သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးဟောင်း Gates ဝေဖန်မှု အိမ်ဖြူတော်တုံ့ပြန်


အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း Robert Gates က သမ္မတ၊ ဒုသမ္မတနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ဘဝင်မကျစရာ သူ့ရဲ့အမြင်တွေကို သူရေးသားတဲ့စာအုပ်ထဲမှာ ထည့်သွင်း ရေးသားခဲ့တာကို
တွေ့ရပါတယ်။ အခုလို ရေးသားချက်ကို သမ္မတအိမ်ဖြူတော်ကလည်း တုံ့ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်း က တင်ပြထားပါတယ်။

“Duty: Memoirs of a Secretary at War” ဆိုတဲ့ တာဝန် ကာကွယ်ရေးဝန်ကြီးတစ်ဦးရဲ့ စစ်အတွင်း ပြန်ပြောင်း သတိရစရာတွေလို့ အဓိပ္ပါယ်ရတဲ့ သူ့ရဲ့စာအုပ်သစ်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း Robert Gates က သမ္မတ အိုဘားမားဟာ အာဖဂန်နစ္စတန်မှာ စစ်တပ်တိုးချဖို့ သူ့အစိုးရရဲ့ဗျူဟာကို သမ္မတကိုယ်တိုင်က သံသယရှိခဲ့တာ တွေ့ရတယ်လို့ ရေးသားဖော်ပြထားပါတယ်။

Robert Gates ဟာ အရင် သမ္မတ George W Bush လက်ထက်မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ၂ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ သူ့ကို သမ္မတ အိုဘားမားက ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်ခန့်အပ်ခဲ့ပြီး ၂၀၁၁ ခုနှစ် သူ အနားယူသွားတဲ့အခါမှာ Leon Panetta နဲ့ အစားထိုး ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဟောင်း Gates ရဲ့ အခုလို ဝေဖန်ရေးသားချက်တွေကို အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Jay Carney က ဗုဒ္ဓဟူးနေ့က တုံ့ပြန်လိုက်ပါတယ်။ ယှဉ်ပြိုင်ဘက်ပါတီ အဖွဲ့ဝင်တစ်ဦးကို ခန့်အပ်ခြင်းအားဖြင့် အမြင်အမျိုးမျိုးရှိပြီး၊ ပိုကောင်းမွန်ပြီး ထက်မြက်တဲ့ အာဖဂန်ဆိုင်ရာ ပေါ်လစီကို အကောင်အထည်ဖော်ရာမှာ အသုံးဝင်လိမ့်မယ်လို့ သမ္မတအနေနဲ့ မျှော်လင့်ကြောင်း Jay Carney က အခုလို ပြောပါတယ်။

“ပြိုင်ဘက်အသင်းကလူကို ရွေးမယ်ဆိုရင် ရွေးရမယ့်အကြောင်းက အမြင်အမျိုးမျိုးရှိမယ်ဆိုတာကို မျှော်လင့်လို့ဖြစ်ပါတယ်။ ဒီအတိုင်းပါပဲ သမ္မတဟာ နိုင်ငံခြားရေးပေါ်လစီနဲ့ ပြည်တွင်းရေးပေါ်လစီမှာ အမြင်ကွဲပြားတာမျိုးကို တွေ့ကြုံရတာဖြစ်ပါတယ်။ ဒီအတွက်လည်း သမ္မတဟာ ကျေးဇူးတင်နေပါတယ်။”

ကာကွယ်ရေးဝန်ကြီးဟောင်း Gates က ဒုသမ္မတ Joe Biden ကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ အဓိကကျတဲ့ နိုင်ငံခြားရေးပေါ်လစီ အားလုံးမှန်သမျှ လွန်ခဲ့တဲ့နှစ် ၄၀ အတွင်း အမျိုးသားလုံခြုံရေးကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဒုသမ္မတ Biden ရဲ့အမြင်တွေဟာ မှားယွင်းတယ်လို့ ပြင်းပြင်းထန်ထန် ပြောကြားသွား တာဖြစ်ပါတယ်။

အိမ်ဖြူတော်ကတော့ ဒါကို လက်မခံ ပယ်ချလိုက်ပြီး သမ္မတအနေနဲ့ ဒုသမ္မတ Joe Biden ထံက အဖိုးတန်တဲ့ အကြံဉာဏ်တွေကို နေ့စဉ်နဲ့အမျှ ခံယူတာဖြစ်တယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကိုတော့ ထက်မြက်ပြီး အားကိုးရတဲ့ လုပ်ဖော်ကိုင်ဖက်တဦးအဖြစ် အရင်ကအတိုင်းပဲ ချီးကျူးလိုက်ပါတယ်။


“နိုင်ငံခြားရေးဝန်ကြီး Clinton ကိုလည်း သူ့ရဲ့ ပျူငှာတဲ့ ပြောဆိုမှုနဲ့ သူ့ရဲ့ ထူးချွန်တဲ့ ခေါင်းဆောင်မှုအတွက် ကျနော် ကျေးဇူးတင်ပါတယ်။”

ဒါပေမဲ့လို့လည်း Gates က Clinton နဲ့ သမ္မတတို့က ၂၀၀၇ ခုနှစ် အီရတ်မှာ စစ်တပ်တိုးချတာကို သူတို့သဘောမတူရတဲ့အကြောင်းဟာ
နိုင်ငံရေးကြောင့်ဖြစ်တယ်လို့ ဝန်ခံခဲ့တာကို သူ ကြားလိုက်ရတဲ့အတွက် သိပ်ကို အံ့အားသင့်မိတယ်လို့ ထောက်ပြခဲ့ပါတယ်။ အကဲခတ်ပုဂ္ဂိုလ်တွေကတော့ ဒီလိုမျိုး စွပ်စွဲချက်တွေ ထွက်ပေါ်လာတဲ့အတွက်ကြောင့် ၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် Hillary Clinton အတွက် အနှုတ်လက္ခဏာဆောင်နိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။
XS
SM
MD
LG