သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးတောင်ပိုင်းမှာ စစ်ကောင်စီ နယ်မြေ ဆက်ရှင်း၊ ကောလင်းမှာ အရပ်သားအလောင်းတွေတွေ့ 


Kalay Township, Myanmar
Kalay Township, Myanmar

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တောင်ပိုင်းမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းမှုတွေ ဆက်လုပ်နေပါတယ်။ ကောလင်း မြို့နယ်ထဲမှာလည်း စစ်တပ်က နယ်မြေရှင်းလင်းခဲ့တဲ့ ကျေးရွာတွေမှာ အမျိုးသမီးတွေအပါအဝင် အသတ်ခံထားရတဲ့ အရပ်သား တချို့ကို တွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မကွေးတိုင်း ပေါက်မြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ဒီအခြေအနေတွေအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကစလို့ နယ်မြေ ရှင်းလင်းတာတွေ ဆက်လုပ်နေတာပါ။

ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းမှာတော့ သံဖိုကျေးရွာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ဝင်ရောက်လာတဲ့အတွက် ဒေသခံ ကျေးရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာလည်း ကျေးရွာသားတွေ တိမ်းရှောင်နေတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ သေဆုံး ဒဏ်ရာရတာတွေရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်ကောင်စီက ဒီတိုင်း သက်သက်မဲ့ စစ်ကြောင်းထိုးပြီးတော့ ပြောရရင် နယ်မြေရှင်းလင်းရေး ပုံစံလုပ်တာပေါ့။ ၅ နာရီ လောက်ကနေပြီးတော့ ရန်ကြီးအောင်စခန်း ရန်ကြီးအောင်ဂိတ်ကလူတွေက သံဖိုရွာထဲကို ထုပြီးတော့ ဝင်ပြီးတော့ နေအိမ်တွေ ကို မီးရှို့တယ်။ ဒီနေ့က သံဖိုကနေ စစ်ဘေးရှောင်တွေရှိတဲ့ဘက်ကို လှမ်းထုတာ အဲ့မှာ လက်နက်ကြီးထုလို့ ထိခိုက်ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်။ အသေအပျောက်လည်းရှိတယ်။”

သံဖိုရွာထဲက နေအိမ်တွေ မီးရှို့ခံရလို့ နေအိမ်သုံးလုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ကလည်း သံဖိုရွာနဲ့ ၈ မိုင်ဝေးတဲ့ နတ်ချောင်းနဲ့ ငါးဖား (ငဖား) ကျေးရွာတွေကို မီးရှို့ခဲ့လို့ နေအိမ်တချို့ မီးလောင်ခဲ့ပါသေး တယ်။ အခုလို စစ်တပ်က နယ်မြေရှင်းနေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းဒေသတွေမှာ လတ်တလော တိုက်ပွဲတွေ မရှိပေမဲ့ အရင်ကတော့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေဖြစ်ခဲ့ဖူးပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့အနီးက ကျေးရွာတွေကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၂၁ ရက်ကစလို့ နယ်မြေ ရှင်းလင်းတာတွေ လုပ်နေပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်မှာတော့ မြို့နဲ့ ၈ မိုင်ဝေးတဲ့ မင်းကုန်းရွာမှာ ဒေသခံ အရပ် သား ၄ ဦးကို စစ်ကောင်စီက လက်ပြန်ကြိုးတုတ်ပြီး သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလောင်းတွေ တွေ့ရတဲ့အခြေအနေကို ဒေသခံတယောက်က ခုလိုပြောပါတယ်။

“ကောလင်းမြို့နယ် ကျောက်ပြင်သာအုပ်စု မင်းကုန်းရွာကနေ စစ်ကောင်စီတပ် သားတွေ ထွက်သွားတဲ့အခါကျမှ အလောင်း ၄ လောင်းကို တွေ့ရတာခင်ဗျ။ အဲ့အချိန်အခါမှ ရွာထဲကို ပြန်ဝင်ခွင့်ရတာဆိုတော့ အဲ့အချိန်အခါမှ တွေ့ရတာ။ လက်ပြန်ကြိုး တုပ်ထားတယ်။ လည်ပင်းမှာ ပြတ်ရှဒဏ်ရာရှိတယ်။ ၄ ယောက်လုံးကတော့ မင်းကုန်းဇာတိတွေပဲ။ စစ်ကြောင်းအဝင်ခံရတဲ့ မင်းကုန်းရွာ ဇာတိတွေပါပဲ။”

သေဆုံးသူတွေဟာ အသက် ၂၀ ကျော် အမျိုးသမီး ၁ ဦး အမျိုးသား ၁ ဦးနဲ့ အသက် ၄၀ ကျော် အမျိုးသမီး ၁ ဦး အမျိုးသား ၁ ဦး တို့ဖြစ်တယ်လို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်ကလည်း မင်းကုန်းရွာနဲ့ အနီးဆုံးရွာဖြစ်တဲ့ ကုက္ကိုရွာကို စစ်တပ်က နယ်မြေဝင်ရှင်းပြီး တိုက်နယ်ဆေးရုံတခုကို မီးရှို့ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီနောက်မှာတော့ မင်းကုန်းရွာ ကို နယ်မြေရှင်းလင်းအပြီး အသတ်ခံရတဲ့ အရပ်သား ၄ ဦးရဲ့အလောင်းတွေ တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ မကွေးတိုင်းဘက်မှာဆိုရင်လည်း ပေါက်မြို့နယ်နဲ့ ၁၇ မိုင်နီးပါးဝေးတဲ့ ပုသိမ်-မုံရွာလမ်းပေါ်က ရေပြာကျေးရွာအုပ်စု ရဲစခန်းမှာ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်က ဒေသခံကာကွယ်ရေးအဖွဲ့တွေ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသခံ PDF တွေနဲ့ နီးစပ်သူတဦးက အခုလိုပြောပါတယ်။

“၂၃ ရက် နေ့လယ်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားတယ်။ ညနေပိုင်းမှာ တိုက်ပွဲတွေဆက်လက်ပြီးဖြစ်တယ်။ အဲ့ဒီ့မှာ စခန်းမှူးအပါအဝင် ၅ ဦးဒဏ်ရာရတယ်။ ကျနော်တို့ အဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ ရေစကြို ၊ မြိုင်ရယ် ပေါက်ရယ် PDF ကတော့ ဒဏ်ရာ ၂ ယောက် ရသွားတယ်။ လုံခြုံရေးကတော့ တင်းကြပ်နေဆဲပါပဲ။ စစ်တပ်က စစ်ကူတွေလာပြီးတော့ ဒေသဝန်းကျင်ကို တင်းကြပ်ထားတာရှိတယ်။”

ရဲစခန်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီက သတင်းထုတ်ပြန် တာ မရှိသေးပါဘူး။ ရေပြာရဲစခန်း တိုက်ခိုက်ခံရပြီး နောက် စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းတာတွေ လုပ်လာမှာကို ဒေသခံတွေ စိုးရိမ်ကြတဲ့အတွက် ရေပြာကျေးရွာ အပါအဝင် အနီးနာကျေးရွာတွေက ရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]











================

XS
SM
MD
LG