သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာရေးဆရာ ဝေမှူးသွင်ကို ဖမ်းဆီး


စာရေးဆရာ ဝေမှူးသွင်။
စာရေးဆရာ ဝေမှူးသွင်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆောင်ရွက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်နေခဲ့သူ စာရေးဆရာ ဝေမှူးသွင်ကို အာဏာပိုင်တွေက ဖမ်းဆီးသွားတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြုလုပ်တဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုးတဲ့ လှုပ်ရှားမှုမှာ စာရေးဆရာတွေ၊ အနုပညာရှင်တွေရဲ့ လက်မှတ်တွေ ပါဝင်ဖို့အတွက် စာရေးဆရာ ဝေမှူးသွင်က အကူအညီပေးပြီး တက်ကြွစွာ လုပ်ဆောင်ခဲ့ပြီးနောက် ဖမ်းဆီးခံရတာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်ဒဂုံမြို့နယ် စည်းရုံးရေး ကော်မတီဝင် တဦးက အခုလို ပြောပြပါတယ်။

“ဝေမှူးသွင်က စာရေးဆရာဗျ၊ သူက မင်္ဂလာတောင်ညွန့်မှာ နေတယ်။ စနေနေ့ နေ့လယ် ၁ နာရီလောက်က SB က သူ့အိမ်ကို ဝိုင်းပြီးတော့ ဝေမှူးသွင်ကို ဖမ်းသွားတာ။ သူ့ကို ဘာလို့ ဖမ်းလဲဆိုတော့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်လိုက်ထိုးတဲ့ Campaign တခု ကျနော်တို့ လုပ်နေကြတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီး ဝေမှူးသွင်က အဲဒီလက်မှတ်တွေကိုလည်း သူက လိုက်ထိုးတယ်၊ စာရေးဆရာအုပ်စု၊ သူ့ရဲ့ သူငယ်ချင်း ရေးဖော် ရေးဘက်တွေရဲ့ လက်မှတ်တွေကို နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ထိုးပေးဖို့ လိုက်တောင်းတယ်။

“အဲဒီလို တောင်းခံတဲ့အပြင် နိုင်ငံတော်ကို အကြည်ညို ပျက်စေတဲ့ သရော်စာ တစောင်ကိုပါ သူက ပူးတွဲပြီး ဝေတယ်လို့ ကြားတယ်။ အဲဒီအတွက် သူ့ကို စနေနေ့ နေ့လယ် ၁ နာရီလောက်က သူ့အိမ်ကို SB တွေ နယ်မြေခံရဲတွေ ဝိုင်းပြီးတော့ ဖမ်းသွားကြတယ်လို့ သိရတယ်။ အခုလည်း သူ့အိမ်ကို SB တွေ နယ်မြေခံရဲတွေက စောင့်နေကြတယ်။”

ကိုဝေမှူးသွင်ဟာ ၁၉၈၈ ခုနှစ် ကာလက လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာတွေ ရှိသလို ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလ အတွင်းမှာ ပါတီတခုဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီကွန်ဂရက်ပါတီရဲ့ ခေါင်းဆောင်အဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။ ဒီနောက်မှာတော့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ထိုးတဲ့ လှုပ်ရှားမှုမှာ တက်တက်ကြွကြွနဲ့ ပါဝင်လာတာလည်း ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့အတွက် လိုအပ်နေပြီ ဖြစ်ကြောင်းကိုလည်း လက်မှတ်ရေးထိုး လှုပ်ရှားနေသူတွေက ဆက်လက် ပြောပြပါတယ်။

“လက်မှတ်ထိုးတယ် ဆိုတာက နဂိုကတည်းက နိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံတကာ စံနှုန်းမှာဆိုရင် ရွေးကောက်ပွဲတို့ လွှတ်တော်တို့ ခေါ်ပြီးပြီဆိုရင် လွှတ်ပေးတဲ့ ထုံးစံတွေ ရှိကြတယ်။ အခုတက်လာတဲ့ အစိုးရ သမ္မတကြီး ကိုယ်တိုင်က လွှတ်ပေးမှု မရှိသေးတဲ့အတွက် ကျနော်တို့က နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးဖို့ မေတ္တာရပ်ခံတဲ့ အနေနဲ့ စည်းရုံးပြီး လှုပ်ရှားနေတဲ့ သဘောပါ။ အဲဒီအပေါ်မှာလည်း ကိုဝေမှူးသွင် အနေနဲ့ သူကလည်း စာရေးဆရာတွေရဲ့ လက်မှတ်တွေ ရဖို့ ဆောင်ရွက်ခဲ့တာပါ။ အမှန်တကယ်ကတော့ နိုင်ငံတော် အစိုးရ ကိုယ်တိုင်က ဒါတွေကို လွှတ်ပေးခဲ့ရင် ကောင်းတာပေါ့ဗျာ။”

အခုလို နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး လက်မှတ်ရေးထိုးမှု လုပ်နေတဲ့ စာရေးဆရာ ဝေမှူးသွင်နဲ့ ပတ်သက်ပြီး နောက်ဆုံးသတင်းတွေအရ သူ့ကိုဖမ်းဆီးတာဟာ မူးယစ်ဆေးဝါး သုံးစွဲတာကြောင့် ဖမ်းတာလို့လည်း အတည်မပြုနိုင်တဲ့ သတင်းတွေအရ ကြားနေရပါတယ်။ အာဏာပိုင်တွေဘက်ကတော့ ဘာကြောင့် ဖမ်းဆီးသလဲ ဆိုတာကို အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။

XS
SM
MD
LG