သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နယ်စပ် စစ်ရေးလေ့ကျင့်ချိန် ကိုးကန့်တိုက်ပွဲပြန်ဖြစ်


တရုတ်ပြည်နဲ့ နယ်နမိချင်းထိစပ်နေတဲ့ မြန်မာပြည်တွင်း ကိုးကန့်ဒေသ။
တရုတ်ပြည်နဲ့ နယ်နမိချင်းထိစပ်နေတဲ့ မြန်မာပြည်တွင်း ကိုးကန့်ဒေသ။

တရုတ်-မြန်မာနယ်စပ်အနီး တရုတ်တပ်ဘက်က စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေချိန်မှာပဲ ဒီကနေ့ ကိုးကန့်ဒေသ မြောက်ပိုင်းနဲ့ လောက်ကိုင်ဒေသဘက်မှာ ကိုးကန့်တပ်နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲပြင်းပြင်းထန်ဖြစ်ပွားနေပါတယ်။ တချိန်တည်းမှာပဲ ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံဘက်မှာ ဝပြည်တပ်မတော်ဘက် မြန်မာစစ်တပ်ကို ဝိုင်းထားဆဲဖြစ်တဲ့အတွက် ဝ တောင်ပိုင်းဒေသမှာ စစ်ရေးတင်းမာမှု အရှိန်မြင့်နေဆဲဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဒီနှစ်ဆန်းပိုင်းကစလို့ မြန်မာတပ်နဲ့ကိုးကန့်တပ်ကြား နှစ်ဘက်ရင်ဆိုင်တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် တရုတ်ပိုင်နက်နယ်မြေထဲအထိ လက်နက်ကြီးတွေ ဗုံးဆံတွေ ကျခဲ့လို့ တရုတ်နိုင်ငံသားအချို့သေဆုံးခဲ့ရသလို နယ်စပ်လုံခြုံရေး ထိခိုက်ခဲ့ရတဲ့အတွက် တရုတ်အစိုးရဘက်က မြန်မာ အစိုးရကို သတိပေးမှုတွေ လုပ်ပြီးနောက်ပိုင်း တရုတ်မြန်မာနယ်စပ်အနီး ယူနန်ပြည်နယ ဒေသတွင်းမှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA) ရဲ့ ဝေဟင်နဲ့ မြေပြင် ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ ဒီသီတင်းပတ်ထဲ စတင်လေ့ကျင့်နေချိန်ဖြစ်ပါတယ်။ ဒီလိုကျည်အစစ်တွေနဲ့ တရုတ်ဘက်မှာ စစ်ရေး လေ့ကျင့်နေချိန်မှာပဲ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်တဲ့ ကိုးကန့်ဒေသထဲမှာ မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်ကြား လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ နှစ်ဘက်တိုက်ပွဲပြင်းထန်နေတယ်လို့ ကိုးကန့်တပ်ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“တနေ့တုန်းကနဲ့ ဒီနေ့ကတော့ မုန်အိုင်ဘက်မှာလို့ ပြောတယ်။ မုန်အိုင်တို့၊ မောဆတ်တို့ဘက်မှာ။ သူတို့က ကျနော်တို့ရဲ့တပ်စခန်းတွေကို လာပြီးတော့ ထိုးစစ်ဆင်တာပေါ့။ မောထိုင်းရဲ့တောင်ဘက်ပိုင်းဖြစ်မယ်ပေါ့နော။ ဒီတော့ လောင်ပေါက်ချိုက်ဆိုတာ ဟိုးတလောတုန်းကလည်း တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့ နေရာတွေမှာပေါ့။ လက်နက်ကြီးနဲ့ပစ်တာများပါတယ်။ ပြီးတော့ ထိုးစစ်ဆင်တာကတော့ မြေပြင် ကြည်းတပ်ကတော့ ထိုးပါတယ်။ အခု လတ်တလော ကတော့ ထိုးစစ်ဆင်ရင် တိုက်ပွဲဖြစ်တယ်။ ထိုးစစ်မဆင်ရင် တိုက်ပွဲမဖြစ်ပါဘူး။”

စစ်မီးမငြိမ်းနိုင်သေးတဲ့ ကိုးကန့်ဒေသထဲက စစ်ရေးပဋိပက္ခတွေကြောင့် ကိုးကန့်ဒေသခံတွေဟာ စစ်ဘေးဒဏ်လွတ်ရာ တရုတ်-မြန်မာနယ်စပ်ဘက်ကို မိမိတို့ရဲ့ နေရပ်ရင်းတွေကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ အနေအထားမှာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိဖို့နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ မြန်မာ တပ်ဘက်က ထိုးစစ်ဆင်မှုတွေကို ရပ်ဖို့ လိုပါတယ်လို့ ကိုးကန့်တပ်ဘက်က ပြောပါတယ်။

“ဒုက္ခသည်တွေကတော့ ကျနော်သိတာကတော့ တရုတ်ပြည်ဘက်ကရှိတဲ့ Red Cross ကနေပြီးတော့ ကြက်ခြေနီကနေပြီးတော့ တာဝန်ယူပြီးတော့ စွမ်းဆောင်ပေးတာပေါ့ဗျာ။ ကျနော်တို့က အိမ်မှာနေနေတဲ့လူတွေပါ။ တပ်မတော်ပေါ်မှာ မူတည်ပါတယ်ခင်ဗျ။ သူတို့ရဲ့ စစ်ရေးပြင်ဆင်ခြင်းကို ထောက်ကြည့်ရင်တော့ သူတို့ တောက်လျှောက်လည်း လူအင်အားတွေ၊ ပြီးတော့ လက်နက်အင်အားတွေ ဆက်လက် ဖြည့်နေတုန်းပါ။ အဲဒီတော့ ဒီဥစ္စာကို သုံးသပ်ရင်တော့ တိုက်ပွဲအခြေအနေကတော့ ပြင်းထန်ဖို့ပဲ ရှိမှာပါ။ NCA ကို ကျနော်ပြောသလိုပါပဲ။ ကျနော်တို့ရဲ့မူနဲ့ကိုက်ညီရင်တော့ ကျနော်တို့ထိုးဖို့ အဆင်သင့်ဖြစ်ပါတယ်။ ဒါပေမယ့် အရေးကြီးတာတခုရှိတာကတော့ တဘက်ကနေပြီးတော့မှ အသိအမှတ်ပြုမှ ထိုးဖြစ်မှာပေါ့။”

အခုလိုကိုးကန့်ဒေသထဲမှာ ကိုးကန့်တပ်နဲ့ မြန်မာစစ်တပ်ကြား နှစ်ဘက်ရင်ဆိုင် တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့ နယ်ထဲမှာ သစ်ခိုးထုတ်သူတွေကို ဖမ်းဆီးမှုနဲ့ မြန်မာစစ်တပ်ကို ဝပြည်တပ်မတော် (UWSA) ဘက်က ဝိုင်းထားတဲ့ စစ်ရေးတင်းမာမှုက အရှိန်မြင့်နေဆဲ ဖြစ်ပါတယ်။ ဝတပ်နဲ့ မြန်မာစစ်တပ်ကြား အပြန်အလှန်နေရာယူထားဆဲအနေအထားနဲ့ ဒီအခြေအနေအပေါ် ဒေသတွင်းပြည်သူတွေ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ပြောခွင့်ရ ဦးအောင်မြင့်က အခုလိုပြောပါတယ်။

“ဒီကိစ္စမျိုးဟာဆိုလို့ရှိရင်ပေါ့နော၊ ကျနော်တို့သိပါတယ်။ ဖြေရှင်းတာမသင့်လို့၊ ဖြေရှင်းတာမကောင်းလို့ရှိရင် ဘာပြဿနာတက်လာနိုင်လဲဆိုတာ။ ဒါပေမယ့် ကျနော်တို့ ပြေပြေလည်လည်ဖြေရှင်းနိုင်ဖို့ ကျနော်တို့ စိတ်ဆန္ဒရှိပါတယ်။ ပြည်သူတွေစိုးရိမ်တာကတော့ ဒါက ဓမ္မတာပဲလေ။ ထိတွေ့မှုဖြစ်လာလို့၊ တိုက်ခိုက်မှုဖြစ်လာလို့ ဖြစ်တဲ့နေရာလေးမှာပဲ ပြဿနာတက်မှာမဟုတ်ဘူးလေ။ ကိုးကန့်မှာဖြစ်နေတဲ့ကိစ္စကလည်း ပြည်သူတွေ တော်တော်လေးကို ထိခိုက်ဒဏ်ရာရမှုတွေ ရှိပါတယ်။ တော်တော်လေး စိုးရိမ်ကြောင့်ကြမှု ရှိတယ်။ နေထိုင်မှုဘဝအားလုံး ပျက်စီးသွားတာရှိပါတယ်။ ကျနော်တို့အားလုံး နားလည်သဘေပေါက်ပါတယ်။ ဒါကြောင့်မို့ ဒီလိုမဖြစ်အောင် ကျနော်တို့ကလည်း ဒီဆန္ဒနဲ့ ဒီကိစ္စလေးတွေ ပြေပြေလည်လည်ဖြစ်အောင် ဆွေးနွေးသွားမယ်ဆိုတဲ့ဆန္ဒသဘောက ရှိပါတယ်။”

ကိုးကန့်နဲ့ ဝဒေသဘက်မှာ အခုလို စစ်ရေးတင်းမာမှုတွေရှိနေသလို တအာင်းတပ်မတော်နဲ့ မြန်မာစစ်တပ်ကြားမှာလည်း ဒီကနေ့ ဇွန်လ ၆ ရက်နေ့မှာ တအာင်းတပ်မဟာ (၅) နယ်မြေထဲကို တပ်မတော်ဘက်က ထိုးစစ်ဆင်ခဲ့တဲ့အတွက်ကွတ်ခိုင်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

အခုလိုတိုင်းရင်းဒေသအချို့မှာ တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာပဲ ကရင်အမျိုးသားအစည်းအရုံးဌာနချုပ် လောခီးလာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး စာချုပ် အပြီးသတ် ချုပ်ဆိုနိုင်ဖို့နဲ့ ပြည်တွင်းစစ် ငြိမ်းနိုင်ရေး ငြိမ်းချမ်းရေး ဘယ်လို ဖော်ဆောင်နိုင်မလဲဆိုတာကို တိုင်းရင်းသားခေါင်းဆောင်တွေကြား အကြိတ်အနယ် ဆွေးနွေးအဖြေရှာနေကြဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG