သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာယာယီ သက်သေခံလက်မှတ် မေလ ၃၁ နောက်ဆုံးထား အသစ်လဲရမည်


မြန်မာနိုင်ငံက White Card လို့ခေါ်တဲ့ ယာယီ သက်သေခံလက်မှတ်တွေ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ သက်တမ်း ကုန်ဆုံးတော့မယ်လို့ နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကတော့ သမ္မတအနေနဲ့ နိုင်ငံသား စိစစ်ရေးလုပ်ငန်းတွေကို ရက်သတ်မှတ်ပြီး တိတိကျကျ ဆောင်ရွက်လာတဲ့အပေါ် ကြိုဆိုပေမဲ့ ယာယီ သက်သေခံလက်မှတ် ဘယ်သူတွေ ရထားသလဲဆိုတဲ့ အချက်ကိုတော့ ပြန်လည် စိစစ်ဖို့ လိုမယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွေမှာ White Card ယာယီ သက်သေခံကဒ်ပြား ကိုင်ဆောင်ထားသူတွေပါ မဲပေးခွင့်ရှိတယ်ဆိုတဲ့ ဥပဒေမူကြမ်းကို သမ္မတက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီး နောက်တနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ သမ္မတရုံးက ဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ။

သမ္မတရုံး ကြေညာချက်ထဲမှာတော့ လတ်တလော White Card ကိုင်ဆောင်ထားသူတွေရဲ့ ကဒ်ပြားအားလုံးဟာ လာမယ့် မတ်လ ၃၁ ရက်နေ့မှာ သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အဲဒီလူတွေအနေနဲ့ မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပန်းရောင် နိုင်ငံသားကဒ်နဲ့ လာရောက် လဲလှယ်ကြရမယ်လို့ သမ္မတရုံး ကြေညာချက်မှာ ဖော်ပြထားတာပါ။ ဒါပေမဲ့ ANP ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်လည်းဖြစ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာ အေးမောင်ကတော့ သမ္မတရုံး ကြေညာချက်ကို ကြိုဆိုပေမဲ့ White Card ယာယီ သက်သေခံကဒ်တွေ ဘယ်သူတွေကို ထုတ်ပေးထားတယ်ဆိုတာ အသေအချာ ပြန်လည် စိစစ်ဖို့ လိုအပ်မယ်လို့ ထောက်ပြ ပြောဆိုပါတယ်။

“ဘာကြောင့် ယာယီသက်သေခံကဒ်ကို ပေးသလဲ။ ၁၉၈၂ နိုင်ငံသားဥပဒေ အကျုံးဝင်ပြီးတဲ့နောက်မှာ ဘာကြောင့် ယာယီသက်သေခံကဒ်ကို ပေးသလဲ။ ပေးခြင်းသည် ဥပဒေအရ အကျုံးဝင်ခြင်း ရှိ - မရှိ ကျနော်တို့ ပြန်လည် စိစစ်ရမည့်တာဝန်သည် ပြည်ထောင်စုအစိုးရရဲ့ ရှေ့နေချုပ်အပါအဝင် လဝက ဝန်ကြီးဌာနနဲ့ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေမှာ တာဝန်ရှိပါတယ်။ အဲတော့ ဒီနှစ် သမ္မတဘက်က ၂၀၁၅ ခု မတ်လ ၃၁ ရက်နေ့မှာ ယာယီသက်သေခံကဒ်၏ သက်တမ်းကို သတ်မှတ်ခြင်းသည် မှန်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။ ဒါပေမဲ့ ဒီထက်မက စောတဲ့ တာဝန်ရှိတဲ့ နိုင်ငံတော်အကြီးအကဲက ပြီးခဲ့တဲ့ကာလကတည်းက သတ်မှတ်သင့်တယ်ဆိုတဲ့ ဒါ သုံးသပ်ချက်တခုလည်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ယာယီသက်သေခံကဒ်ကို ပေးရမယ့် အခြေအနေသည် ၁၉၈၂ နောက်ပိုင်းမှာ မရှိဘူး။ အဲ့ဒီသဘောအရ ပြန်သုံးသပ်လို့ရှိရင် တိုင်းရင်းသားတွေထဲမှာ ယာယီသက်သေခံကဒ်ကို တိုင်းရင်းသားဟု သံသယဝင်ခဲ့သော်လည်းပဲ တနည်းအားဖြင့် တိုင်းရင်းသားဟု ယူဆခွင့်ရှိတဲ့ပုဂ္ဂိုလ်တွေကို ဘာကြောင့် ယာယီသက်သေခံကဒ်ကို ပေးထားခဲ့သလဲဆိုတဲ့ဟာကို လဝက ဝန်ကြီးဌာနက ရှင်းရပါလိမ့်မယ်။ အခု နိုင်ငံတော်သမ္မတကြီးရဲ့ ဖြေရှင်းချက်၊ တနည်းအားဖြင့် ကာလသတ်မှတ်ချက်သည် ယာယီသက်သေခံ ကဒ်ကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေထဲမှာ တိုင်းရင်းသားတွေ ပါနေတယ်။ အဲ့ဒီတိုင်းရင်းသားတွေကို အမြန်ဆုံး ၂၀၁၅ မတ်လ ၃၁ ရက်နေ့ မတိုင်ခင်မှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားအဆင့်တခုကို သတ်မှတ်ပေးပါဆိုတဲ့ တနည်းအားဖြင့် ညွှန်ကြားချက်ပါတယ်လို့ သုံးသပ်ပါတယ်။”

White Card ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို ပန်းရောင် နိုင်ငံသား ကဒ်ပြားအဖြစ် ပြောင်းပေးတဲ့ နေရာမှာလည်း တည်ဆဲ နိုင်ငံသား စိစစ်ရေး ဥပဒေတွေအရ စစ်ဆေးပြီး နိုင်ငံသားဖြစ်ပိုင်ခွင့် ဥပဒေနဲ့ ကိုက်ညီမှသာ ပန်းရောင် နိုင်ငံသားကဒ်ပြားကို ထုတ်ပေးမှာ ဖြစ်တယ်လို့ သမ္မတရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ အတည်ပြုပြီးတဲ့ နောက်ပိုင်းမှာ ယာယီ သက်သေခံကဒ်ပြားတွေ ထုတ်ပေးတာတွေ ရှိခဲ့တာကြောင့် အရင်ရှိထားခဲ့တဲ့ နိုင်ငံသားဖြစ်ရေး ဥပဒတွေနဲ့ ရှေ့နောက် မညီညွတ်ဘဲ ဖြစ်နေတဲ့အတွက် ဒါဟာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ပေးသင့်တယ်လို့ပြောတဲ့ ၁၉၅၁ ပြည်ထောင်စု မြန်မာနိုင်ငံတွင်း နေထိုင်သူများ မှတ်ပုံတင်ခြင်း နည်းဥပဒေအရ ပေးထားတယ်ဆိုရင်ကို အဲ့ဒီဥပဒေ အာဏာသက်ရောက်တဲ့ ကာလအတွင်းမှာ ၁၉၈၂ နိုင်ငံသားဥပဒေဟာ အာဏာသက်ရောက်နေပြီးဖြစ်တယ်။ အဲတော့ ဒီဥပဒေ ၂ ခုထဲမှာ ဘယ်ဥပဒေက ပိုခိုင်မာသလဲ။ တနည်းအားဖြင့် ၁၉၈၂ ခုနှစ် နောက်ပိုင်းမှာပေးတဲ့ အမျိုးသားမှတ်ပုံတင်ကဒ်က တရားဝင်သလား။ အဲ့ဒီ အမျိုးသားမှတ်ပုံတင်ကဒ် ပျောက်ဆုံး ပျက်စီးသွားလို့ ပေးတဲ့ ယာယီသက်သေခံကဒ်ဟာ တရားဝင်သလား။ အဲ့ဒီတရားဝင်သေးတယ်ဆိုတဲ့ သူတို့ ယာယီသက်သေခံကဒ်ရဲ့ ကာလသတ်မှတ်ချက်ကို ဘာကြောင့် နဂိုပေးစဉ်ကတည်းက မရှိခဲ့သလဲ။ အခုမှ ဘာကြောင့် နိုင်ငံတော်သမ္မတကြီးက ကာလသတ်မှတ်ချက်တွေနဲ့ မတ်လ ၃၁ ရက်နေ့ကို သတ်မှတ်ရသလဲ။ ဒါလေးတွေကတော့ မေးခွန်းရှိလာတာပေါ့လေ။ သို့သော် ဘာပဲဖြစ်ဖြစ် လက်ရှိ အကျဉ်းအကျပ် အထူးသဖြင့် နိုင်ငံရေး အထွေထွေ အကျပ်အတည်းတခုကို နိုင်ငံတော် သမ္မတကြီးဘက်က သတိတရားရှိစွာဖြင့် ချဉ်းကပ်ခြင်းလို့ ကျနော်တို့ သုံးသပ်ပါတယ်။ အဲ့ဒါကြောင့် ယာယီသက်သေခံကဒ်နဲ့ ပတ်သက်တဲ့ တိုင်းရင်းသားကဏ္ဍ အကုန်လုံးကို မတ်လ ၃၁ ရက်နေ့အတွင်းမှာ မိမိဝန်ကြီးဌာနက တာဝန်အရ ပြတ်ပြတ်သားသား လုပ်ပါဆိုတဲ့ ညွှန်ကြားချက်တခုဟာ ဒီအမိန့်ရဲ့နောက်မှာရှိတယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။”

ဒီကြေငြာချက်ဟာ အစိုးရက နိုင်ငံသား စိစစ်ခြင်း လုပ်ငန်းစဉ်ကို “မိုးပွင့် အထူးစီမံချက်” အနေနဲ့ အရှိန်မြှင့် ဆောင်ရွက်နေခြင်းရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့လည်း သမ္မတရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မိုးပွင့် အထူးစီမံချက်ကို အကောင်အထည်ဖော်ဖို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်စုကြီးကြပ်မှု ကော်မီတီများက တဆင့် ဆောင်ရွက်ဖို့အတွက် သမ္မတရုံးက ညွှန်ကြားချက် ထုတ်ထားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အရင် စစ်အစိုးရ လက်ထက်တုန်းက White Card ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ လူထုဆန္ဒခံယူပွဲတွေ အပါအဝင်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာပါ မဲပေးခွင့်ပေးခဲ့တဲ့ပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ အဲဒီလို ဖော်ပြထားခြင်း မရှိပါဘူး။ ဒါကြောင့်လည်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ လက်မှတ်ထိုးလိုက်တဲ့ ဥပဒေမူကြမ်းအပေါ် အချေအတင် ငြင်းခုန်မှုတွေ ထွက်ပေါ်ခဲ့သလို ဆန္ဒပြပွဲတွေလည်း ဖြစ်ပေါ်ခဲ့တာပါ။

XS
SM
MD
LG