သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယာယီ သက်သေခံ လက်မှတ် ကိုင်ခဲ့သူများ မဲပေးခွင့်ရခြေ နည်း


 "White Card" ယာယီသက်သေခံလက်မှတ်။
"White Card" ယာယီသက်သေခံလက်မှတ်။

လာမယ့် ရွေးကောက်ပွဲမှာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ခဲ့ကြသူတွေ မဲပေးခွင့်ရမှာ မဟုတ်တော့တာကြောင့် ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်းက မူဆလင်တွေ အများစု မဲပေးပိုင်ခွင့် ဆုံးရှုံးမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ သိန်းနဲ့ချီတဲ့ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ခဲ့သူတွေ မဲပေးပိုင်ခွင့်ရဖို့ ကတော့ တည်ဆဲ ဥပဒေကြောင်းအရ သာ ဆောင်ရွက်နိုင်မှာ ဖြစ်တယ် လို့လည်း ရွေးကောက်ပွဲ ကော်မရှင်နဲ့ အစိုးရဘက်က တုန့်ပြန်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်း တင်ပြထားပါတယ်။

လာမယ့် ရွေးကောက်ပွဲတွေမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား နဲ့ နိုင်ငံသား ပြုခွင့် ရသူ ပြုနိုင်ငံသားတွေဘဲ မဲပေးခွင့်ရမယ်လို့ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က ပြင်ဆင် ပြဌာန်းလိုက်တာကြောင့် သိန်းနဲ့ချီ ရှိနေတဲ့ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ခဲ့သူတို့ မဲပေးခွင့်ရတော့မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မဲပေးခွင့် ရရှိခဲ့တဲ့ ယာယီ သက်သေခံ လက်မှတ်တွေကို မြန်မာ သမ္မတ အမိန့်နဲ့ တရားမဝင်တော့ကြောင်း ကြေညာ ခဲ့ပြီးနောက်မှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ လည်း ပြောင်းလဲ လာခဲ့တာ ဖြစ်ပါတယ်။

ယာယီ သက်သေခံ လက်မှတ်တွေ အစားတော့ နိုင်ငံသား စစ်ဆေးခံမည့်သူ လက်မှတ်တွေကို ထုတ်ပေးနေပေမယ့် ဒီကတ် ကိုင်ဆောင်သူတွေလည်း ဥပဒေ အရ မဲပေးခွင့် အခွင့်အရေး မရသေးဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် အငြိမ်းစား ဒုတိယ ရှေ့နေချုပ် ဦးမြင့်နိုင်က ပြောပါတယ်။

"ယာယီသက်သေခံကတ်တွေက ကျနော်တို့ ပေးလို့မရတော့ ဘူးလေ ပြင်လိုက်ပြီးပြီလေ အရင် စာအုပ်တွေထဲမှာတော့ ဖော်ပြ ထားတာ ရှိလိုက်မယ် ထင်တယ်နော့်။ နိုင်ငံသားရယ် နိုင်ငံသားပြုခွင့်ရသူရယ် ဧည့်နိုင်ငံသားရယ် ဒီသုံးမျိုး ပေးလို့ရတာပေါ့။ အစိမ်းရောင်ကတ် ကတော့ နိုင်ငံသားပြုခွင့်ရသူ လက်မှတ် သူ မရသေးဘူး။ အစိမ်းရောင်ကတ်ကို အခု ထပ်ပေးတာကတော့ ဒီထဲမှာ အကျုံးမဝင်သေးဘူးပေါ့။ သူတို့က လျှောက်ကြတာပေါ့နော်။ နိုင်ငံသားပြုခွင့်ရပြီလား နိုင်ငံသား လား၊ ဧည့်နိုင်ငံသားလား ဒါတွေ စိစစ်ပြီးလို့ဖြစ်လာရင်တော့ မဲပေးလို့ရမှာပေါ့နော်။ အခုပြဌာန်းချက်ဥပဒေအရပေါ့။ လောလောဆယ် ဥပဒေပြဌာန်းချက်အရပေါ့နော်။"

ရခိုင်ပြည်နယ် အနောက်ပိုင်း မောင်တောနဲ့ ဘူးသီးတောင် နယ်ဘက်မှာ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်တဲ့ သိန်းနဲ့ချီတဲ့ မူဆလင်တို့ အတွက် မူလက ရရှိထားတဲ့ ဆန္ဒမဲ ပေးပိုင်ခွင့် အခွင့်အရေး ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ဒီလူတွေ မဲပေးခွင့် မဆုံးရှုံးစေရေး အတွက်တော့ ဥပဒေ ရဲ့ပြဌာန်းချက်တွေ ရဲ့အညီပဲ ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်ရဲ့ ဥပဒေချုပ်၊ ရခိုင် အစိုးရရဲ့ ပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။

"ကျနော်တော့ ဥပဒေအရပဲ ပြောပါရစေ။ ဘယ်နိုင်ငံမှာမှ ဒီဥပဒေအရ မရှိဘူးဆိုတာကို ဒီလိုအနေအထားတွေကြောင့် သီးခြားအခွင့်အရေးတွေနဲ့ မဖြစ်နိုင်ပါဘူး။ အဓိကကတော့ ဥပဒေပါပဲ။ ဥပဒေမှာ မပါရင် မရဘူး။ ပါရင် ရမယ်။ အဲ့ လိုချင်လို့ဆိုရင်တော့ ဥပဒေမှာ ပါအောင် တောင်းဆိုရမယ်ဆိုတဲ့ အနေအထားမျိုးပါ။ "

မူဆလင် အများစု နေထိုင်ကြတဲ့ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တို့မှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်းကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တာပါ။ ဒါပေမယ့် အခု လာမယ့် ရွေးကောက်ပွဲမှာတော့ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ခဲ့သူတွေ မူလက မဲပေးခွင့် ရခဲ့သူ ဒေသခံ မူဆလင်တွေ မဲပေးခွင့် မရဘူးဆိုရင်တော့ ရခိုင်အမျိုးသား ပါတီက လွတ်တော်အမတ်နေရာတွေ အနိုင်ရနိုင်ခြေ ရှိတယ်လို့လည်း သုံးသပ်ကြပါတယ်။

ရခိုင်အမျိုးသား ပါတီရဲ့ မောင်တော မြို့နယ် ဥက္ကဋ္ဌ ဦးဘရှည် ကတော့ ပါတီ အနေနဲ့ အနိုင်ရခဲ့ရင် ဒေသ ဖွံ့ဖြိုးရေးကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

"လာမယ့်ရွေးကောက်ပွဲမှာ ကျနော်တို့ရခိုင် မောင်တော ဘူးသီးတောင် ဘက်မှာဆိုရင် ဒီ White Cards ကိုင်ထားတဲ့ ဘင်္ဂလီတွေ ပေးပိုင်ခွင့် မရှိဘူးဆိုရင်တော့ ကျနော်တို့ ရခိုင်အမျိုးသားပါတီအနေနဲ့တော့ အောင်ပွဲ ဆင်နိုင်လိမ့်မယ်လို့မြင်ပါတယ်။ ကျနော်တို့အားလုံး မောင်တောမြို့နယ်ဆိုတာလည်း စီးပွားရေးအကျပ်အတည်း လမ်းပမ်းဆက်သွယ်ရေးတွေ ခက်ခဲတဲ့နေရာတွေပါ။ အဲ့တာတွေကို စီးပွားရေးပြေလည်ရာ ပြေလည်ကြောင်း တိုင်းရင်းသားတွေ ရေရှည် ရပ်တည်နိုင်ရေးအတွက် လမ်းတံတား အဲ့လို ဆောက်လုပ်ရေး လုပ်ငန်းတွေ နောက်ပြီး ကျနော်တို့ လုံခြုံရေး စီမံခန့်ခွဲရေးတို့ကို အဓိက ဦးစားပေးပြီး လုပ်ဖို့ စဉ်းစားထားပါတယ်။"

အခုလက်ရှိမှာလည်း ရခိုင်ပြည်နယ်တွင်းက ယာယီ သက်သေခံ လက်မှတ် ၄ သိန်းနီးပါးကို အစိုးရထံ လာရောက် အပ်နှံကြပေမယ့် နိုင်ငံသား စစ်ဆေးခံမည့်သူ လက်မှတ်တွေကို ထုတ်ယူသူကတော့ ၂ ထောင်တောင် မပြည့်တဲ့ အနေအထားမှာ ရှိနေတာပါ။ နိုင်ငံသား စစ်ဆေးခံမည့်သူ လက်မှတ်ထုတ်ယူသူတွေ ဘက်က တောင်းဆို မှသာ နိုင်ငံသား စိစစ်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ ကျင်းပမယ့် နိုဝင်ဘာလ ၈ ရက်နေ့ မတိုင်ခင် ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသားတွေ အဖြစ် စိစစ်နိုင်ရေး လုပ်ငန်းစဉ်တွေကလည်း မသေချာသေးပါဘူး။

XS
SM
MD
LG