သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယင်းမာပင်ဘက် တိုက်ပွဲဖြစ်နေပြီး ဒေသခံ ၂၀,၀၀၀ ကျော် အိုးအိမ်စွန့် ထွက်ပြေးနေရ 


စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက တိုက်ပွဲတွေရှိနေတဲ့ ကန်သာ၊ သီးကုန်းနဲ့ အိုးဘိုကျေးရွာများ။ (MIMU)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက တိုက်ပွဲတွေရှိနေတဲ့ ကန်သာ၊ သီးကုန်းနဲ့ အိုးဘိုကျေးရွာများ။ (MIMU)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက သီးကုန်းကျေးရွာနဲ့ အိုးဘိုကျေးရွာတို့ဘက်မှာ တိုက်ပွဲတွေဖြစ်နေပါတယ်။ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို တရွာဝင် တရွာထွက် နယ်မြေရှင်းလင်းရေး လုပ်တာကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ဆက်တိုက်ရှိနေပြီး ကျေးရွာ ၉ ရွာလောက်က ပြည်သူ ၂ သောင်းကျော်လောက် ဘေးလွတ်ရာ ထွက်ပြေးပုန်းရှောင်နေကြရပါတယ်။ တိုက်ပွဲတွေအတွင်း ဒေသခံပြည်သူတချို့ သေဆုံးမှုတွေလည်းရှိနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မအိသန့်စင်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက သီးကုန်းရွာအနီးမှာ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မိတ်ဖက်အဖွဲ့တွေ စုပေါင်းထားနဲ့ ပြည့်သူကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ မတ်လ ၁၀ ရက် ဒီကနေ့ မနက် ၁ နာရီလောက် ကတည်းက တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က VOA ကို ပြောပါတယ်။

“သီးကုန်းရွာက ဘုန်းကြီးကျောင်းမှာ မနေ့က တပ်စွဲထားခဲ့တယ်။ တပ်စွဲထားခဲ့ပြီးတော့ မနေ့ က တနာရီလောက်မှာ ကျနော်တို့နဲ့ ထပ်ပြီးတော့ ထိတွေ့တိုက်ပွဲတွေ ကြီးကြီးမားမားဖြစ်တာရှိခဲ့တယ်။ ဒီကနေ့ မနက်မှာကတော့ ရန်သူစစ်ကြောင်းက သီးကုန်းရွာရဲ့ မြောက်ဘက်ပေါ့နော်။ အဲဒီဘက်ကိုတက်သွားတော့ ခု ကျနော်တို့လိုက်ပြီးတော့ လိုက်လံ ပစ်ခတ်တာတွေ ဒလစပ် ဖြစ်ခဲ့တယ်။”

ယင်းမာပင်မြို့နယ်ထဲမှာ အခုရက်ပိုင်းတိုက်ပွဲတွေကြောင့် ရှမ်းရွာ၊ ကံသာ၊ လက်ပံတော၊ သီးကုန်း၊ ပြန်လှည့်၊ ရွှေညောင်ပင်၊ ညောင်နှုန်း၊ ငဖောင်၊ အိုးဘို၊ ကျောက်ပြုတ် စတဲ့ကျေးရွာတွေက ရွာသားတွေအားလုံး ထွက်ပြေးနေကြရတာပါ။ ဒီရွာတွေကနေ စစ်ဘေးရှောင်နေကြတဲ့ အရေအတွက်က ၂ သောင်းကျော်လောက်ရှိပါတယ်။ တချို့ရွာတွေက ရွာသားတချို့က ရွာထဲက နေအိမ်တွေကို ပြန်သွားကြည့်တာမျိုး ရှိပေမယ့် အများစုကတော့ ရွာကိုပြန်မလာနိုင်ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကံသာရွာက ရွာသားတဦးကတော့ လက်ရှိမှာ စစ်ကောင်စီတပ်တွေထွက်သွားပြီမို့ ရွာကို တချို့တလေ ပြန်ဝင်လာကြပေမယ့် အများစုကတော့ ကြောက်လို့ ပြန်မလာရဲကြသေးဘူးလို့ ပြောပါတယ်။ ဗုဒ္ဓဟူးနေ့က ကံသာရွာမှာ လက်နက်ကြီးနဲ့ စစ်ကောင်စီတပ်တွေက ပစ်ခတ်လို့ ဘုန်းကြီးကျောင်းမှာ ပုန်းခိုနေတဲ့ ပြည်သူတချို့ သေဆုံးခဲ့ရပါတယ်။ လက်ရှိ ကံသာရွာထဲက စစ်ကောင်စီတပ်တွေ ထွက်သွားပြီးနောက် အခြေအနေတချို့ကို သူက ခုလိုပြောပါတယ်။

“ကျနော့်မိဘတွေကိုဆိုရင် လုံခြုံမယ်လို့ထင်တဲ့ အရပ်ဒေသဖြစ်တဲ့ ဘုန်းကြီးကျောင်းကို ပို့လိုက်တာ မှားသွားတယ်။ အမေနဲ့အဒေါ်နဲ့ ဆုံးတဲ့ထဲပါသွားတယ်။ လက်နက်ပြီးထိပြီးတော့။ ကျနော့်အိမ်က သူတို့တည်းတဲ့ နေရာနဲ့နီးတော့ အကုန်ဖျက်ဆီးသွားတယ်။ ရှိတဲ့အစားအသောက် ရေခဲသေတ္တာထဲရှိတာတွေ အကုန်ယူသွားတယ်။ ဖျာကအစပေါ့ဗျာ။ ရွာထဲမှာက ဘယ်လိုလဲဆိုတော့ ကျနော်က ကိုယ့်အိမ်ကိုပဲ အဓိကထားကြည့်ရတာပေါ့။ သူများအိမ်ကိုကျ မဝင်ရဲဘူးလေ။ ကျနော်တို့တဲက၊ တဲဆိုတာထက် လူနေဖို့ ဆောက်ထားတဲ့ အိမ်မကြီးနဲ့ ပစ္စည်းထားဖို့ ဆောက်ထားတဲ့အဆောက်အဦးကတော့ အပေါ်က သွပ်တွေ အပေါက်တွေဖြစ်ကုန်တယ်။ ရေစင်ကို ရိုက်ချိုးသွားတယ်။ ပိုက်တွေကိုရော။ အိမ်ရှေ့အခန်းကို မီးရှို့သွားတယ်။ မီးရှို့သွားလို့ ခုမီးမငြိမ်းသေးတဲ့ဟာကို မီးငြိမ်းနေရတယ်။”

စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေအနေနဲ့ နေထိုင်စရာ အခက်အခဲဖြစ်နေပါတယ်။ အစားအသောက်ကအစ ဘာပစ္စည်းမှသယ်မလာနိုင်ကြတာကြောင့် အရိပ်ရတဲ့ သစ်ပင်အောက်မှာ မိုးကာစတွေကို ခင်းပြီးအိမ်ရတာမျိုးတွေ ရှိသလို လှည်းပါတဲ့သူတွေ က လှည်းပေါ်မှာ အိပ်ကြရပါတယ်။ အစားအသောက်အတွက်လည်း အတော်လေးခက်ခဲတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေက ယင်းမာပင်နယ်တခွင်မှာ စစ်အင်အားအမြောက်အများ တိုးချဲ့ထားပြီး တရွာဝင်တရွာထွက် ပြည်သူ့ကာကွယ်ရေးတပ်တွေကို လိုက်ရှာ နယ်မြေရှင်းလင်းနေပုံရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဘက်က ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]








==============

XS
SM
MD
LG