက်ကတော့ အဲဒီလိုဖြစ်အောင် ဖန်တီးနေတာများ ရှိသလားဆိုတဲ့ သံသယတခု။ ဒီနှစ်ခုကြောင့် ဖြစ်ပါတယ်။ အမှန်တရားကိုတော့ ကျနော်တို့ စောင့်ရမှာပါ။

မေး ။ ။ အဲဒီတော့ နံပတ်တစ် အချက်ကို အရင်ဆန်းစစ်ပါ ဆရာ။ အရည်အသွေး ညံ့လို့လားဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ်ပါလဲ။

ဖြေ ။ ။ ကျနော် မြင်တာကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရက တတ်နိုင်သလောက် ကြိုးစားတယ်။ အစွမ်းကုန်ကြိုးစားတယ်လို့တောင် ပြောရမှာပေါ့။ သူက ဖိတ်ခေါ်တယ်။ တီထွင်ကြံဆမှုတွေ ရှိတဲ့အတွက်လဲ တိုင်းရင်းသားတွေဘက်က လိုက်လျောမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ တော်တော်များများ ရှိပါတယ်။ သို့သော် အခက်အခဲတွေတော့ ရှိတာပေါ့။

မေး ။ ။ ဆိုတော့ လူတွေအများစု သုံးသပ်ကြတာက ဒေါ်အောင်ဆန်းစုကြည်အစိုးရမှာ လုပ်ပိုင်ခွင့် အပြည့်အဝမရှိဘူး ဒီကိစ္စနဲ့ ပတ်သက်လို့ အဲဒါကြောင့် ဖြစ်တယ်လို့လဲ တွက်ကြတာ ရှိပါတယ်။ ဒါကို ဆရာမြင်တဲ့ အဓိကအခက်အခဲ ဟုတ်ပါရဲ့လား။

ဖြေ ။ ။ မှန်တယ်ခင်များ။ ကျနော်လည်း အဲဒါဆက်ပြောဖို့ပါ။ ကျနော်လည်း အဲဒါကို သဘောတူပါတယ်။ NLD အစိုးရဟာ တိုင်းပြည်အရေးကြီးတဲ့အရာတွေကို ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် မရှိတဲ့ အစိုးရဖြစ်တဲ့အတွက် အခက်အခဲတွေဟာ အစိုးရအားနည်းချက်လို့ အမြင်ခံရတယ်လို့ ကျနော် သုံးသပ်ပါတယ်။

မေး ။ ။ တချို့က ပြောကြတယ် အဲဒီလို မဟုတ်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စစ်တပ်ဘက်ကို ပါသွားပြီ၊ ယိမ်းသွားပြီလို့ သုံးသပ်ကြတယ်။ သူတို့ သုံးသပ်ချက်တွေ လွန်ပါသလား။ ခံပြင်းပြီးတော့ ပြောနေကြလား။ ဆရာ ဘယ်လိုသဘောရပါလဲ။

ဖြေ ။ ။ နှစ်မျိုးလုံး ဖြစ်နိုင်တယ်။ ကျနော်တို့ မသိနိုင်တဲ့အရာတွေ ဘာတွေရှိနေသလဲ ကျနော်တို့ မသိဘူး။ နောက် ဒေါ်အောင်ဆန်းစုကြည်က ပူးပေါင်းဆောင်ရွက်မှုနဲ့ သွေးစည်းညီညွှတ်မှုဆိုတဲ့ တပ်မတော်နဲ့ လုပ်နေတဲ့အရာတွေဟာ အမြဲတမ်း မေးခွန်းထုတ်ခံရတယ်။ အဲဒီလို လုပ်တဲ့အတွက် တိုင်းပြည်အတွက် အကျိုးပိုသလား၊ မပိုသလားဆိုတဲ့ မေးခွန်း။ ဒါက အခုထိ မေးခံနေရတဲ့အတွက် ဒီသံသယအကျိုးကို ခံစားနေရတယ်လို့ ကျနော်မြင်တယ်။

မေး ။ ။ ဆရာ ပထမဦးဆုံးပြောခဲ့တဲ့ အရည်အသွေးနဲ့ ပတ်သက်လို့တခုရယ်။ ဒီအခြေအနေဆိုးအောင် တမင်လုပ်နေတဲ့ အင်အားစုတွေ ရှိသလားဆိုတာကို နံပတ်နှစ်အနေနဲ့ ပြောခဲ့တယ်။ အဲဒီအချက်က ဘာကိုထောက်ပြပြီး ပြောတာလဲ။

ဖြေ ။ ။ အခုက ဒီမိုကရေစီ တစိတ်တပိုင်းရှိတယ်ဆိုတဲ့ သဘောဆိုတော့ တက်နေတဲ့ အစိုးရကို ပြုတ်ကျအောင် အတိုက်အခံတွေလုပ်တာ အစဉ်အလာ။ တိုင်းပြည်တိုင်းမှာလည်းရှိတယ်။ ကျနော်တို့ ဗမာပြည်မှာလည်း ရှိခဲ့တယ်။ ဒါကိုတော့ ငြင်းလို့မရဘူး။ နောက်တခုက တိုက်ပွဲတွေဟာ တပ်မတော်ကပဲ အဓိကလုပ်တာ။ တိုက်ချင်လဲသူတို့၊ မတိုက်ချင်လဲသူတို့ပါ။ ဒါက အစဉ်အလာပေါ့။ နောက်တခုက ဒီတပ်မတော်နဲ့ အရင်အစိုးရလက်ထက်မှာ သူတို့ဘက်က ဂုဏ်ယူဝံ့ကြွားပြီးတော့ ဗမာပြည်တနံတလျားက အပ်ကျတာကအစ သိတယ်ဆိုတဲ့ ဂုဏ်ယူခဲ့တဲ့စစ်တပ်ဟာ ဒီကနေ့ ကြည့်လိုက်ရင် စစ်အစိုးရတုန်းကတော့ အိန္ဒိယဘက်က အခြေပြုတဲ့ သူပုန်အဖွဲ့အစည်းတွေပဲ လက်ခံထားတာ ရှိပြီးတော့၊ ဒီအစိုးရလက်ထက်မှာ ဥပမာ အကောင်းဆုံးပြရင် AA ပေါ့။ ဒီအဖွဲ့အစည်းဟာ သေးသေးလေးကနေ အခုအခါ ကြီးလာလောက်အောင် ဖြစ်လာတာ AA တော်လွန်လို့လား။ တခြားအကြောင်းတွေလား။ ဒါမှမဟုတ် စစ်တပ်က မသိဘဲနဲ့ မွေးထားသလားဆိုတဲ့ သံသယပေါ့။ ကျနော် AA ကို အပြစ်တင်ပြောတာမဟုတ်ပါဘူး။ စစ်တပ်ရဲ့ သဘောသဘာဝဟာ မေးခွန်းထုတ်စရာ အကြီးကြီးရှိနေတယ်။

အဲဒါကြောင့် အခုလို တိုက်ပွဲတွေ ဖြစ်နေခြင်းဟာ တပ်မတော်ဘက်ကရော၊ နောက်တခါ အတိုက်အခံ တခြားနိုင်ငံရေးအင်အား၊ ပါတီအင်အားစုတွေကပါ လက်ရှိအစိုးရကို အကျပ်အတည်းဖြစ်အောင် လုပ်နေသလားလို့ ကျနော် သံသယရှိခြင်း ဖြစ်ပါတယ်။

မေး ။ ။ AA ဆိုလို့ AA နဲ့ ပတ်သက်ပြီး တခွန်းမေးချင်ပါတယ်။ အခု တပ်မတော်က တဘက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာတယ် လေးလ၊ လေးလခွဲ စသဖြင့် ကြေညာတဲ့နေရာမှာ AA ထိုးဖောက်ဝင်လာတဲ့ မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်ဘက်ကိုချန်လှပ်ထားပြီးတော့ ကျန်တဲ့မြောက်ပိုင်း အရှေ့ပိုင်းတွေကိုပဲ အပစ်အခတ်ရပ်စဲရေးမှာ ထည့်လိုက်တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောရပါလဲ။

ဖြေ ။ ။ အဲဒါလဲပဲ ကျနော်ထင်တယ် အပစ်အခတ်ရပ်စဲရေး မကြေညာတဲ့နေရာမှာ သူက ပစ်ခတ်တယ်လို့ လုပ်မယ်ဆိုတဲ့သဘောကတော့ ရှင်းရှင်းလေးပါ။ အဲဒါကြောင့် AA ပဲဖြစ်ဖြစ်၊ အနောက်ဘက်စစ်မျက်နှာ၊ အနောက်ဘက်ဒေသကို အာရုံစိုက်မယ်ဆိုတဲ့သဘောလို့ ထင်ပါတယ်။

မေး ။ ။ ဆိုတော့ ကျနော် အိန္ဒိယနဲ့ နှိုင်းယှဉ်ပြီး မေးချင်တယ်။ အိန္ဒိယက ကမ္ဘာပေါ်မှာ လူမျိုးရေးကွဲပြားမှု Ethnic Diversity အများဆုံးဖြစ်တယ်။ linguistically, ethnically အများဆုံး တိုင်းပြည်ဖြစ်တယ်။ တချိန်တည်းမှာပဲ ကမ္ဘာပေါ်မှာလည်း the biggest democracy in the world ဖြစ်တယ်။ ဆိုတော့ သူတို့ဟာ ဒီတိုင်းရင်းသားတွေ၊ လူမျိုးစုတွေ ကွဲပြားမှုကို ဘယ်လိုပုံစံမျိုးနဲ့ ထိန်းထားသလဲ။ သူတို့ဆီမှာ တိုက်ပွဲဆူပူသံတွေ သိပ်မကြားရပါလား။ ဘယ်လို ဖြေရှင်းခဲ့ပါလဲ။

ဖြေ ။ ။ အိန္ဒိယနိုင်ငံရဲ့ ဒီကနေ့ ဒီမိုကရေစီ ရှင်သန်မှု၊ စစ်တပ်က တခါမှ အာဏာမသိမ်းဘူးဆိုတဲ့ ၁၉၄၇ လွတ်လပ်ရေးရကတည်းက ဒီကနေ့ သမိုင်းဟာ ကျနော်တို့ အားကျစရာ ကောင်းသလို၊ အိန္ဒိယနိုင်ငံသားတွေကလည်း ဂုဏ်ယူကြတယ်။ ကျနော် အဲဒီမှာ (၂၄) နှစ် နေခဲ့တယ်။ အိန္ဒိယတပ်မတော်က အရာရှိတွေကိုယ်တိုင်ကလည်း ဂုဏ်ယူတာကို တွေ့ရတယ်။ ဒါက တနည်းအားဖြင့် နိုင်ငံရေးယဉ်ကျေးမှုတခု အိန္ဒိယမှာ ကောင်းကောင်းအမြစ်တွယ်ထားတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ ဒါကြောင့် ဘာကြောင့်လဲဆိုတဲ့ သုံးသပ်ချက်က အင်မတန်မှ့ရှည်ပြီးတော့ ကျယ်ပြန့်ပါတယ်။ သို့သော် ကျနော်တို့နိုင်ငံနဲ့ ယှဉ်ရမှာပေါ့။

ကျနော်တို့နိုင်ငံဟာ အိန္ဒိယနဲ့ မတိမ်မယိမ်း လွတ်လပ်ရေးရခဲ့တယ်။ အတူတူ ကိုလိုနီ ဖြစ်ကြတယ်။ အဲဒီမှာ တဦိးတယောက်ထဲကနေ ဦးဆောင်တဲ့ အစိုးရစနစ် သို့မဟုတ် အုပ်ချုပ်မှုစနစ် ဗမာပြည်က အခုအချိန်အထိ အမြစ်တွယ်နေတယ်။ အိန္ဒိယမှာ အဲဒီလို မရှိဘူး။ တနည်းအားဖြင့် အင်္ဂလိပ်စကားလုံးနဲ့ ပြောရရင် Check and Balance မဏ္ဍိုင်ကြိး (၃) ရပ် သူတို့လည်းရှိတယ်။ ကျနော်တို့လည်းရှိတယ်။

ကျနော်တို့မဏ္ဍိုင်ကြီးတွေက အခုထိ ယိုင်းရွဲ့ပျက်ဆီးနေတယ်။ အိန္ဒိယက အဲဒီမဏ္ဍိုင်ကြီး (၃) ရပ်နဲ့ စတုတ္ထမဏ္ဍိုင်ပါ ထိန်းထားနိုင်တယ်။ အဓိကပြောချင်တာက စစ်တပ်ပေါ့။ အိန္ဒိယစစ်တပ်နဲ့ ကျနော်တို့စစ်တပ်ကို ကြည့်မယ်ဆိုရင် စနစ်ပေါ့။ အင်အားကြီးတာ ပြောတာမဟုတ်ဘူး။ အိန္ဒိယက အခုနပြောသလိုပဲ စစ်တပ်ဟာလည်း တဦးတည်းထိပ်ဆုံးက ပုဂ္ဂိုလ်ရဲ့ အမိန့်ကို နာခံကြတာ အစဉ်အလာပါ။ အိန္ဒိယမှာ တပ်မတော်ရဲ့ ထိပ်ဆုံးအကြီးအကဲဟာ အခု ၁၉၄၇ လွတ်လပ်ရေးရတဲ့အချိန်ကနေ အခုထိ ပုဂ္ဂိုလ်ပေါင်း (၃၀) တိတိ ပြောင်းသွားခဲ့တယ်။ မြန်မာပြည်မှာ ဘယ်လောက်ရှိသလဲ။ အဲဒီလိုပေါ့။ ပုဂ္ဂိုလ်တဦးဟာ ရုံးမှာ အများဆုံး (၃) နှစ်ပဲ နေခွင့်ရှိတယ်။ တကယ်ကြည့်လိုက်လို့ရှိရင် (၃) နှစ်အထိ တာဝန်ထမ်းတဲ့လူ (၂) ယောက်နဲ့ ထူးထူးဆန်းဆန်း (၄) နှစ် (၁) ယောက်ရှိပြီး ကျန်တာတွေက (၂) နှစ်ကျော်၊ (၁) နှစ်လောက်ပဲ အမှုထမ်းကြတယ်။ အချိန်ကျရင် အနားယူကြတယ်။

မေး ။ ။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားတွေမှာလည်း အသွေးအရောင်မျိုးစုံနဲ့ တိုင်းရင်းသားဝတ်စုံမျိုးစုံနဲ့ တပ်မတော်အင်အားစုတွေ၊ တပ်ဖွဲ့တွေ စစ်ရေးပြနေတယ်ဆိုတာ တွေ့ရတယ်ဆိုတော့ သူတို့ဆီက တပ်ဖွဲ့တွေကိုရော လူမျိုးစုအလိုက် ဖွဲ့စည်းထားတာ ရှိပါလား။

ဖြေ ။ ။ ရှိပါတယ်။ သူတို့က လူမျိုးစုလို့ ပြောရမယ့်ဟာနဲ့ နောက်တခါ ပြည်နယ်အလိုက် ပြောရမယ်ဟာတွေ အမျိုးမျိုးရှိတယ်။ ဥပမာ ဂေါ်ရခါးတပ်တောင် အခုအချိန်အထိ ရှိနေသေးတယ်။ အဲဒီတော့ အဲဒီတပ်တွေကလည်း သူတို့အရောင်အသွေးမျိုးစုံနဲ့ စစ်ရေးပြကြတယ်။ အားလုံးဟာ စစ်ဦးချုပ်တဦးရဲ့ အမိန့်အောက်မှာ အားလုံးတည်ကြပါတယ်။ သူတို့အချင်းချင်းကြားမှာ ပဋိပက္ခ လုံးဝမရှိကြဘူး။ အိန္ဒိယမှာ နေသလောက်ကော၊ ဖတ်ရသလောက်ကော တပ်တွင်းပဋိပက္ခ လုံးဝမရှိပါဘူး။

မေး ။ ။ နောက်လူမျိုးစုအနေနဲ့ အိန္ဒိယနိုင်ငံမှာ လူမျိုးစုတွေ ဒီလောက်ကွဲပြားတယ်။ တိုင်းရင်းသားတွေ။ နောက်လူမျိုးစုအလိုက် ပေးထားတဲ့ ပြည်နယ်တွေလဲ အာသံ၊ မဏိပူ စသည်တို့ရှိကြတယ်။ အရှေ့မြောက်မှာလည်း အများကြီးဖြစ်လာတယ်။ ဆိုတော့ လူမျိုးစုအလိုက်ကော ပြဿနာ ဘယ်လိုရှိပါသလဲ။ အိန္ဒိယမှာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရအပြင် လူမျိုးအားဖြင့်ကော ဗမာပြည်မှာ ဗမာဆိုတဲ့လူမျိုးနဲ့ လူမျိုးကြီးလို့ သတ်မှတ်ကြတယ်။ တိုင်းရင်းသားလူမျိုးငယ်လို့ သတ်မှတ်ကြတယ်။ အဲဒီလို ကြီးစိုးတဲ့လူမျိုးကြီးဆိုတာ အိန္ဒိယမှာ ရှိနေသလား။

ဖြေ ။ ။ မရှိဘူးလို့ ပြောရမှာပေါ့။ ပဋိပက္ခတွေ၊ တိုက်ပွဲတွေ စသဖြင့်တော့ ရှိခဲ့တာပေါ့။ သို့သော် တိုင်းပြည်ကြီးနဲ့စာရင် သူတို့မှာ မရှိဘူး။ သူတို့မှာ လူမျိုးဆိုတဲ့သဘော လုံးဝမရှိဘဲနဲ့ ဘာသာစကားအသုံးတခုပဲ ကွဲပြားတယ်။ ဥပမာ ဟင်ဒီစကားဆိုရင် အများစုသုံးတဲ့ ရုံးသုံးဖြစ်တယ်။ သို့သော် အဲဒီဟာကို အိန္ဒိယနိုင်ငံတောင်ပိုင်း၊ အနောက်ပိုင်းနဲ့ အရှေ့မြောက်တို့မှာ အဲဒီဘာသာကို မသုံးဘူး။ အဲဒီတော့ ဒီအခက်အခဲကို ကျနော်တို့ ဖယ်ဒရယ်စနစ် အခြေခံဥပဒေနဲ့ ထိန်းပြီးတော့ သူတို့တွေထိန်းညှိပေးနိုင်တယ်။ အဲဒီတော့ အခုန ကျနော်တို့ပြောတဲ့ ကိစ္စတွေအပြင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ က ဖယ်ဒရယ်စနစ်ဖြစ်ပြီးတော့ လူနည်းစုတွေကို သင့်တင်မျှတတဲ့ ခံစားခွင့်၊ လုပ်ပိုင်ခွင့်တွေ ပေးထားတဲ့ စနစ်လည်းရှိတော့ အိန္ဒိယက ဒါကြောင့် ဒီမိုကရေစီကို ရှင်သန်နေတယ်လို့ ပြောနိုင်ပါတယ်။

မေး ။ ။ ဆိုတော့ ရှေ့ကိုမျှော်ကြည့်ရင် မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးထက် ဒီမိုကရေစီနိုင်ငံတခုခု ဖြစ်လာဖို့ တော်တော်နဲ့ နီးစပ်နိုင်ပါမလား ဆရာ။

ဖြေ ။ ။ ဝမ်းနည်းစရာပဲ ပြောရမှာပေါ့ ကျနော်ကတော့ ပိုပြီးတော့ မတွက်ချင်ဘူး။ ကျနော်တို့ တော်တော် ဝေးပါသေးတယ်။

XS
SM
MD
LG