သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မှာ အိမ်တွင်းသပိတ်နဲ့ တခြားဒေသတွေမှာ သပိတ်ပုံစံမျိုးစုံ ဆက်ဖြစ်ခဲ့


အိမ်တွင်းသပိတ် (ဓာတ်ပုံ-စိမ်းခန့်/ဖဘ)
အိမ်တွင်းသပိတ် (ဓာတ်ပုံ-စိမ်းခန့်/ဖဘ)

စစ်အာဏာသိမ်းမှုကို ကန့်ကွက်နေကြတဲ့ ပြည်သူတွေက ရတဲ့နည်းနဲ့ ဆက်ပြီး ဆန္ဒပြနေကြတာမှာ လုံခြုံရေးတင်းကြပ်တဲ့ ရန်ကုန်မြို့မှာ လူငယ်တချို့က ဒီနေ့ အိမ်တွင်းသပိတ်လုပ်ကြပါတယ်။ ထားဝယ်မြို့မှာတော့ တပ်ဖွဲ့ဝင်တွေပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတွေအတွက် ဆီးမီးထွန်း ဆုတောင်း ပေးခဲ့ကြပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို နန်းလောင်ဝ်ကပြောပြပါမယ်။

လျှပ်တပြက်သပိတ်တွေ လုပ်လေ့ရှိတဲ့ ရန်ကုန်မြို့မှာ ဒီနေ့တော့ လှိုင်သာယာမြို့နယ်ထဲကG-Z လူငယ်တွေ အင်အားအနည်းငယ်နဲ့ အဖွဲ့ခွဲပြီး ပျောက်ကြားဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။ လှိုင်သာယာဟာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့မြို့နယ်ဖြစ်တာမို့ တချို့နေရာတွေမှာ လုံခြုံရေးကြောင့် လမ်းပေါ်ထွက်ဆန္ဒပြနိုင်ဖို့ အခက်အခဲရှိတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ လမ်းပေါ် ထွက်လို့မရတဲ့သူတွေကတော့ အိမ်တွင်းသပိတ်မှောက်ကြတယ်လု့ိ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကိုညီထက်က ပြောပါတယ်။

“ဒီနေ့တော့ အိမ်တွင်းသပိတ်ပဲ လုပ်မယ်ဗျ။ အပြင်တော့မထွက်တော့ဘူး၊ ရေးချင်တဲ့ စာလေးတွေ ရေးပြီးတော့ ဓာတ်ပုံရိုက်ပြီးတော့ လိုင်းပေါ်တင်တာမျိုးပေါ့ အဲ့လိုပါပဲ၊ စစ်ကောင်စီကို ဆန့်ကျင်တဲ့ စာသားတွေပါပဲ။ နေရာတိုင်းလိုလိုမှာလည်း သူကတပ်စွဲထားတယ် ပြီးတော့ သူတို့ရဲ့ ဒလံတွေ ကလည်း နေရာတိုင်းမှာရှိတယ်လေ၊ အခွင့်သာတဲ့ ရက်တွေ ဒီလိုမျိုးနည်းနည်း(စစ်ကောင်စီတပ်) လူရှင်းတဲ့ ရက်တွေ ဘာတွေကျ ထွက်လို့ရတာပေါ့၊ တချို့ရက်တွေကျတော့ ထွက်လို့ အဆင်မပြေ ဘူးလေ။ (ဆန္ဒပြသူ) တချို့လူတွေက အလုပ်အကိုင်နဲ့ဆိုတော့ အလုပ်ပြန်နေရတဲ့သူတွေလည်းရှိတယ် အဲဒါကြောင့် ကျနော်တို့ထွက်လို့အဆင်မပြေဘူး။”

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာလည်း လက်နက်အပြည့်ကိုင်ဆောင်ထားတဲ့ စစ်သားတွေက စစ်ကားနဲ့ မြို့တွင်းကင်းလှည့်နေတာမို့ သတိထားနေရတယ်လို့ ဆန္ဒပြသူတွေက ပြောကြပါတယ်။ ဒီကြားထဲကပဲ ကလေးမြို့မှာ မနက်အစောပိုင်းက အရုဏ်ဦးသပိတ်၊ နောက် နေ့လည်နဲ့ ညနေမှာလည်း ဆိုင်ကယ် သပိတ်၊ လမ်းလျှောက်သပိတ်တွေ လုပ်ခဲ့ကြပါတယ်။

“ကျနော်တို့ အခုရပ်ကွက်သပိတ်က မနက် ၇ နာရီမှာ စတယ် ပြီးသွားပါတယ်ဗျ။ (ဆန္ဒပြစစ်ကြောင်း) သုံးကြောင်း လေးကြောင်းလောက်ထွက်တယ်။ အခုဒီနေ့ဆိုရင် ၁၀ နာရီခွဲ ၁၁ နာရီလောက်မှာ ကျနော်တို့ ဈေးထဲမှာ လက်ကမ်းစာစောင်တွေ ဝေပြီးတော့ ဆန္ဒပြကြပါတယ်ဗျ၊ ဈေးသူဈေးသား တွေကလည်း ဝိုင်းဝန်ပြီးတော့ ကူညီပေးပါတယ်။လက်ကမ်းစာစောင်ထဲမှာ ကျနော်တို့က မိဘ အပေါင်းတို့ ခေတ်ကောင်းသို့ပြောင်းလဲဖို့ စနစ်ကောင်းကိုပြောင်းလဲဖို့ ဒို့ကလေးတွေကို ကျောင်းလည်း မပို့ပါနဲ့ အဲ့လိုမျိုးလေးတွေပေါ့။”

တခါ မန္တလေး၊ မုံရွာ၊ ကလေး၊ ဖားကန့်၊ လောင်းလုံ စတဲ့ မြို့တွေမှာလည်း နေ့စဉ်ထွက်ကြတဲ့ သပိတ် မှောက်စစ်ကြောင်းတွေ ဆက်ရှိနေပါတယ်။ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့အနီးက ကျေးရွာတွေရဲ့ ရွာပေါင်းစုသပိတ်မှာတော့ လူထောင်ချီ ပါဝင်ခဲ့ကြပါတယ်။ တခြားဒေသတွေမှာလည်း ပျောက်ကြား သပိတ်၊ လူမဲ့သပိတ်တွေ ပြုလုပ်ပြီး စစ်အာဏာသိမ်း အုပ်ချုပ်နေတာကို ဆန့်ကျင်ခဲ့ကြပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှာတော့ စစ်အာဏာသိမ်းခဲ့ပြီးနောက် တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရသူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနား လုပ်ခဲ့ကြပါတယ်။ သေဆုံးခဲ့သူတွေကို အောင်မေ့သတိရတဲ့အနေနဲ့ လွမ်းသူ့ပန်းခွေတွေ၊ ပန်းစည်းတွေချကြဖို့၊ ည ၇ နာရီမှာ ဆီးမီးထွန်း ဆုတောင်းကြဖို့ အရင်နေ့တွေထဲက လက်ကမ်းစာစောင်တွေ ဖြန့်ဝေ ဆော်သြခဲ့တယ်လို့ဆန္ဒပြပွဲမှာ ပါဝင်သူတဦးက ပြောပါတယ်။

“ထားဝယ်မှာ အကြမ်းဖက်ဖြိုခွဲမှုတွေ စတင်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကနေ စပြီးတော့ ဒီနေ့အထိ ဆိုလို့ရှိရင် သုံးလအတွင်းပြည့်သွားပြီပေါ့နော်၊ ဒီသုံးလပြည့်နေ့မှာ ဒီလိုမျိုးကျဆုံးခဲ့ရတဲ့သူတွေအတွက် အောင်မေ့သတိရတဲ့အနေနဲ့ ကျနော်တို့ လွမ်းသူပန်းခွေချတဲ့သပိတ်ကို လုပ်ခဲ့တယ်။ ည ၇ နာရီမှာ ဆိုလို့ရှိရင် ဒီကျဆုံးခဲ့ရတဲ့သူတွေ တစ်နိုင်ငံလုံးမှာ ကျဆုံးခဲ့သူတွေကို ရည်စူးပြီးတော့ ကျနော်တို့ ဆီမီးထွန်းပေးပြီးတော့ ဆုတောင်းပေးမယ့် အစီအစဉ်တွေလည်း စီစဉ်ထားတာရှိတယ် ဒါတော့ တမြို့လုံးအတိုင်းအတာနဲ့ ဒီဆီမီးထွန်းတဲ့သပိတ်မှာ ပါဝင်ကြဖို့ ပန်ကြားထားတာတွေရှိတယ်။”

မနက်အစောပိုင်းကတော့ ထားဝယ်မြို့မှာ တပ်ပေါင်းစုသပိတ်စစ်ကြောင်းနဲ့ လူငယ်များပူးပေါင်းပြီး အရုဏ်ဦးသပိတ်ဆင်နွှဲခဲ့ကြပါတယ်။ ထားဝယ်ပင်မစစ်ကြောင်း အပါအဝင် ပုံမှန် ချီတက်ဆန္ဒပြ နေကြတဲ့ စစ်ကြောင်း ၄ ကြောင်းကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ ချီတက်ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်












XS
SM
MD
LG