သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇီကာရောဂါပိုးကြောင့် ဦးနှောက် ချို့ယွင်းမှု လူထု ကျန်းမာရေး အရေးပေါ် အခြေအနေ WHO ကြေညာ


ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ကလေးငယ်များ။
ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ကလေးငယ်များ။

WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ဇီကာကူးစက်ရောဂါပိုးနဲ့ ဆက်စပ်ပြီး ဖြစ်ပွားနိုင် မယ့် အလားအလာရှိတဲ့ Microcephaly ခေါ် ဦးနှောက်သေး၊ ခေါင်းသေးရောဂါနဲ့ ဦးနှောက်အာရုံ ချို့ယွင်းမှုတွေဟာ ကမ္ဘာလုံးဆိုင်ရာ လူထုကျန်းမာရေး အရေးပေါ် အခြေအနေဖြစ်တယ် လို့ ကြေညာလိုက်ပါတယ်။

၂၀၁၃ ခုနှစ်က အနောက်အာဖရိကတိုက်မှာဖြစ်သွားတဲ့ လူသေစေလောက်တဲ့ အီဘိုလာရောဂါနဲ့ ပတ်သက်လို့ တုန့်ပြန်ဆောင်ရွက် မှုတွေ နှောင့်နှေးခဲ့တဲ့ အပေါ် ကုလသမဂ္ဂ အေဂျင်စီက ပြင်းပြင်း ထန်ထန်ဝေဖန် မှုတွေ နဲ့ ကြုံခဲ့ရတာပါ။ ဒီတခါမှာတော့ ခြင်က တဆင့်ဖြစ်ပါွးတဲ့ ရောဂါ အတွက် အထူးတလည် တုန့်ပြန်ဆောင်ရွက်နေကြပါတယ်။

ဇီကာဟာ နိုင်ငံတကာမှာရှိတဲ့ အများပြည်သူတွေရဲ့ ကျန်းမာရေးကို စိုးရိမ်မှုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဖြစ်တယ်လို့ ဂျနီဗာမြို့မှာ သုတေသီတွေ၊ ကျန်းမာရေးဆိုင်ရာ အရှိတွေနဲ့ ပြုလုပ်တဲ့ အထူးစည်းဝေးပွဲအပြီးမှာ WHO က အဲဒီလို ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ခရီးသွားလာခွင့်နဲ့ ကုန်သွယ်ရေး ဆိုင်ရာတွေ ကန့်သတ်မှု ပြုလုပ်ဖို့အတွက်တော့ ထည့်သွင်း ပြောဆိုခြင်း မရှိပါဘူး။

ဒီဗိုင်းရပ်စ်ကြောင့် ကလေးငယ်တွေမှာ အာရုံကြောဆိုင်ရာ ချို့ယွင်းမှုတွေ ဖြစ်ပေါ်စေ တယ် လို့ WHO က ဟောကိန်းထုတ်ထားပြီး အမေရိကတိုက် အတွင်း အခုနှစ် အတွင်း ကလေးငယ် ၄ သန်းလောက်အထိ ကူးစက်မှု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဇီကာဗိုင်းရပ်စ်ကြောင့် မွေးဖွားလာတဲ့ ကလေးငယ်တွေမှာ ဦးနှောက်သေး ၊ ခေါင်းသေးရောဂါ နဲ့ ဦးနှောက် အာရုံချို့ယွင်းမှုတွေ ဖြစ်စေတယ်ဆိုတဲ့ ခိုင်မာတဲ့ ဆက်နွယ်မှုတော့ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် မကြာသေးခင်က ဘရာဇီးနိုင်ငံမှာ ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ဒီဗိုင်းရပ်စ်ပိုးနဲ့ ဦးနှောက် ထိခိုက်မှု ဆက်နွယ်မှု ရှိကောင်း ရှိနိုင်တယ်ဆိုတဲ့အချက်ကိုတော့ မျက်ကွယ်ပြုထား လို့ မရဘူးလို့ ဆိုပါတယ်။

ဇီကာဗိုင်းရပ်စ်ပိုးရဲ့ အန္တရာယ် ရှိနေတာကြောင့် ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၆ ခုနှစ် နွေရာသီ အိုလံပစ်ပွဲတော်ကို ကိုယ်ဝန်ဆောင်မိခင်တွေ မလာသင့်ဘူးလို့ သမ္မတ Dilma Rousseff ရဲ့ ဝန်ထမ်းအရာရှိချုပ်က တနင်္လာနေ့မှာ ပြောပါတယ်။

အောက်တိုဘာလကစပြီး ဘရာဇီးနိုင်ငံမှာ ဦးနှောက်သေး၊ ခေါင်းသေးရောဂါနဲ့ ဦးနှောက် အာရုံချို့ယွင်းမှုရောဂါ ဖြစ်ပွားတယ်လို့ မသင်္ကာရတဲ့ ဖြစ်ရပ်ပေါင်း ၄,၀၀၀ နီးပါး ရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်တုန်းကတော့ အလားတူ အခြေအနေမျိုး ၁၅၀ သာ ရှိခဲ့ပါတယ်။

WHO ညွန်ကြားရေးမှူးချုပ် ဒေါက်တာ Margaret Chen က ခြင်ပါက်ဖွားမှု ထိန်းချုပ်ရေး မှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ဖို့အပြင် ဇီကာ ကူးစက်ရောဂါ စမ်းသပ် စစ်ဆေးနည်းတွေကိုလည်း အလျင်အမြန် တီထွင်ကြဖို့ တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

XS
SM
MD
LG