[[Zawgyi/Unicode]]
မြန်မာနိုင်ငံအတွင်း ပဋိပက္ခဒဏ်ထိခိုက်ခံစားနေရတဲ့ လူမှုအသိုက်အဝန်းတွေအတွက် ဒိန်းမတ်နိုင်ငံက ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကို ဒိန်းမတ် ခရိုနာ ၂၅ သန်း အမေရိကန် ဒေါ်လာ ၃.၈ သန်း ပေးလှူလိုက်ပါတယ်။
ကချင်၊ ချင်း၊ ရခိုင်နဲ့ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်/တိုင်းဒေသကြီး အသီးသီးမှာ ပဋိပက္ခကြောင့် နေရပ်စွန့်ခွါ တိမ်းရှောင်နေရသူ လူဦးရေ ၃ သိန်း ၆ သောင်း ဝန်းကျင်ရှိတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ဆိုပါတယ်။ ခုလို နေရပ် စွန့်ခွါတိမ်းရှောင်နေရသူတွေနဲ့ တခြားထိခိုက်လွယ် မိသားစုဝင်တွေကို နေ့စဉ် ကူညီနေရာမှာ ဒိန်းမတ်နိုင်ငံရဲ့ကူညီငွေဟာ အများကြီး အထောက်အကူပြုတယ်လို့ WFP ဒိန်းမတ် ပူးတွဲ ကြေညာချက်မှာ ဖော်ပြပါတယ်။
“ဒိန်းမတ်နိုင်ငံကပေးအပ်တဲ့ ဘဏ္ဍာငွေပံ့ပိုးကူညီမှုဟာ အခုလို လိုအပ်ချက်တွေမြင့်တက်လာတဲ့အခိုက် အချိန်ကိုက်ရောက်ရှိလာတဲ့အတွက် WFP ရဲ့ မြန်မာနိုင်ငံအတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အထောက်အကူအများကြီးဖြစ်စေပါတယ်” လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Stephen Anderson က ပြောတာကိုလည်း ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
“ကံအားလျော်စွာပဲ လိုအပ်ချက်တွေ ပိုမိုများပြားလာပေမယ့် ဒိန်းမတ်နိုင်ငံရဲ့ အထောက်အပံ့ဟာ တကယ့်ကိုလိုအပ်နေတဲ့လူတွေကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး ရဲ့သံရုံးအကြီးအကဲ Mr Anders Graugaard က ဆိုပါတယ်။
========
[[Unicode]]
#MyanmarHumanitarianAssistance #MyanmarWFP #DenmarkMyanmar #VOABurmese
=======