သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော် တိုက်ခိုက်မယ့် သံသယရှိသူတဦး FBI ဖမ်းဆီး


အမေရိကန်သမ္မတ အိမ်ဖြူတော်ကို တင့်ကားဖျက်ရော့ကတ်နဲ့ တိုက်ခိုက်ဖို့ စီစဉ်ခဲ့တဲ့ စွပ်စွဲချက်နဲ့ IS အစ္စလာမ် စစ်သွေးကြွတွေကို ထောက်ခံသူအဖြစ် သံသယရှိသူတဦးကို ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) က ဖမ်းဆီးလိုက်ပါတယ်။ ဂျော်ဂျီယာပြည်နယ်၊ Cumming မြို့က အသက် ၂၁ နှစ်အရွယ် Hasher Jallan Taheb ဆိုသူကို မနေ့တုန်းကပဲ ဖမ်းဆီးလိုက်တာပါ။

သူ့ကိုတော့ အမေရိကန်ပိုင် အဆောက်အဦးတခုကို လက်နက်၊ ဖောက်ခွဲရေးပစ္စည်းနဲ့ ဖျက်ဆီးရန် ကြံစည်မှုနဲ့ အရေးယူခံရနိုင်ပါတယ်။ လျို့ဝှက်ထောက်လှမ်းရေး အရာရှိတွေထံက သေနတ်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို သူ့ကားနဲ့ လဲလှယ်ဖို့ ကြိုးပမ်းချိန်မှာ FBI က ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးချိန်မှာ သူဟာ အကြမ်းဖက် အဖွဲ့အစည်းတခုခုနဲ့ ပတ်သက်မှုရှိတာ မတွေ့ရကြောင်းလည်း စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရသူဟာ အစွန်းရောက်ဝါဒ သွတ်သွင်းခံထားရပြီး၊ ခရီးထွက်ဖို့ စီစဉ်နေကြောင်း သူ့ကိုသိတဲ့သူတယောက်က ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ဒေသခံရဲတပ်ဖွဲ့ကို သတင်းပေးခဲ့တယ်လို့လည်း တရားလိုဘက်က ပြောဆိုထားပါတယ်။ ရဲတပ်ဖွဲ့က FBI ကို အကြောင်းကြားခဲ့ရာက အမှုကို စုံစမ်းရာမှာ IS စစ်သွေးကြွတွေရှိရာ နယ်မြေကို သွားဖို့ သူ့ကားကိုရောင်းချင်တဲ့အကြောင်း လျို့ဝှက်ထောက်လှမ်းရေးတွေမှန်း မသိဘဲ ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

အိမ်ဖြူတော်၊ လွတ်လပ်ရေးရုပ်တု၊ လင်ကွန်းအမှတ်တရရုပ်တုနဲ့ နေရာအတိအကျ ဖော်ပြမထားတဲ့ ဂျုးဘုရားကျောင်းတွေကို သေနတ်၊ လက်ပစ်ဗုံး၊ ဖောက်ခွဲရေးပစ္စည်းတွေ၊ လက်နက်တွေနဲ့ တိုက်ခိုက်ချင်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့လည်း စွပ်စွဲထားတာပါ။ အိမ်ဖြူတော်ကို တိုက်ခိုက်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ ပြောဆိုရာမှာတော့၊ အိမ်ဖြူတော်နောက်ဖက်က လမ်းပေါ်မှာ အာရုံပြောင်းဖို့ ကြိုးပမ်းပြီး ရဲတွေက စုံစမ်းနေချိန်မှာ လူများနိုင်သလောက်များများ သေဆုံးအောင် ရော့ကတ်နဲ့ အိမ်ဖြူတော်ထဲ ပစ်ခတ်ဖို့ စီစဉ်ထားကြောင်းလည်း စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG