ယူကရိန်းနိုင်ငံကို ရုရှားတို့ ကျူးကျော်တိုက်ခိုက်တာ ၂ နှစ်ပြည့်တဲ့နေ့မှာ ယူကရိန်းဘက်က ဆက်လက်ရပ်တည် ထောက်ခံနေကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက ပြသခဲ့ပါတယ်။ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen, ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် Alexander De Croo, အီတလီဝန်ကြီးချုပ် Giorgia Meloni နဲ့ နေဒါနိုင်ငံတွေက ဝန်ကြီးချုပ် Justin Trudeau တို့ Kyiv မြို့တော်ကို ဒီနေ့သွားရောက်ပြီး စစ်ရန်ကင်းရှင်းသွားတဲ့ ယူကရိန်းနိုင်ငံ မဖြစ်သရွေ့ ကူညီပံ့ပိုးသွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။
ကျုးကျော်စစ် စတင်ချိန်က ရုရှားလေထီးစစ်သားတွေ မြို့တော်ကို ဝင်သိမ်းဖို့ ကြိုးစားခဲ့လို့ အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့တဲ့ Kyiv မြို့ပြင်က Hostomel လေဆိပ်ကိုသွားရောက်ခဲ့ကြပြီး ယူကရိန်းကို ကာကွယ်တိုက်ခိုက်နေကြတဲ့ ယူကရိန်းစစ်သည်တွေကို ချီးကျူးအားပေးကြောင်း ပြသခဲ့ကြပါတယ်။ ယူကရိန်းသမ္မတ Volodymyr Zelenskiy ကလည်း လေယာဉ်ပျက်တွေ နောက်ခံထားပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။
“စစ်ပွဲအဆုံးသတ်ဖို့ လူတိုင်း လိုလားနေကြပေမဲ့ ယူကရိန်းနိုင်ငံ အဆုံးသတ်သွားတာကိုတော့ ဘယ်သူမှ လက်ခံမှာ မဟုတ်ပါဘူး။ ဒါကြောင့် စစ်ပွဲအဆုံးသပ်ရမယ်ဆိုတဲ့ စကားရဲ့နောက်မှာ ငြိမ်းချမ်းမျှတရမယ်လို့ ကျွန်တော်တို့ အမြဲထည့်ပြောသလို၊ အနာဂတ် ယူကရိန်းဆိုတဲ့ စကားနောက်မှာ သီးခြားလွတ်လပ်တဲ့ နိုင်ငံဆိုတာကို အမြဲပါနေမှာ ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံ အနိုင်ရကိုရမှာ ဖြစ်ပါတယ်လို့” သမ္မတ Zelenskiy က စစ်ပွဲ ၂ နှစ်ပြည့်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ကျူးကျော်စစ်တိုက်နေတဲ့ ရုရှားနိုင်ငံအပေါ် စစ်ရေးနည်းပညာဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုသစ်တွေ EU ဥရောပသမဂ္ဂက သောကြာနေ့က ချမှတ်ခဲ့သလို အမေရိကန်အစိုးရကလည်း ရုရှားလူပုဂ္ဂိုလ်နဲ့ လုပ်ငန်းစုစုပေါင်း ၅၀၀ ကျော်ကို အရေးယူဒဏ်ခတ်မှုသစ်တွေ ချမှတ်ခဲ့ပါတယ်။ စစ်ပွဲ ၂ နှစ်ကြာလာချိန်မှာ ယူကရိန်းအတွက် အလိုအပ်ဆုံးက စစ်ရေးထောက်ပံ့မှု ဖြစ်တယ်လို့ ယူကရိန်းပြည်သူတွေက အလေးထားပြောနေကြပါတယ်။ ယူကရိန်းနိုင်ငံအတွက် ဗြိတိန်က ဒေါ်လာ သန်း ၃၀၀ ကျော်ဖိုးနဲ့ညီမျှတဲ့ စတာလင်ပေါင် ၂၄၅ သန်း စစ်ရေးအကူအညီတွေ ထပ်ပေးမယ်လို့ ဝန်ကြီးချုပ် Rishi Sunak က ဒီနေ့မှာပဲ ကြေညာပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ ယူကရိန်းအတွက် ဒေါ်လာ ၆၀ ဘီလျံကျော်နောက်ထပ် စစ်ရေးအထောက်အပံ့ပေးရေးကို အောက်လွှတ်တော် Republican အမတ်တွေက အတည်မပြုသေးတာမို့ အကူအညီတွေ ရပ်ဆိုင်းနေပါတယ်။ သောကြာနေ့ကတော့ Democrat ပါတီ အထက်လွှတ်တော်အမတ် ကိုယ်စားလှယ်အဖွဲ့ ယူကရိန်းနိုင်ငံကို သွားရောက်ပြီး အောက်လွှတ်တော်အမတ်တွေ အတည်ပြုလာအောင် ကြိုးစားနားချမယ်လို့ ကတိပေးခဲ့ကြပါတယ်။ New York မြို့ ကုလသမဂ္ဂဌာနချုပ်မှာလည်း သောကြာနေ့က ယူကရိန်းစစ်ပွဲ ၂ နှစ်ပြည့်အထိမ်းအမှတ် သံတမန်တွေ စုဝေးစည်းလုံးမှု ပြသခဲ့ကြပါတယ်။ ဒီပွဲမှာ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းဘက်က ရပ်တည်နေကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
ဒီနေ့စနေနေ့မှာ အမေရိကန်သမ္မတ Joe Biden ပါဝင်တဲ့ G7 ကမ္ဘာ့အင်အားကြီး ၇ နိုင်ငံခေါင်းဆောင်တွေ အွန်လိုင်းကနေ ဆွေးနွေးကြမယ့်ပွဲမှာ သမ္မတ Zelenskiy ကိုလည်း ဖိတ်ကြားထားပါတယ်။
Forum