သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော်ဝင်းထဲ ကျူးကျော်သူရဲ့ယာဉ်ပေါ် လက်နက်နဲ့ကျည်ဆံတွေမိ


ပြီးခဲ့တဲ့ သောကြာညပိုင်းတုန်းက အမေရိကန်သမ္မတအိမ်ဖြူတော် ခြံဝင်းကို ကျော်ဝင်ခဲ့သူရဲ့ကားအတွင်းမှာ ကျည်ဆံတွေ၊ ဓါးတွေ တွေ့ရတယ်လို့ ဝါရှင်တန်ဒီစီက ဖယ်ဒရယ်အစိုးရရှေ့နေက ပြောပါတယ်။ သူဟာ ဓါးငယ်တလက်ကိုင်ပြီး သောကြာနေ့တုန်းက သမ္မတအိမ်ဖြူတော်ခြံဝင်းကို ကျော်ဝင်ပြီး အိမ်ဖြူတော်အဆောက်အဦးထဲ ဝင်ရောက်ဖို့ ကြိုးစားရင်း အဝင်ဝမှာ ဖမ်းဆီးခံခဲ့ရတာပါ။

အိမ်ဖြူတော်ခြံဝင်း ကျော်ဝင်သူ Omar Gonzalez ဟာ အမေရိကန် စစ်ပြန်တဦးဖြစ်ပြီး သူ့ကို တရားရုံးတင်ဖို့ အစိုးရရှေ့နေက ပြင်ဆင် ဆောင်ရွက်နေပါတယ်။

အသက် ၄၂ နှစ်အရွယ် Gonzalez ကို ဇူလိုင်လအတွင်းတုန်းကလည်း အိမ်ဖြူတော် လုံခြုံရေးကနေ ဖမ်းခဲ့ဖူးတယ်လို့ အစိုးရရှေ့နေ David Mudd က ပြောပါတယ်။ အဲဒီတုန်းကတော့ သူဟာ အိမ်ဖြူတော်အနားတဝိုက် သွားလာနေစဉ် ဖမ်းခံခဲ့ရတာဖြစ်ပြီး အဲဒီတုန်းက သူ့ဆီက အသံတိတ် ရိုင်ဖယ်တလက်နဲ့ အိမ်ဖြူတော်အဆောက်အဦးမြေပုံတွေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း သူ့ကို အိမ်ဖြူတော်အနား လမ်းလျှောက်နေစဉ် ဖမ်းခဲ့ဖူးပြီး အဲဒီတုန်းက ဓါးတလက် တွေ့ခဲ့တယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။ အခုလို အဖြစ်အပျက်ဖြစ်ပြီး အိမ်ဖြူတော်လုံခြုံရေးဆိုင်ရာ အားနည်းမှုနဲ့ပတ်သက်လို့တော့ သမ္မတအိုဘားမားအနေနဲ့ အတော်လေး စိုးရိမ်မကင်းဖြစ်ပုံရတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူက ပြောပါတယ်။ ဒါပေမယ့်လည်း သမ္မတအိုဘားမားအနေနဲ့ တနင်္လာနေ့ သတင်းထောက်တွေနဲ့ တွေ့စဉ်မှာတော့ လုံခြုံရေးအထူးတပ်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG