သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ပွင့်လင်းမှုရှိဖို့ အနောက်တိုင်းသံတွေ ဆော်သြ


စစ်တွေမြို့ ဘောဒူဘမူဆလင်ဒုက္ခသည်စခန်းကို အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ အမေရိကန်သံတမန်တွေ သွားရောက်စဉ် (၈ စက်တင်ဘာ ၂၀၁၂)
စစ်တွေမြို့ ဘောဒူဘမူဆလင်ဒုက္ခသည်စခန်းကို အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ အမေရိကန်သံတမန်တွေ သွားရောက်စဉ် (၈ စက်တင်ဘာ ၂၀၁၂)

ရခိုင်ပြည်နယ်မှာ ဘယ်လို အစီအစဉ်မျိုးပဲလုပ်လုပ် အနာဂတ်မှာ ယုံကြည်မှု တည်ဆောက်နိုင်ဖို့နဲ့ နားလည်းမှု လွဲမှားတာတွေကို အကာကွယ်ပေးနိုင်ဖို့အတွက် အစိုးရအနေနဲ့ရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ လူမှုအဖွဲ့အစည်းတွေကို လက်လှမ်းမှီအောင်၊ ပွင့်လင်းမြင်သာမှုနဲ့ ထိတွေ့ဆက်ဆံ အကူအညီပေးဖို့အတွက် ရန်ကုန်အမေရိကန်သံရုံးက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ ဗြိတိန်သံအမတ်ကြီး Andrew Patrick တို့ဟာ ရခိုင်ပြည်နယ်ကို ဇူလိုင်လ ၂၇ နဲ့ ၂၈ ရက်နေ့က ခရီးထွက်ခဲ့ပြီး အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ရန်ကုန် - ဗွီအိုအေရုံးခွဲ တာဝန်ခံ ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ ဗြိတိန်သံအမတ်ကြီး Andrew Patrick တို့ ပူးတွဲပါဝင်တဲ့ သံတမန်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာသမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီး ဦးခင်ရီတို့နဲ့အတူ ရခိုင်ပြည်နယ်ကို ၂ ရက်ကြာ လေ့လာရေးခရီး ထွက်ခဲ့ကြတယ်လို့ အမေရိကန်သံရုံး ပြောခွင့်ရ Jamie Ravetz က အခုလို ပြောပါတယ်။

“သံအမတ်ကြီးတို့အဖွဲ့ဟာ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့နဲ့ အနီးတဝိုက်ကိုသွားပြီး အစိုးရတာဝန်ရှိသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ဒေသခံ မြို့မိ မြို့ဖတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ IDP ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ပကတိ အခြေအနေကို လေ့လာခဲ့ပါတယ်။”

သံတမန်ကိုယ်စားလှယ်အဖွဲ့ဟာ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ဒေသခံတွေရဲ့ စိုးရိမ်မကင်း ဖြစ်ရတာတွေနဲ့ ရေရှည်ဦးစားပေးရမယ့် လုပ်ငန်းတွေကိုလည်း မေးမြန်းခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်သံရုံးအနေနဲ့ ရခိုင်ပြည်နယ်က လူထုအတွက် ပါးလိုတဲ့ အမှာစကားကို ပြောခွင့်ရသူ Jamie Ravetz က အခုလို အလေးအနက် ပြောဆိုလိုက်ပါတယ်။

“ရခိုင်ပြည်နယ်မှာ ဘယ်လိုအစီအစဉ်မျိုးကိုပဲလုပ်လုပ် အသိုင်းအဝိုင်း နှစ်ခုအကြား အနာဂတ်မှာ ယုံကြည်မှု တည်ဆောက်နိုင်ဖို့နဲ့ နားလည်မှု လွဲမှားတာတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် အစိုးရအနေနဲ့ကော၊ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ အောက်ခြေ လူမှုအဖွဲ့အစည်းတွေကို ပိုပြီး ထိထိရောက်ရောက် လက်လှမ်းမှီအောင် ပွင့်လင်းမြင်သာမှုနဲ့ ကူညီသွားဖို့ တိုက်တွန်းလိုတယ်လို့ ပြတ်ပြတ်သားသား အမှာစကား ပါးလိုပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေ အရေးကိုပါ ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။ ဘာသာရေးအကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ ထောင်ဂဏန်းရှိတဲ့ ရိုဟင်ဂျာမူဆလင်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတယ်။ နောက်ထပ် လူဦးရေသောင်းဂဏန်းဟာလည်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရှိတဲ့ ညစ်ပတ်စုတ်ပြတ်နေတဲ့ စခန်းတွေမှာ နေထိုင်ကြရတယ်လို့ ပြောဆိုသွားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူတွေ အများအပြား ရှိနေတာကြောင့် ရခိုင်ပြည်နယ်အစိုးရကနေ MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို ပြန်လည်ခွင့်ပြုလိုက်ပါတယ်။ ဒီလိုခွင့်ပြုလိုက်တဲ့အပေါ် MSF ကတော့ သတိနဲ့ကြိုဆိုကြောင်း သူတို့အနေနဲ့ လုပ်ငန်းတွေကို အမြန်ဆုံး ပြန်လည် လည်ပတ်နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း MSF အဖွဲ့ရဲ့ ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို ပြန်လည် ခွင့်ပြုလိုက်တဲ့အပေါ် ဒေသခံတွေက မကျေမနပ်ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဇူလိုင်လ ၂၉ ရက်နေ့က တောင်းပန်စာ ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်တဲ့ အချိန်အခါ ဖြစ်ပေါ်နေခြင်းနဲ့ လက်ရှိ နိုင်ငံတကာ မျက်နှာစာမှာ လွန်ကဲစွာ ဝေဖန်သုံးသပ်ခံနေရခြင်းနဲ့အတူ ဆိုးရွားတဲ့ မကောင်းတဲ့ပုံရိပ်တွေကို ဖော်ဆောင်ခံနေရတာတွေကို ထင်သာမြင်သာရှိအောင် မဖြစ်မနေ အရေးကြီးတဲ့ အချိန်အခါဖြစ်လို့ ဒီလိုထုတ်ပြန်ဖိတ်ခေါ်ရခြင်း ဖြစ်တဲ့အကြောင်း ရေးသားဖော်ပြထားပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO အဖွဲ့များရဲ့ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ချက်တွေအတွက်လည်း ရခိုင်ပြည်နယ်အစိုးရက လုံး၀ တာဝန်ယူတဲ့အကြောင်း အဲ့ဒီတောင်းပန်စာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG