သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာအေးမောင် ခွဲထွက်ခြင်း နှင့် ရခိုင်နိုင်ငံရေး အလားအလာ


The Arakan National Party (ANP)
The Arakan National Party (ANP)
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ ရခိုင်ပြည်နယ်မှာ လူထုထောက်ခံမဲ အများဆုံးရရှိထားထားတဲ့ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဌ ဒေါက်တာအေးမောင် ဟာ ပါတီက နှုတ်ထွက်ပြီး သီးခြားပါတီတခုတည်ထောင်တခု တည်ထောင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါဟာ ANP နဲ့ နိုင်ငံရေးအရ မူဝါဒအရ မတူကွဲပြားမှု တစုံတရာရှိလာလို့လား၊ ဒီလုပ်ရပ်ကြောင့် ရခိုင်ပြည်နယ် နိုင်ငံရေးအလားအလာ ဘယ်လို ရှိလာနိုင်သလဲ ဆိုတာ ရခိုင်အမျိုးသားပါတီ ဒု-ဥက္ကဌ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဒေါ်အေးနုစိန် ။ ။ နိုင်ငံရေးအားဖြင့် မူက ဘာမှပြောင်းလဲစရာ မရှိဘဲနဲ့ ကွဲစရာရှိရင်… ကွဲကြတယ်။ALD လည်း ကွဲသွားတယ်။ အဲဒီတော့ အခြားကွဲလွဲစရာတွေ မရှိဘဲနဲ့ .. ဒေါက်တာအေးမောင်ရဲ့ စကားအရဆိုရင် (၅) ယောက်ကို ထုတ်ပယ်လိုက်တာတို့။ တယောက်တည်း ဖြစ်သွားတာတို့က ANP ပြိုကွဲသွားတာ မဟုတ်ပါဘူး။ အပို့ကလေးပဲ ပဲ့သွားတာ ဖြစ်ပါတယ် ဆိုတာမျိုးတွေ ပြောခဲ့သလိုပဲ၊ ကျမတို့လည်း ရှေ့ကို အားကောင်းမောင်းသန် ကိုယ့်ရခိုင်မှာပဲ မူတွေ၊ ရည်ရွယ်ချက်တွေ၊ လုပ်ငန်းစဉ်တွေနဲ့ ကျမတို့ လွှတ်တော်အမတ်တွေနဲ့ ကျမတို့ကို ဝိုင်းရံနေတဲ့ ပြည်သူတွေနဲ့ ခရီးဆက်နိုင်မယ်လို့ ယုံကြည်နေဆဲမှာပဲ ဒေါက်တာအေးမောင် က လွှတ်တော်မှာ အကြံပေးတာမျိုးလုပ်တယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်အစိုးရကို ဖွဲ့စည်းပုံ ဥပဒေမှာ ပြဌာန်းထားတယ်။ ဒါကြောင့် အစိုးရအဖွဲ့ကို ပြစ်တင်စွပ်စွဲ လုပ်ရမယ်ဆိုတော့ လွှတ်တော်ဥက္ကဋ္ဌက ဖွဲ့စည်းပုံမှာ အစိုးရအဖွဲ့ တဖွဲ့လုံးကို ပြစ်တင်စွပ်စွဲရန် မဟုတ်ဘူး။ ဘယ်ပုဂ္ဂိုလ်က ချိုးဖောက်မှုတွေ လုပ်နေမယ်။ မညီညွှတ်မှုတွေ လုပ်နေမယ်။ ဒါတွေကိုပဲ ကျနော်တို့က ဥပဒေနဲ့အညီ ပြစ်တင်စွပ်စွဲလုပ်ခွင့် ရှိပါတယ်ဆိုတာမျိုးကို ရခိုင်ပြည်နယ်အစိုးရတခုလုံးကို ရှုတ်ချတာမျိုးကို လုပ်ရလဲ။ မညီမညွှတ်မှုတွေ လုပ်နေလဲ။ဒါတွေကိုပဲ ကျမတို့က ဥပဒေနဲ့အညီ ပြစ်တင်စွပ်စွဲ လုပ်ခွင့်ရှိပါတယ်။ ရခိုင်ပြည်နယ်အစိုးရတခုလုံးကို ဖြုတ်ချတာမျိုးကို လုပ်ရမယ်။ ကျနော်နဲ့သိတဲ့ ဥပဒေပညာရှင်တွေက ပြောတယ်ဆိုတဲ့ ဒီလိုပဲ အပြင်မှာ ဆွေးနွေးရင်နဲ့ နှုတ်ထွက်စာရေးတာ ကျမတို့ ပါတီထဲကို ရောက်လာတယ်။

ဒါပေမဲ့ မရောက်လာခင်ကတည်းက Online မှာ တင်လိုက်ပြီ။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဒေါက်တာအေးမောင်ရဲ့ အကြောင်းပြချက်။ ဒေါက်တာအေးမောင် သွားချင်တဲ့ပုံစံက ရခိုင်ပြည်နယ်အစိုးရ ဖြုတ်ချရေးကို ဒေါ်အေးနုစိန်နဲ့ ကျန်တဲ့ပါတီဝင်တွေက လက်မခံချင်တဲ့သဘော ဖြစ်တယ်လို့ဆိုပြီး ပြောလို့ရသလား။

ဒေါ်အေးနုစိန် ။ ။ အဲဒီမှာ နှစ်ပိုင်းရှိပါတယ်။ ကျမတို့ပါတီကို ဆွေးနွေးခဲ့တာမျိုး မရှိပါဘူး။ လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ဆိုင်ရာ ကိုယ်စားလှယ်များနဲ့ အထူးသဖြင့်တော့ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဆွေးနွေးခဲ့တာပါ။ ကျမတို့ပါတီက နောက်မှပြန်ကြည့်ရတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဒေါက်တာအေးမောင်အုပ်စုလို့ ပြောနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ Online ပေါ်မှာ တော်တော်လေးကို ကျယ်ကျယ်ပြန့်ပြန့် အဲဒီကတည်းက ရှင်းလင်းတာပါ။ နှုတ်ထွက်စာကို ကျနောတို့ကိုယ်တိုင် တင်ပြမယ် - အဲဒါမျိုးတွေ ကျမတို့ သိရပါတယ်။ နောက် ကျမတို့ပါတီက မေးမြန်းကြည့်တယ်။ လွှတ်တော်ဥက္ကဋ္ဌကတော့ ဖွဲ့စည်းပုံဆိုင်ရာ ပြဌာန်းချက်နဲ့အညီ ရပ်တည်ပြီးတော့ စည်းကမ်းနဲ့မညီညွှတ်တဲ့ ပြစ်တင်စွပ်စွဲနိုင်တဲ့ အနေအထားရှိတဲ့ ပုဂ္ဂိုလ်တွေကို အရေးယူဆောင်ရွက်မယ်။ တဖွဲ့လုံးကို ဖြုတ်ချမယ်ဆိုတဲ့ ဖွဲ့စည်းပုံပါ လုပ်ထုံးလုပ်နည်းကတော့အဲဒီ လွှတ်တော်ဥက္ကဋ္ဌကတော့ ကျနော့်အနေနဲ့ မတွေ့မိဘူး။ မရှိဘူး ဆိုတာမျိုးတွေနဲ့ပဲ အခြေအတင် ဖြစ်ကြတယ်။ ဒါနဲ့ပဲ အသင့်ပြင်ဆင်ထားတဲ့ နှုတ်ထွက်လွှာကို Online မှာ တင်လိုက်ပြီးတော့ နောက်တရက်မှာပဲ သားလေးက ပါတီကို လာတင်တာပေါ့။ ဒီဇင်ဘာ (၂၈) မှာ လာတင်တာပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဒေါက်တာအေးမောင်ရဲ့ အကြောင်းပြချက်ကို ကြည့်မယ်ဆိုရင် သူ့ရဲ့သဘောထားကို ပိုပြီးတင်းမာတဲ့သဘောထား ဖြစ်တယ်လို့ သုံးသပ်လို့ ရတယ်ပေါ့။

ဒေါ်အေးနုစိန် ။ ။ ကျမတို့ရဲ့ ပါတီဖွဲ့စည်းပုံမှာတော့ ဘယ်ကိစ္စကိုပဲဖြစ်ဖြစ် စုပေါင်းခေါင်းဆောင်မှုနဲ့ ဆောင်ရွက်ရမယ်ဆိုတဲ့ စည်းကမ်းပြဌာန်းပြီးသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါက်တာအေးမောင်ကတော့ တခုခုလုပ်မယ်ဆိုရင် ပါတီတွင်းမှာ အရင်ဆုံးချပြတာမျိုးတွေ၊ ဆွေးနွေးတာမျိုးတွေက ကျမတို့အတူဆောင်ရွက်ခဲ့တဲ့ (၇) နှစ်ကာလအတွင်းမှာ တကယ့်ကို အားနည်းခဲ့တယ်လို့ ကျမအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါက လုပ်ထုံးလုပ်နည်းပိုင်းပေါ့။ ကျနော်က ဒေါက်တာအေးမောင် အကြောင်းပြတဲ့ နိုင်ငံရေးအကြောင်းပြချက်က ANP ပါတီဟာ ပြည်နယ်လွှတ်တော်မှာ အင်အားကောင်းတဲ့သားနဲ့ ရခိုင်ပြည်မှာ ANP လက်မခံဘဲ တင်ထားတဲ့ အစိုးရကို လုံးဝဖြုတ်ချဖို့ မကြိုးစားဘူးဆိုတဲ့သဘောနဲ့ သူက အကြောင်းပြတယ်ဆိုပါတော့။ အဲဒီလိုဆိုတော့ အဲဒီအကြောင်းပြချက်ဟာ ပိုပြီးတင်းမာတဲ့သဘော .. သူ ရပ်တည်ချင်တာက NLD က ခန့်ထားပေးတဲ့ အစိုးရကိုပါ လုံးဝဖြုတ်ချချင်တဲ့သဘော။ ပိုတင်းမာတယ်လို့ ပြောလို့ရတယ်ပေါ့။

ဒေါ်အေးနုစိန် ။ ။ အဲဒီအနေအထားမှာလို့ ပြောလို့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဆက်ပြီးတော့ နည်းနည်းစူးစမ်းကြည့်ချင်တာက သိပ်တင်းမာတဲ့သဘော နည်းနည်းပဲ့ထွက်သွားပြီ ဆိုလိုရှိရင် ကျန်ရစ်ခဲ့တဲ့ ဒေါ်အေးနုစိန်တို့ရဲ့ ANP ပါတီအနေနဲ့ ပြည်ထောင်စုအစိုးရနဲ့ သင့်မြတ်ရေးကော အလားအလာကော ဘယ်လိုရှိလာနိုင်သလဲဆိုတာကို ကြိုပြီးစဉ်းစားမိပါလဲ။

ဒေါ်အေးနုစိန် ။ ။ ကျမတို့က တင်းမာတယ်ဆိုတာထက် ကျမတို့ရဲ့ ဥပဒေလုပ်ထုံးလုပ်နည်း တည်ဆဲနဲ့အညီ ဆောင်ရွက်နိုင်တာကို ဆောင်ရွက်ကြမယ်ဆိုတဲ့ဘက်ကပဲ ရပ်တည်ပါတယ်။ ၁/၂၀၁၆ ကလည်း းANP ပါတီရဲ့ သဘောထားထုတ်ပြန်ခဲ့တဲ့ နေ့ဖြစ်တဲ့အတွက် ဒီနေ့အထိ ကျမတို့ တစုံတရာ ပြောင်းလဲပြုပြင်အလျှော့ပေးဖို့ အနေအထား လုံးဝမရှိသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ ၁/၂၀၁၆ ကို အကျဉ်းရုံးလေး နည်းနည်းပြန်ပြောပါလား။

ဒေါ်အေးနုစိန် ။ ။ အကျဉ်းရုံးလေးကတော့ ကျမတို့ဟာ ရခိုင်ပြည်နယ်လွှတ်တော်မှာ အများဆုံးကိုယ်စားလှယ်တွေ အနိုင်ရတဲ့ပါတီ ဖြစ်တယ်။ ဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တနိုင်ငံလုံးအနိုင်ရတဲ့ ပါတီကပဲ ဝန်ကြီးချုပ် ဖြစ်ရမယ်ဆိုတဲ့ ပြဌာန်းချက် မရှိဘူး။ ရွေးကောက်ခံ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တဦးဦးကိုဆိုတဲ့ ပြဌာန်းချက်ပဲပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်အများဆုံး ရရှိထားတဲ့ ကျမတို့ ရခိုင်အမျိုးသားပြည်သူတွေ ယုံကြည်ကိုယ်စားရွေးချယ်ထားတဲ့ ရခိုင်အမျိုးသားပါတီကို ရခိုင်ပြည်နယ်အစိုးရ ဖွဲ့ခွင့်ပေးသင့်တယ်ဆိုတဲ့ မူကိုပဲ ကျမတို့ တင်ပြခဲ့တယ်။ ဒီလိုသာ ခွင့်မပြုခဲ့လို့ရှိရင် ကျမတို့က ဒီအစိုးရကို ပူးပေါင်းဆောင်ရွက်ခြင်း မပြုဘူး၊ အတိုက်အခံအဖြစ်နဲ့ ရပ်တည်သွားမယ်။ အတိုက်အခံဆိုတဲ့စကားကလည်း ဆရာတို့ အများကြီး သိပါတယ်။ ဒီမိုကရေစီနိုင်ငံရေးမှာ Ruling Party ရှိမယ်။ Opposition Party ရှိမယ်။ ကျမတို့က Opposition Party အနေနဲ့ အတိုက်အခံကောင်းရင် အာဏာရအစိုးရက ပိုပြီးတော့ အလုပ်လုပ်တာ အဆင်ပြေမယ်ဆိုတဲ့ နိုင်ငံရေးသီအိုရီတွေလည်း အများကြီး ရှိပါတယ်။ ဒါမျိုးတွေနဲ့ပဲ ကျမတို့ဟာ အတိုက်အခံဆိုတာ ဘာပဲဖြစ်ဖြစ် အတိုက်အခံလုပ်မယ်ဆိုတဲ့ ပြီစလွယ် အဓိပ္ပါယ်ဖွင့်ဆိုချက်မျိုး မဟုတ်ဘဲနဲ့ တကယ်လုပ်ထုံးလုပ်နည်း၊ လုပ်လေ့လုပ်ထရှိတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ လက်ရှိ အစိုးရနဲ့ ကျမတို့ တူတာတွေတွဲလုပ်မယ်။ မတူတာတွေကို ထောက်ပြမယ်၊ ဝေဖန်မယ်၊ ကန့်ကွက်မယ်၊ ညှိနှိုင်းမယ်၊ ဒါမျိုးရှိတဲ့ နိုင်ငံရေးယဉ်ကျေးမှုနဲ့ ကျမတို့က အတိုက်အခံအဖြစ် ရပ်တည်မယ်ဆိုပြီးတော့ မြင့်မြတ်တဲ့စိတ်ထားနဲ့ နိုင်ငံရေးယဉ်ကျေးမှုနဲ့ လုပ်ခဲ့တယ်။ ကျမတို့ အဓိပ္ပယ်ဖွင့်ဆိုထားတာက သူဖြူ ငါမည်း အကုန်လုံးကို ကန့်လန့်ထော်လာတိုက်မယ်ဆိုတဲ့ ပါတီသဘောမျိုးနဲ့ သေးသိမ်အောင် လုပ်ခဲ့တာမျိုးရှိတယ်။ ကျမတို့က ဒါတွေနဲ့ ပတ်သက်ပြီးတော့ လိုက်လျောစရာတော့ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ရခိုင်ပြည်ရဲ့ အခြေအနေကို လွှမ်းခြုံပြီး ကြည့်မယ်ဆိုရင် ရခိုင်အမျိုးသားတွေရဲ့ အမျိုးသားရေးစိတ်ဓါတ်က ပိုပြီးတော့ ပြင်းထန်လာတဲ့ဘက်ကို ဦးတည်နေတယ်။ ဥပမာ ရခိုင်ပြည်မှာ ရင်ဆိုင်ကြုံနေရတဲ့ ပြဿနာနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေရဲ့ သဘောထားပါမလာတဲ့ ကိစ္စတခုလည်းရှိတယ်။ အဲဒီအခါမှာ သူတို့က တပ်မတော်ကို သူတို့က ပိုပြီးတော့ အားကိုးအားထား ပြုချင်လာတဲ့သဘောလည်း ရှိတယ် စသည်ဖြင့် နိုင်ငံရေးအားဖြင့် စိန်ခေါ်မှုတွေ အများကြီး ကြုံနေရပါတယ်။ နိုင်ငံရေးသမားတွေ မကဘူး ပြည်သူတွေစိတ်ထဲမှာလည်း အဲဒီလိုပဲ ဖြစ်နေတယ်။ ဒီအခြေအနေကို ကောင်းတဲ့သဘောလို့ သုံးသပ်မလား။ ဒါကို ထိန်းဖို့လိုအပ်တယ်လို့ မြင်မိသလား။ ဒေါ်အေးနုစိန်ရဲ့ သဘောထားကို ပြောပါ။

ဒေါ်အေးနုစိန် ။ ။ ကျမတို့ကတော့ နိုင်ငံတနိုင်ငံမှာ စစ်တပ်ဆိုတာ တိုင်းပြည်ကို ကာကွယ်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အဖွဲ့အစည်းတရပ်ဆိုတာကို ကျမတို့ လက်ခံပါတယ်။ ကျမတို့ရဲ့ နိုင်ငံရေးအနေအထား သမိုင်းကြောင်းမှာတော့ စစ်အုပ်ချုပ်ရေးကို တော်တော်လေးကို ခါးခါးသီးသီး ခံစားလာခဲ့ပြီး ဖြစ်တဲ့အတွက် စစ်အုပ်ချုပ်ရေးတဖန် ခေါင်းထောင်လာဖို့အနေအထားကိုတော့ မကြိုက်ဘူးလို့ပဲ ကျမ ပြောချင်ပါတယ်။ ရန်သူလည်း မဖြစ်ကောင်းဘူးလို့ ကျမတို့က ယူဆတယ်၊ မျှော်လင့်တယ်။ ဒါပေမဲ့ တကယ်တမ်း အမျိုးသားရန်၊ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရမယ်ဆိုရင် တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပါတယ်။ ဒီလိုထိန်းသိမ်းရဖို့ အရေးကြီးတာနဲ့ အလုံးစုံပုံအပ်ပြီးတော့ ပြန်ပြီးတော့ နောက်ကြောင်းပြန် စစ်အုပ်ချုပ်ရေးဘက်ကို သွားမယ်ဆိုတဲ့ အနေအထားမျိုးတော့ ကျမ ဘယ်တော့မှ လက်မခံဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာကတော့ အခု ဗဟိုအစိုးရအနေနဲ့ လူထုထောက်ခံမှုနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး တက်လာခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းမှာ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည်ဖြင့် အခြေအနေ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တာများရှိရင် နည်းနည်းပြောပြပါ။

ဒေါ်အေးနုစိန် ။ ။ ကျမတို့ဘက်မှာ ပြည်ထောင်စုအစိုးရ အဓိက လူထုရဲ့ ထောက်ခံမှု ကျဆင်းရခြင်းဟာ ဒီအဆင့်ပါပဲ - အထူးသဖြင့် ကျမတို့ ရခိုင်အမျိုးသားပါတီရဲ့ တစုံတရာ တွေ့ဆုံဆွေးနွေး ခေါ်ယူညှိနှိုင်းမှုကို လုံးဝကို ပစ်ပယ်လိုက်တယ်။ ကျမတို့ရဲ့ ရခိုင်လူထုအသံ၊ ရခိုင်အမျိုးသားတွေရဲ့အသံဟာ ပြည်ထောင်စုအစိုးရထဲမှာ တိမ်ငုပ်သွားတဲ့ အနေအထားမှာရှိတယ်။ ဆိုတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ ကော်မတီတွေအမျိုးမျိုးနဲ့ ဖွဲ့ပေမယ့် ရခိုင်အသံပျောက်သွားပြီးတော့ ရခိုင်အတွက် အကျိုးစီးပွားတွေဟာ ရခိုင်တွေဆီ ရောက်မလား။ ကျမတို့ရဲ့ ရှေ့မတိုးသာနောက်မဆုတ်သာ အနေအထားမှာ ရှိနေကြတယ်ဆိုတာတော့ အားလုံးမြင်တဲ့ သိတဲ့အတိုင်းပါပဲ။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ နောက်ဆုံးစကားတခွန်း ပြောရမယ်ဆိုရင် အစွမ်းကုန် ဖြစ်တော့မဖြစ်သင့်ဘူးပေါ့ - ဒါပေမဲ့ ရခိုင်ပြည်နယ်ဟာ ပြည်ထောင်စုနဲ့ ပိုပြီးတော့ ကင်းကွာလာတဲ့သဘော ဖြစ်နေတယ်ဆိုရင် မှားသလား။

ဒေါ်အေးနုစိန် ။ ။ ပြည်ထောင်စုက ပစ်ပယ်နေလို့ ကင်းကွာနေတဲ့သဘောပေမယ့် တကယ်တမ်း ကျမတို့ ဥပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့ ပါတီနိုင်ငံရေးအချင်းချင်းဟာ တိုင်းပြည်အရေး၊ စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်သွားမယ်။ ပြည်ထောင်စုကို ထူထောင်သွားမယ်ဆိုပြီးတော့ အခု (၂၁) ပင်လုံ ငြိမ်းချမ်းရေးညီလာခံ၊ ခေါင်းစီအမျိုးမျိုးပေနေကြတဲ့ အနေအထားက အားလုံးသိပြီသား ဖြစ်ပါတယ်။ ဒီလို ပူးပေါင်းပါဝင်ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကို သွားချင်ပါတယ်ဆိုတဲ့လူကို လက်ကမ်းဖို့၊ သဘောတူညီယူထားဖို့ နိုင်ငံရေးအားဖြင့် တန်းတူညီတူ ဆက်ဆံဖို့၊ ဆွေးနွေးဖို့ Dialogue Partners အဖြစ် သဘောထားဖို့ မကြိုးစားဘဲနဲ့ ပစ်ပစ်ခါခါ ဥပက္ခာပြုထားတဲ့ သဘောမျိုးလို့ ကျမတို့ မြင်ပါတယ်။ တကယ်တမ်းကြတော့ စစ်မှန်တဲ့ ပြည်ထောင်စု ဖယ်ဒရယ်ဒီမိုကရေစီကို သွားကြမယ်ဆိုရင် အားလုံးတိုင်းရင်းသားတွေလို ပြောနေကြတဲ့ လူမျိုးကို အခြေခံတဲ့ ပြည်နယ်တွေ၊ ပါတီတွေကို အလေးထားပြီးတော့ ဆောင်ရွက်ဖို့ သင့်ပါတယ်လို့ ကျမ ပြောချင်ပါတယ်။

XS
SM
MD
LG