သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကပ်ရောဂါ အဆုံးသတ်မယ့်အချိန် မခန့်မှန်းနိုင်သေး (WHO အကြီးအကဲ)


WHO အကြီးအကဲ Tedros Adhanom Ghebreyesus
WHO အကြီးအကဲ Tedros Adhanom Ghebreyesus

ကိုဗစ် ၁၉ ရောဂါဟာအနာဂတ်မှာလည်းရှိနေဦးမှာဖြစ်တဲ့အတွက် ဒီရောဂါနဲ့အတူ ဘယ်လိုနေ ထိုင်မလဲဆိုတာကိုလေ့လာသင်ယူကြရလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO အကြီးအကဲ Tedros Ghebreyesus က တနင်္လာနေ့မှာပြုလုပ်တဲ့ အဖွဲ့ကြီးရဲ့ အမှုဆောင်အစည်းအဝေးဖွင့်ပွဲမှာ သတိပေးလိုက်ပါတယ်။ VOA သတင်း ထောက် Lisa Schlein ဂျီနီဗာကနေ သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော်က ပြောပြပေးမှာပါ။

လွန်ခဲ့တဲ့ ၂ နှစ်က WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကိုဗစ် ၁၉ ဟာ ကမ္ဘာလုံး ဆိုင်ရာအများပြည်သူကျန်းမာရေးအတွက်အန္တရယ်ဖြစ်တယ်လို့ကြေငြာခဲ့ပါတယ်။ အဲဒီအချိန် တုန်းက ကူးဆက်ခံရသူအရေအတွက်ဟာ ၁၀၀ မပြည့်သေးသလို၊ တရုတ်ပြည်ပြင်ပမှာသေဆုံး သူတဦးတယောက်မျှမရှိသေးပါဘူး။ အခုတော့ တကမ္ဘာလုံးကူးဆက်ခံရသူ သန်း ၃၅၀ ကျော်သွားသလို၊ သေဆုံးသူဟာလည်း ၅ ဒဿမ ၅ သန်းကျော်သွားပြီဖြစ်ပါတယ်။

ဒီကပ်ရောဂါကြီးဘယ်တော့ပြီးဆုံးမယ်ဆိုတာ ကြိုတင်သိဖို့ခက်ပါတယ်၊ ဒါပေမယ့်ဒီ ကိုရိုနာဗိုင်းရပ်စ်ပိုးလှည်လည် ကူးဆက်နေတဲ့အတွက်၊ ခန့်မှန်းရခက်ပြီး အန္တာရယ်ရှိတဲ့ မျိုးကွဲသစ်တွေဆက်ပြီးပေါ်နေဦးမှာပါလို့ WHO အကြီးအကဲ Tedros ကပြော ပါတယ်။

“Omicron ဗိုင်းရပ်စ်မျိုးကွဲဟာ နောက်ဆုံးဖြစ်လိမ့်မယ်လို့ ခန့်မှန်းပြောဆိုဖို့ရာမဖြစ်နိုင် သလိုကျနော်တို့ဟာနောက်ဆုံးအဆုံးသတ်နိုင်တော့မယ့်အနေအထားမျိုးလို့လည်းပြောဖို့မဖြစ်နိုင်ပါဘူး။ တကယ်တမ်းအခြေအနေကဆန့်ကျင်ဘက်ဖြစ်ပါတယ်၊ အခြေအနေ ကတကမ္ဘာလုံးမှာ မျိုးကွဲသစ်တွေထပ်ပေါ်လာဦးမယ့် အနေအထားပါ။”

နိုင်ငံတွေအနေနဲ့ ဒီကပ်ရောဂါဆိုးကြီးကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ လေ့လာသင်ယူရပါမယ်။ ရရှိလာတဲ့ အတွေ့အကြုံဗဟုသုတတွေကိုအသုံးပြုပြီး နောက်ထပ်ပေါ်လာမယ့် ကပ်ရောဂါဆိုးကြီးအတွက်ပြင်ဆင်ရပါမယ်လို့လည်း WHO အကြီးအကဲကပြောဆိုခဲ့ပါတယ်။

ကိုဗစ် ၁၉ ကိုတုန့်ပြန်ဆောင်ရွက်ရာမှာ နိုင်ငံတွေအားလုံးကရှိသမျှမဟာဗျူတွေနဲ့ ရနိုင်သမျှပစ္စည်းကရိယာတွေကိုအသုံးပြုပြီး ဝိုင်းဝန်းလုပ်ဆောင်မယ်ဆိုရင်၊ ဒီကပ်ရော ဂါဆိုးကြီးရဲ့ အဆိုးဆုံးအထူးဆိုးရိမ်စရာအဆင့်ကိုကျော်လွန်သွားအောင်လုပ်နိုင်မှာပါ။ ဒီလိုဖြစ်နိုင်ဖို့ဆိုရာမှာ ကာကွယ်ဆေး၊ ကုသမှုနဲ့လိုအပ်တဲ့ပစ္စည်းကရိယာတွေကို နိုင်ငံအားလုံး၊ ဆင်းရဲချမ်းသာမခွဲဘဲ၊ အတူတကွသာတူညီမျှစွာ ရရှိနိုင်မှသာ ဖြစ်နိုင်မှာပါ လို့ WHO အကြီးအကဲ Tedros ကပြောဆိုပါတယ်။

“ကာကွယ်ဆေးတမျိုးထဲနဲ့တော့ ဒီကပ်ရောဂါကြီးကနေလွတ်မြောက်နိုင်တဲ့နည်းလမ်း မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီနှစ်အလယ်ပိုင်းလောက်မှာ နိုင်ငံတိုင်းမှာရှိတဲ့ လူဦးရေရဲ့ ၇၀ ရာနှုန်းလောက်ကို ကိုဗစ်ကာကွယ်ဆေးအပြီးထိုးနိုင်ဖို့ ဝိုင်းဝန်းမျှဝေမသုံး စွဲဘဲနဲ့တော့ ဒီကပ်ရောဂါကြီးကနေလွတ်မြောက်နိုင်မှာဟုတ်ပါဘူး။”

ပြီးခဲ့တဲ့နှစ်ထဲတုန်းက ချမှတ်ခဲ့တဲ့ နိုင်ငံတိုင်းမှာလူဦးရေရဲ့ ၄၀% ကို ကိုဗစ်ကာကွယ် ဆေးအပြီးထိုးဖို့ဆိုတာကို နိုင်ငံပေါင်း ၈၆ နိုင်ငံက ပြည့်မီအောင်မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

ကိုဗစ်ကာကွယ်ဆေးရှိတဲ့ နိုင်ငံတွေနဲ့မရှိတဲ့နိုင်ငံတွေအကြား ကွာဟနေမှုကို ညီမျှလာ အောင်ပေါင်းကူးမပေးနိုင်ဘဲနဲ့တော့ ဒီကပ်ရောဂါဆိုးကြီးရဲ့ အရေးပေါ်အခြေအနေကို အဆုံးသတ်နိုင်မှာမဟုတ်ဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အကြီးအကဲ Tedros Ghebreyesus ကပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


====================











XS
SM
MD
LG