သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော်မှာပြုလုပ်တဲ့ အမျိုးသမီးနေ့ အခမ်းအနား နှင့် မြန်မာအမျိုးသမီးအခွင့်အရေး


International Women’s Day: Young Women Leading Change Globally (Photo- White House)
International Women’s Day: Young Women Leading Change Globally (Photo- White House)

ကမ္ဘာတဝှမ်း ကျားမတန်းတူညီမျှရေး ကြိုးပမ်းမှုတွေမှာ မြန်မာအပါအဝင် နိုင်ငံတကာကူညီပံ့ပိုးပေး ရေးအစီအစဉ်တွေအတွက် သမ္မတဘိုင်ဒန်အစိုးရက ဘတ်ဂျက်ငွေအမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံ လျာထားကြောင်း အိမ်ဖြူတော်မှာ မနေ့က ပြုလုပ်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်အွန်လိုင်းကပြုလုပ်တဲ့ အခမ်းအနားမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအတွက် မြေပြင်မှာ လှုပ်ရှားနေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေကို တိုက်ရိုက်ပံံ့ပိုးဖို့လိုနေကြောင်း အိမ်ဖြူတော်အခမ်းအနားကို အွန်လိုင်းကနေ တက်ရောက်ခဲ့တဲ့ မြန်မာ့အမျိုးသမီးရေးလှုပ်ရှားနေသူ မဝေဝေနုကပြောပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။


၂၀၂၂ခုနှစ် နိုင်ငံတကာအမျိုးသမီးများနေ့ကို အမေရိကန်သမ္မတအိမ်ဖြူတော်မှာ အင်္ဂါနေ့က အွန်လိုင်းကနေ ပြုလုပ်ခဲ့ပါတယ်။ ကျားမ တန်းတူညီမျှမှုကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ကြိုးပမ်းအားထုတ်နေပေမယ့် အခုချိန်ထိ အပြည့်အဝမရသေးသလို အခြားနိုင်ငံတွေမှာလည်း အောင်မြင်မှုမရသေးဘူးလို့ ဥရောပကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ရဲ့ ဗွီဒီယို အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

"ကမ္ဘာတဝှမ်းရှိ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့ ကျနော်တို့ ကြိုးပမ်းအားထုတ်မှုတွေကို နှစ်ဆတိုး လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ နိုင်ငံတကာမှာ ကျားမတန်းတူညီမျှမှုကို မြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုတွေကို ပံ့ပိုးနိုင်ရေး နိုင်ငံခြားအကူအညီအစီအစဉ်တွေအတွက် ခန့်မှန်းခြေဘတ်ဂျက် ဒေါ်လာ ၂.၆ ဘီလီယံကို သမ္မတ ဘိုင်ဒင် အဆိုပြုထားချက်အပေါ်မှာ ကျနော် စိတ်လှုပ်ရှားမိပါတယ်။ ဒါဟာ မနှစ်ကအစီအစဉ်နဲ့ နှိုင်းယှဉ်ရင် နှစ်ဆပိုများပါတယ်။"

ဒါအပြင် အိမ်ဖြူတော်က ကျင်းပတဲ့ နိုင်ငံတကာအမျိုးသမီးများနေ့အခမ်းအနားမှာ ရုရှားရဲ့ကျူးကျော်စစ်အတွင်း ယူကရိန်းအမျိုးသမီးတွေဟာ ကဏ္ဍပေါင်းစုံကနေ ပါဝင်တိုက်ပွဲဝင်နေမှုကို USAID အကြီးအကဲ Samantha Power က အခုလိုပြောကြားခဲ့ပါတယ်။

“ကျူးကျော်မှုဟာ ယူကရိန်းပြည်သူတွေရဲ့ အဆုံးအဖြတ်ကိုထုတ်ဖော်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ယူကရိန်းနိုင်ငံမှာ ဆန္ဒပြပွဲတွေကို ဦးဆောင်နေတဲ့ အမျိုးသမီးတွေ ကို ကျမတို့ အားလုံး မြင်နေရပါတယ်။"


အခုလို နိုင်ငံတကာအသိုင်းအဝိုင်းအတွက်အရေးကြီးဆုံးဖြစ်နေတဲ့ ယူကရိန်း ရုရှားအရေးကြောင့် မြန်မာအမျိုးသမီးလှုပ်ရှားမှုတွေမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိတ်ဝင်စားမှု လျော့ပါးမသွားအောင် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အိမ်ဖြူတော်အခမ်းအနားကို အွန်လိုင်းကနေ တက်ရောက်ခဲ့တဲ့ မြန်မာ့အမျိုးသမီးအရေး နိုင်ငံတကာမှာ ဦးဆောင်လှုပ်ရှားနေတဲ့ မဝေဝေနုက ဗွီအိုအေကိုပြောပါတယ်။

"ကမ္ဘာမှာ ပြဿနာတွေက တခုပြီးတခုပေါ်တယ်။ ကျမတို့နိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာဖဂန်အရေးပေါ်တယ်။ မြန်မာ့အရေးနောက်ဆုတ်သွားတယ်။ အခု ယူကရိန်းပြဿနာပေါ်တယ်။ မြန်မာ့အရေးကို လူတွေက မေ့မေ့ပျောက်ပျောက်ဖြစ်တယ်။ မြန်မာပြည်ကလူတွေရဲ့ ခံစားရမှုတွေ၊ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေက မှေးမှိန်သလိုနဲ့ နောက်ကို ရောက်ရောက်သွားတယ်။ အဲဒီလိုမဖြစ်ဖို့အတွက် ကျမတို့မှာ လုပ်ဆောင်ရမယ့် တာဝန်တွေအများကြီးရှိပါတယ်။ ပြောဆိုနေဖို့လည်းလိုပါတယ်။ ဒါကြောင့် ကျမစကားပြောခွင့်ရတဲ့အချိန်မှာ ယူကရိန်းကို ထည့်သွင်းပြောခဲ့ပါတယ်။ ယူကရိန်းဟာ အရေးကြီးသလို ကျမတို့ မြန်မာနိုင်ငံကိစ္စဟာလည်း အရေးကြီးနေတယ်ဆိုတဲ့ သဘောမျိုး သက်ရောက်အောင် ထည့်သွင်းပြောကြားခဲ့ပါတယ်။"

အင်ကြင်းနိုင်။ ။ နိုင်ငံခြားရေးဝန်ကြီး Blinken ကနေ နိုင်ငံတကာ အမျိုးသမီးအရေးလှုပ်ရှားမှုတွေအတွက် သမ္မတဘိုင်ဒန်ကနေ ထောက်ပံ့မှုတွေကို ဒေါ်လာဘီလီယံနဲ့ချီ လျာထားတယ်လို့ ပြောသွားပါတယ်။ အဲတော့ မြန်မာအမျိုးသမီးတွေနဲ့ပတ်သက်လို့ ဘယ်ကဏ္ဍတွေမှာ ပိုပြီး ထောက်ပံ့ဖို့ လိုအပ်တယ်လို့ မြင်ပါသလဲ။

မဝေေ၀နု။ ။ ကျမတို့ ဖိတ်ကြားခံရတဲ့အချိန်မှာ သမ္မတဘိုင်ဒန် အစိုးရကနေ ဒေါ်လာ ၂.၆ ဘီလီယံလောက်ကို ကျား၊မ တန်းတူညီမျှရေး၊ အမျိုးသမီးတွေ အဆင့်အတန်း ဖွံဖြိုးတိုးတက်ရေးအတွက် ခွဲဝေလိမ့်မယ်လို့ ကျမတို့ မသိထားဘူးပေါ့နော်။ ဒါပေမယ့် ကျမရဲ့ မိန့်ခွန်းကို ရေးတဲ့အခါမှာ အရေးပါတဲ့အချက်တွေကို ထောက်ပြဆွေးနွေးဖြစ်ပါတယ်။ အဲဒီထဲမှာဆိုရင် အမျိုးသမီးတွေကို တိုက်ရိုက်ထောက်ပံ့ဖို့၊ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ ဒေသန္တရ အဖွဲ့အစည်းတွေကို တိုက်ရိုက်ထောက်ပံ့ဖို့ ဆိုတဲ့ အချက်ပါပါတယ်။ ဘာကြောင့်လည်းဆိုရင် အောက်ခြေမှာ လူမှုအသိုင်းအဝိုင်းနဲ့ တိုက်ရိုက်ထိတွေ့လုပ်ကိုင်နေတဲ့ ဒီအဖွဲ့အစည်းတွေဟာဆိုရင် ကိုယ့်ရဲ့အသိုင်းအဝိုင်းတွေကို ဘယ်လို တိုးတက်အောင်လုပ်ရမလဲဆိုတဲ့အပိုင်းကို သေချာသိကြပါတယ်။ အခုလက်ရှိမှာလည်း ဒီအဖွဲ့အစည်းတွေဟာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီနေတာတွေအများကြီးရှိပါတယ်။"

အမေရိကန်သမ္မတ အိမ်ဖြူတော်က အွန်လိုင်းကနေကျင်းပတဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားကို မြန်မာအပါအဝင် ယူကရိန်း၊ ဂျော်ဒန်၊ ဘရားဇီးလ်၊ ဇင်ဘာဘွေနဲ့ အမေရိကန်ပြည်ထောင်စုက ကဏ္ဍအသီးသီးမှာ ဦးဆောင်နေတဲ့ လူငယ်အမျိုးသမီးခေါင်းဆောင်ခြောက်ဦးကို ဖိတ်ခေါ်ခဲ့ပါတယ်။

အမေရိကန်သမ္မတော်ကတော် Jill Biden ကလည်း နိုင်ငံတကာအမျိုးသမီးများနေ့အတွက် ထုတ်ပြန်တဲ့ သူ့ရဲ့ကြေညာချက်မှာ- တရားမျှတမှုနဲ့ အပြောင်းအလဲတွေအတွက် ကမ္ဘာတဝှမ်းတိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတွေကို စစ်သည်တော်တွေအဖြစ် တင်စား ဂုဏ်ပြု ကျေးဇူးတင်ရှိကြောင်း ဖေါ်ပြထားပါတယ်။

===================

















XS
SM
MD
LG