သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံအတွင်း လူပုဂ္ဂိုလ်တချို့၊ လုပ်ငန်းတွေနဲ့ စစ်တပ်အပေါ် ဖိအားပေးရေး ရည်ရွယ်ပြီး အရေးယူပိတ်ဆို့မှုတွေ ဆက်လက်ထားရှိပေမဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နောက်ပြန် မလှည့်သွားစေရေး၊ မြန်မာအစိုးရနဲ့ရော မြန်မာပြည်သူတွေနဲ့ပါ အမေရိကန် ပြည်ထောင်စုအနေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ သမ္မတ အိုဘားမားက မေလ ၁၇ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးကို အဟန့်အတား ဖြစ်စေသူတွေရှိသလို၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုတွေကြောင့် အခုလို ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်ထားတာဖြစ်တဲ့အကြောင်း သမ္မတအိမ်ဖြူတော်က ပြောဆိုပါတယ်။ ကိုသိန်းထိုက်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ မြင်တွေ့လာရပေမဲ့ အုပ်ချုပ်ရေးပိုင်းကို အရပ်ဘက်က လုံးဝ ချုပ်ကိုင်နိုင်ဖို့ အခြေအနေ မရှိသေးဘူးဆိုပြီး အိမ်ဖြူတော်ရဲ့ ၁၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ သမ္မတအိုဘားမားရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Josh Earnest ကတော့ မြန်မာနိုင်ငံက ဒိမိုကရရေစီနည်းအရ ပေါ်ပေါက်လာတဲ့ အစိုးရသစ်ကို ထောက်ခံပံ့ပိုးဖို့ အမေရိကန်ပြည်ထောင်စုက ချမှတ် ဆောင်ရွက်နေတာတွေထဲမှာ အရေးယူ ပိတ်ဆို့မှုကို ပြန်လည် စမ်းစစ်ပြုပြင်ရေးလည်း ပါဝင်တဲ့အကြောင်း ပိတ်ဆို့ဒဏ်ခတ်မှုကို ပြန်လည်ပြင်ဆင်တာနဲ့ ပတ်သက်ပြီး အင်္ဂါနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ နိုင်ငံရေး ဖြစ်စဉ်တွေ ရှိနေပြီ ဆိုတာကို ငြင်းစရာမရှိပါဘူး။ မြန်မာအစိုးရ နဲ့ မြန်မာပြည်သူတွေရဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ခိုင်ခိုင်မာမာ ထောက်ခံခဲ့ပါတယ်။ မကြာသေးခင် လပိုင်းတွေအတွင်းက ရွေးကောက်ပွဲကျင်းပခဲ့တာ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အာဏာလွှဲပြောင်း ပေးနိုင်ခဲ့တာတွေလို ကြီးမားတဲ့ သာဓကတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံ သမိုင်းအတွက် အရေးကြီးတဲ့၊ နောက် အရေးပါတဲ့၊ တိုးတက်မှုတွေ ရှိနေပြီဆိုတာကို ပြနေသလို၊ အချိန်ကြာမြင့်စွာ ကတည်းက လုပ်ဆောင်သင့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကို ဆောင်ရွက်နေတာတွေ တွေ့ရပါတယ်။ တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ထပ်ပြီး လုပ်လာမယ်ဆိုရင် အကျိုးခံစားခွင့်တွေ ထပ်ပေးတာမျိုးကို ဆက် ထိန်းထားချင်ပါတယ်။ စစ်တပ် အပါအ၀င် ပစ်မှတ်ထားတဲ့ လူတဦးချင်းဆီ၊ နောက် စီးပွားရေးလုပ်ငန်းတွေအပေါ် ဆက်ပြီး ဖိအားပေးဖို့ ရည်ရွယ်ပါတယ်။”

ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့ တိုင်းရင်းသား လူမျိုးစုဒေသတွေအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေဆဲဖြစ်ပြီး အရပ်သားအစိုးရ အုပ်ချုပ်ရေး အပြည့်အ၀ မကြပ်မတ် မအုပ်ချုပ်နိုင်တဲ့ နေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်သူမှ အရေးယူ အပြစ်ပေးတာမျိုး မရှိဘဲ၊ လွတ်လွတ်လပ်လပ် ကျူးလွန်နေတာမျိုးတွေ ရှိနေတဲ့အကြောင်း အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Josh Earnest ကတော့ -

“ပိတ်ဆို့ဒဏ်ခတ်မှု စာရင်းမှာ ကျန်နေတဲ့သူ အများစုဖြစ်တဲ့ တသီးပုဂ္ဂလနဲ့ လုပ်ငန်းတွေရဲ့ စီးပွားရေး လုပ်ငန်းတွေကို ကန့်သတ်နိုင်ဖို့ အဓိက ရည်ရွယ်လုပ်ဆောင်တာပါ။ သူတို့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲတွေကို နှောင့်ယှက် ပိတ်ပင်နေသူတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီး ကျူးလွန်နေသူတွေ၊ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ကုန်သွယ်ဆက်ဆံရေး တိုးမြှင့်ဖို့ လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။ ဒီလိုလူတွေနဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး အရေးယူပိတ်ဆို့မှုကို ဆက်ပြီး ပြဌာန်းထားတာ ဖြစ်ပါတယ်။”

မြန်မာအစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်၊ ရရှိနေတဲ့ အရှိန်အဟုန်ကို ဆက်ပြီး ထိန်းထားတာမျိုး အမေရိကန်ပြည်ထောင်စုဘက်က တွေ့လိုတဲ့အကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Josh Earnest က ပြောဆိုသွားပါတယ်။ အရေးယူမှုဆက်ရှိနေပေမဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နောက်ပြန်မလှည့်သွားစေဖို့ မြန်မာအစိုးရနဲ့ရော မြန်မာပြည်သူတွေနဲ့ပါ အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့လည်း သမ္မတအိုဘားမားက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ဒဏ်ခတ်ပိတ်ဆို့မှု ပြင်ဆင်မွမ်းမံချက်

XS
SM
MD
LG