သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးဗြဲမြို့နယ်မှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်တွေ လေကြောင်းကတိုက်ခိုက်


ရှမ်းပြည်နယ်ထဲက စစ်ဘေးတိမ်းရှောင်နေကြရသူများ။ (ယခင်ပုံဟောင်း)
ရှမ်းပြည်နယ်ထဲက စစ်ဘေးတိမ်းရှောင်နေကြရသူများ။ (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]

ရှမ်းပြည်နယ် မိုးဗြဲမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ ဒီနေ့လည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ မိုးဗြဲမြို့တောင်ဘက် ဝါရီဆူးဖလိုင်ရွာဘက်ကို စစ်လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ၃ ရက်ဆက်တိုက် ဒီနေ့ အစောပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်းက လေကြောင်းနဲ့ တိုက်ခိုက်နေတာဖြစ်ပါတယ်။ အပြည့်အစုံရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ် မိုးဗြဲမြို့အစွန်ဘက်နဲ့ မိုးဗြဲမြို့နယ် ဝါရီဆူးဖလိုင်ကျေးရွာတဝိုက်မှာ ဖေဖော်ဝါရီ ၁၈ ရက်သောကြာနေ့ နေ့လယ်ပိုင်းကတည်းက စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ညနေပိုင်း ၅ နာရီကျော်လောက်မှာတော့ စစ်တပ်က လေယာဉ်တွေပါသုံး ပစ်ခတ်ခဲ့ပါတယ်။ ဝါရီဆူးဖလိုင်ရွာနားတဝိုက် လေကြောင်းကနေ ပစ်ခတ်နေပုံကို ဒေသခံက ခုလိုပြောပြပါတယ်။

“အခု စစ်လေယာဉ် ဝဲပြီး ခုနက ၃ ချက်ပစ်နေပြီ။ အခုက….(ဗုံးပစ်တဲ့အသံ...) ပစ်နေပြီနော်။ ပစ်နေပြီ...ပစ်နေပြီ...။ လေယာဉ်နဲ့ပစ်နေပြီ။ အခုလက်ရှိ စစ်လေယာဉ်နဲ့ပစ်နေပါတယ်ခင်ဗျ။ ၂ စင်းပါခင်ဗျ။ အဲ့ဒီဝါရီဆူးဖလိုင်းဘက်မှာ ခင်ဗျ၊ ဝါရီဆူးဖလိုင်ရွာမှာပစ်နေတယ်။”

အဲဒီဘက်မှာ ညနေ ၅ နာရီကျော်တဲ့အထိ တိုက်ပွဲတွေဖြစ်နေတာကိုလည်း နောက်ထပ်ဒေသခံက ခုလို ပြောပြပါတယ်။

“အခုလည်း (တိုက်ပွဲ)ရှိနေတယ်ခင်ဗျ။ အခုကလုပ်နေတုန်းပဲ ခင်ဗျ။ ပစ်ခတ်နေတုန်းပါ။ လက်ရှိ မိုးဗြဲ ဝါရီဆူးဖလိုင်းနားက ဝါရီဆူးဖလိုင်ရွာရယ်၊ ဝီသဲကူတို့ရွာ၊ အဲ့မှာ ပစ်ခတ်မှုဖြစ်နေတယ်။ ဟို ၂ နာရီကတည်းက စဖြစ်ပါတယ်။ အခုက မပြီးသေးဘူးခင်ဗျ။ အခုက ဖြစ်နေတုန်းပဲ။ မပြီးဆုံးသေးဘူးခင်ဗျ။ မြို့ပေါ်ဘက်မှာတော့ (တိုက်ပွဲ) မရှိသေးပါဘူး။ ဒါပေမယ့် သူက မိုးဗြဲမြို့ရဲ့ အစွန်ဘက်မှာ တောင်ဘက်ပေါ့နော်။ အဲ့မှာဖြစ်နေတယ်ခင်ဗျ။ တိုက်ပွဲဖြစ်နေပါတယ်။”

ကြာသပတေးနေ့ကလည်း မိုးမြဲမြို့မှာ ၂ ဘက်တိုက်ပွဲတွေဖြစ်ခဲ့ပြီး ညပိုင်းရောက်ချိန်မှာတော့ စစ်တပ်က တိုက်လေယာဉ်တွေသုံး ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ မိုးဗြဲမြို့ထဲမှာ ဒီနေ့ တိုက်ပွဲတွေမရှိပေမယ့် စစ်တပ်ဘက်က တနေ့လုံး လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်နေတယ်လို့ နောက်ထပ် မြို့ခံတဦးက ပြောပါတယ်။

“သူ့ဟာသူ ထု။ တမနက်လုံး လက်နက်ကြီးကျတာပဲ၊ ဒုန်း…ဒုန်း…ဒုန်းနဲ့ စစ်ကောင်စီဘက်ပဲ ထုမယ်ထင်တယ်။ တိုက်ပွဲတော့ မဖြစ်လောက်ဘူး။ ဒါပေမယ့် လက်နက်ကြီးသံတော့ ဆက်တိုက်ကြားတယ်။”

ဒီနေ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ ဝါရီဆူးဖလိုင်ရွာနားတဝိုက်မှာတောည စစ်ကောင်စီတပ်တွေ တပ်စွဲနေရာယူထားလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေကြရပါတယ်။ ဝါရီဆူးဖလိုင်ကျေးရွာမှာတော့ မနေ့ကနေ ဒီနေ့အထိ နေအိမ် ၅၀ ကျော် လောင်ကျွမ်းခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

“ကျနော်တို့ မိုဗြဲက ကျေးရွာအုပ်စုထဲမှာပဲ ဝါရီဆူးဖလိုင်ရွာက အားလုံး အိမ်ခြေက ၅၀ ကျော်ကျော်တော့ လောင်သွားတာပေ့ါဗျာ။ မနေ့က လောင်ထားတာက နည်းနည်းပါပဲ။ ၂၀၊ ၃၀ ပဲပေါ့နော်။ အားလုံး ၃၀ ကျော်ကျော်လောက် ထပ်လောင်သွားလေ ဒီရက်က။”

စစ်ကောင်စီရဲ့ လက်နက်ကြီးတွေကြောင့် ကလေးသူငယ်တဦးအပါအဝင် အရပ်သားပြည်သူ ၇ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့သူတွေရှိတယ်လို့ မိုးဗြဲပရဟိတလူမှုကူညီရေးအသင်းက ပြောပါတယ်။

“မနေ့ကနေ အခုချိန်ထိတော့ ၇ ယောက်လောက်ရှိမယ်ရှင်။ အဲ့ဒါ အရပ်သားပြည်သူတွေပေါ့နော်။ ၇ ယောက်လောက်ရှိမယ်ရှင် ဟုတ်။ ကလေးကတော့ တယောက်ပါမယ်။ ကောင်မလေး ၄ ယောက်ပါမယ်။ ကျန်တာတော့ ယောက်ကျားလေးပဲပေါ့။ တချို့ကျတော့ ဘုန်းကြီးကျောင်းမှာပေါ့နော်။ သူတို့နေနေတယ်။ နောက်မှ လက်နက်ကြီးက ကျသွားတာ။ တော်တော်လေးတော့ ထိသွားတယ်။ ဘုန်းကြီးကျောင်းထိတောင် လက်နက်ကြီးက ကျတာဆိုတော့လေ။ လုံခြုံရေးအပိုင်းတော့ နည်းနည်းကြီးတော့ မလုံခြုံတော့ဘူးထင်တာပေါ့နော်။ ကိုယ့်အိမ်မှာပဲနေနေ ဘယ်လိုပဲ နေနေပေါ့နော်။ ဖြစ်နိုင်ရင်တော့ မြန်မြန်လေး စွန့်ခွာသွားနိုင်ရင်တော့ ပိုကောင်းလိမ်မယ်ပေါ့နော်။”

ဖေဖော်ဝါရီ ၁၇ ရက်ကြာသပတေးနေ့က ဒေသခံတွေဟာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေထဲ ခိုလှုံနေချိန်မှာ လက်နက်ကြီးတွေ ရောက်ကျလာလို့ အခုလို ဒဏ်ရာတွေ ရကြရတာပါ။ ဒါကြောင့် မိုးဗြဲမြို့မှာ နေထိုင်လို့ မလုံခြုံတော့တာမို့ မြို့ထဲမှာ ကျန်နေတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို အမြန်တိမ်းရှောင်ကြဖို့ ပရဟိသမားတွေက အကြံပေးနေကြပါတယ။်

ဖေဖော်ဝါရ ၁၇ ရက် မနေ့က ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား မိုးဗြဲမြို့ထဲက ဟိုက်ကွီဆည်နဲ့ ဝါရီဆူးဖလိုင်ကျေးရွာနားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဒေသခံပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင် ၇ ယောက်အပြင် ကယ်ဆယ်ရေးဆရာဝန်တယောက်လည်း သေဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။

အခုလို မိုးဗြဲမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးပစ်အိမ်ပစ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်ဘေးဒုက္ခသည်တွေအတွက် နေထိုင်ရေးအပြင် စားသောက်ရေးအတွက် အရေးပေါ် အကူအညီလိုအပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]















==========

XS
SM
MD
LG