သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးလွန် ပြန်လည် ထူထောင်ရေး WFP စတင်မည်


ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFP က ရေးဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ပေးနေတဲ့ ရိက္ခာပစ္စည်းတွေကို မကွေးတိုင်းဒေသကြီးအတွင်း၊ ရေစကြိုမြို့နယ်စု၊ ပခန်းကြီးမြို့မှာတွေ့ရစဉ်။ (ဓာတ်ပုံ-WFP)
ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFP က ရေးဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ပေးနေတဲ့ ရိက္ခာပစ္စည်းတွေကို မကွေးတိုင်းဒေသကြီးအတွင်း၊ ရေစကြိုမြို့နယ်စု၊ ပခန်းကြီးမြို့မှာတွေ့ရစဉ်။ (ဓာတ်ပုံ-WFP)

ရေဘေးသင့်ဒေသတွေကို စားနပ်ရိက္ခာတွေ ဆက်တိုက် ထောက်ပံ့ပေးနေတဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အနေနဲ့ အရေးပေါ်ကယ်ဆယ်ရေးကာလ အပြီး ပြန်လည်ထူထောင်ရေးအတွက် စားနပ်ရိက္ခာ ထောက်ပံ့ရေးတွေကိုလည်း နိုဝင်ဘာလမှာ စတင်လုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းပတ်မှာဖြစ်ပွားခဲ့တဲ့ ရေဘေးသင့်ဒေသတွေကို ကူညီသွားဖို့ အသင့်ရှိနေတယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

မိုးရွာသွန်းမှုတွေနဲ့ ဆိုင်ကလုန်း ကြောင့် ရေဘေးသင့်ခဲ့တဲ့ဒေသတွေမှာ အရေးပေါ်ကာလအလွန် ပြန်လည်ထူထောင်ရေးအတွက် စားနပ်ရိက္ခာထောက်ပံ့မှုတွေကို နိုဝင်ဘာလကစပြီး ၂၀၁၆ ခုနှစ်လယ်ပိုင်းလောက်အထိ အာရုံစိုက်လုပ်ဆောင်သွားမယ်လို့ ကုလသမဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP မြန်မာဌာနေကိုယ်စားလှယ် Dom Scalpelli က အခုလို ပြောဆိုလိုက်ပါတယ်။

“နိုဝင်ဘာလက စတင်ပြီး ရေဘေးသင့်ပြည်သူတွေအတွက် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ WFP ရဲ့ လစဉ် ငွေနဲ့ စားနပ်ရိက္ခာ အကန့်အသက်မရှိထောက်ပံ့နေတာတွေကို တဖြည်းဖြည်းလျှော့ချပြီး၊ ပျက်စီးသွားတဲ့ အရင်းအမြစ်တွေ ပြန်လည် တည်ဆောက် ထူထောင်ဖို့ ငွေကြေး ဒါမှမဟုတ် စားနပ်ရိက္ခာတွေကို ထောက်ပံ့သွားဖို့ရှိပါတယ်။ ဒါ့အပြင် အသက် ၅ နှစ်အောက် ကလေးငယ်တွေရဲ့ ကျန်းမာရေးအခြေအနေတွေ ဆိုးရွားမှုမရှိအောင် အထူးဖော်စပ်ထားတဲ့ အာဟာရ တိုက်ကျွေးမှုတွေကိုလည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုဒဏ်တွေ ခံခဲ့ရတဲ့ ဒေသတွေကို WFP အနေနဲ့ ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းအထိ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။”

ဒီကနေ့ WFP သိုလှောင်ရုံမှာ ကျင်းပတဲ့ ဂျပန်အစိုးရနဲ့ WFP အကြား စားနပ်ရိက္ခာလွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားမှာပြောဆိုလိုက်တာပါ။ ဂျပန်အစိုးရရဲ့ အလှူငွေ အမေရိကန်ဒေါ်လာ ၁.၃ သန်းနဲ့ ဝယ်ယူခဲ့တဲ့ ဆန် တန်ချိန်ပေါင်း ၁၉၀၀ ကျော်ကို ရေဘေးဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာလည်း ရေကြီးရေလျှံမှုတွေ ထပ်မံဖြစ်ပွားခဲ့တာကြောင့် ကူညီထောက်ပံ့ဖို့ အစီအစဉ်ရှိသလားဆိုတဲ့ မေးမြန်းမှုကို Dom Scalpelli က အခုလို ဖြေကြားပါတယ်။

“အခုထိတော့ အဲ့ဒိဒေသတွေက တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေရဲ့ ထိန်းချုပ်မှုအောက်မှာပဲရှိနေပါသေးတယ်။ လောလောဆယ်တော့ နိုင်ငံတကာ အရေးပေါ်အကူအညီတွေလည်း မလိုအပ်သေးပါဘူး။ ကျွန်တော်တို့ကတော့ နေ့စဉ်နဲ့အမျှ သက်ဆိုင်ရာအစိုးရတွေနဲ့ အဆက်အသွယ်လုပ်နေပါတယ်။ ကျွန်တော်တို့ အကူအညီ လိုအပ်ပြီဆိုတာနဲ့ ချက်ချင်း လိုအပ်တဲ့အကူအညီတွေပေးသွားမှာပါ။”

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးချွမ်ဟယ်ကတော့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လေ့ကျင့်ခန်းတွေလည်း လေ့ကျင့်ပေးနေတယ်လို့ အခုလို ပြောပါတယ်။

“သဘာဝဘေး အမျိုးစုံနေတဲ့အတွက် ဥပမာ မီးဘေးဆိုရင်တမျိုး၊ ဘယ်လိုကြိုတင်ကာကွယ်မလဲဆိုတာနဲ့ မီးဘေးအန္တရယ်ကြိုတင် သတိပေးကို အမြဲတမ်းစီစဉ်ထားပါတယ်။ ထိုနည်းတူ ရေဘေးဆိုရင်လည်း ရေဘေးမဖြစ်ခင် အိမ်ဘယ်လိုဆောက်ရမလဲ၊ ဘယ်ဒေသကို ရွေ့ရမလဲ၊ တကယ်လို့ရေဘေးဖြစ် လေမုန်တိုင်းကျလို့ရှိရင် ဘယ်နေရာထွက်ပြေးမလဲ၊ ဘယ်နေရာ ရှောင်သင့်သလဲဆိုတာတွေကို ကြိုတင် ဆက်တိုက် လေ့ကျင့်နေပါတယ်။ ပုံမှန်လေးလုပ်ခိုင်းထားပါတယ်။ ရပ်ကွက်အသီးသီး နဲ့ မြို့နယ်အသီးသီးမှာ ကော်မတီဖွဲ့ထားပြီးတော့ လုပ်ဆောင်နေပါတယ်။”

WFP အဖွဲ့ဟာ ဆိုင်ကလုန်း Komen အလွန် အရေးပေါ်စားနပ်ရိက္ခာလိုအပ်ခဲ့တဲ့ ရေဘေးသင့်ပြည်သူ ၄သိန်း ၅ သောင်း ၅ ထောင်ကျော်ကို တစ်လအတွင်း ထောက်ပံ့နိုင်ခဲ့ပါတယ်။ ဒါ့အပြင် WFP အနေနဲ့ မြန်မာအစိုးရနဲ့ရော ဂျပန်နိုင်ငံရဲ့ ထောက်ပံ့မှုတွေနဲ့ပါ ပူးပေါင်းပြီး ၂၀၂၅ ခုနှစ်မတိုင်မီ ငတ်မွတ်ခေါင်းပါးမှုအလုံးစုံပပျောက်ရေး ရည်မှန်းချက်ပြည့်မီအောင် ကြိုးစားဆောင်ရွက်နေပါတယ်။

XS
SM
MD
LG